Saturday, October 16, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၅)

ည ၉ နာရီအချိန်လောက်တွင် ကျနော့်ကို စစ်သား ၅ ယောက်၊ ၃ ရစ်နဲ့စစ်သားက ဦးဆောင်ပြီး လာခေါ်ထုတ်သွားသည်။ ခေါင်းမူးနေသည်။ ကျနော် လမ်းလျှောက်၍မကောင်းပါ။ ညသည် မှောင်နေသည်။

ဒီနေ့ အောက်တိုဘာ ၃ ရက်၊ သီတင်းကျွတ်လဆန်းကလည်း ၃ ရက်နေ့၊ မှောင်မိုက်သော်လည်း ကောင်းကင်မှာ ကြယ်တွေအချို့ လင်းနေသည်။ ကျနော် ကောင်းကင်ကို တချက်မော့ကြည့်သည်။

ဒါဟာ ငါ့အတွက် နောက်ဆုံးအချိန်လား၊ ကျနော် ရုန်းကန်ချင်ပါသေးသည်။ ကျနော့်မှာ အားမာန် ရှိနေပါသေးသည်။ သို့သော် ကျနော့်ရုပ်ခန္ဓာကိုယ်က မဟန်နိုင်တော့ပါ။ ကျနော့် ဘာလုပ်သင့်သလဲ။ ကျနော် စဉ်းစားကြည့်သည်။ စဉ်းစား၍ အဖြေမပေါ်ပါ။ အခြေအနေကို ကျနော် ဖန်တီးဖို့ ကြိုးစားပြန်သည်။

“ကျနော် သေးပေါက်ချင်တယ်”

“သေးပေါက်ချင်ရင် လမ်းပေါ်မှာပဲ ထိုင်ပေါက်၊ လမ်းဘေးကို မဆင်းနဲ့”

၃ ရစ်နဲ့စစ်သားက အမိန့်ပေးသည်။ ကျနော် လမ်းပေါ်မှာပဲ ထိုင်၍ပေါက်သည်။ အမှန်က ကျနော် သေးပေါက်ချင်သည် မဟုတ်ပါ။ အချိန်အနည်းငယ် ယူချင်သည်။ ရသည့်အချိန်ကလေးတွင် မှန်မှန်ကန်ကန် စဉ်းစားပြီး ဆုံးဖြတ်ချက်တခုကို ချရန်ဖြစ်သည်။ ကျနော် လမ်းပင်ကောင်းကောင်း မလျှောက်နိုင်ပါ။ ကျနော့်ဘဝသည် ရန်သူလက်ထဲ၊ ကံကြမ္မာလက်ထဲသို့ ဝကွက်ရတော့မည့်အခြေသို့ ရောက်လာသည်။

၃ ရစ်နှင့်စစ်သားက ကျနော့်ကိုထခိုင်းပြီး ဆက်လျှောက်ခိုင်းသည်။ မီးလင်းနေသော အဆောက်အဦတခုထဲသို့ ခေါ်လာသည်။ အခန်းတခုထဲသို့ ဝင်ခိုင်းသည်။ ယူနီဖောင်းနှင့် စစ်ဗိုလ် ၂ ဦး၊ ၃ ဦး အခန်းထဲတွင် ရှိနေသည်။ ရေးတွင် ကျနော့်ကို စစ်ခဲ့သော တပ်ရင်းထောက်လှမ်းရေးအရာရှိ ဗိုလ်ကြည်ဝင်းလည်း ရှိနေသည်။ ဒုဗိုလ်မှူးအဆင့် တပ်ထားသော တပ်ရင်းမှူးလုပ်သူက စမေးသည်။

“မင်းတကိုယ်လုံး သွေးတွေချည်းပါလား၊ ဘာဖြစ်လို့လဲ”

“ဝိုင်းရိုက်ကြလို့ သွေးတွေပေကုန်တာ”

“ဘာဖြစ်လို့ ဝိုင်းရိုက်တာလဲ”

“သေနတ်လုလို့ ဝိုင်းရိုက်တာ ထင်တာပဲ”

“ဘာဖြစ်လို့ သေနတ်လုရတာလဲ”

“ကျနော်ဟာ သေလူပဲ၊ ကျနော်လွတ်မြောက်ဖို့အတွက် ရုန်းကန်ရမှာပဲ”

“မင်းကို မသတ်ချင်လို့ ဒီအထိခေါ်လာတာပေါ့ကွ၊ သတ်ချင်ရင် တောထဲမှာကတည်းက သတ်ပစ်လိုက်မှာပေါ့”

အမှန်က သူတို့သဘောကောင်း၍ ခေါ်လာခြင်းမဟုတ်ပါ။ ကျနော် ဘာကောင်မှန်း အသေအချာမသိ၍ ခေါ်လာခြင်းသာ ဖြစ်သည်။

တပ်ရင်းမှူးလုပ်သူက ဆက်မေးပြန်သည်။

“ကဲ… အချိန်သိပ်မရှိဘူးကွာ၊ မင်းတို့ ဘာလို့ထွက်ပြေးသလဲ ပြောစမ်း”

ကျနော် အတိုချုံး၍ ပြောပြသည်။ သူက ဆက်မေးပြန်သည်။

“ဘယ်သူတွေပါလဲ”

“ဖထီးမန်းအောင်ကြည်နဲ့ ဦးအောင်ငွေ”

“သူတို့ဘယ်မှာနေသလဲ”

“ဖထီးမန်းအောင်ကြည်က ဝါးခယ်မ၊ ဦးအောင်ငွေက မုန်း က”

ဤတွင် တပ်ရင်းမှူးက ဗိုလ်ကြည်ဝင်းမျက်နှာကို ကြည့်လိုက်ပြီး …

“ဗိုလ်ကြည်ဝင်း၊ အောင်ငွေက မုန်းကလို့ ပြောတယ်ကွ၊ မင်းအမျိုးများဖြစ်နေမလား”

ဗိုလ်ကြည်ဝင်းမျက်နှာကို ကွက်ခနဲကြည့်လိုက်ရာ ဗိုလ်ကြည်ဝင်းမှာ မျက်နှာတချက်ပျက်သွားသည်။ သူ ချက်ချင်း သတိထားလိုက်သည်။

ဆက်လက်ဖော်ပြပါမည်။


No comments: