နိုဝင်ဘာ ၇ ရက် မှာပြုလုပ်မယ့် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ သူ မဲပေးမှာမဟုတ်ဘူးလို့ နေအိမ်ကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။
သူမရဲ့ရှေ့နေအဖွဲ့နဲ့ ဒီနေ့တွေ့ဆုံခွင့်ရစဉ် အခုလိုပြောလိုက်တာလို့ ရှေ့နေ ဦးဉာဏ်ဝင်းက သတင်းထောက်တွေကို ရှင်းပြပါတယ်။
နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့တဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်တဲ့ ဦးကြည်ဝင်းကလည်း ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲပေးလို့ မရဘူးလို့ ဆိုပါတယ်။
“ထောင်ဒဏ်ကျခံနေရသူ ဆိုတဲ့ စကားရပ်ပါတယ်။ အဲဒီ စကားရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုထားတာက တရားရုံး တရုံးရုံးက ပြစ်မှုနဲ့ ပတ်သက်ပြီးတော့ ထောင်ဒဏ် အပြစ်ကို ပေးလိုက်သောသူ ဖြစ်သည် ဆိုပြီးတော့က ဒါ ရှင်းနေတဲ့ အဓိပ္ပာယ်ပဲ။ ဆက်ပြီးတော့ကာ အဲဒီ အမိန့်ကို မကျေနပ်လို့ အယူခံ ဝင်ရောက်ထားသူလည်း ပါဝင်သည် ဆိုတော့ကာ အဲဒါကျတော့ ဒေါ်အောင်ဆန်းစုကြည် ပိုပြီးတော့ အကျုံးဝင်ရောဗျ။ အဲဒီအတိုင်းဆိုရင် သူ မဲပေးပိုင်ခွင့် မရှိဘူး” ဟုဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က သူ ဦးဆောင်တဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ဆုံးဖြတ်ထားပြီးဖြစ်တဲ့အတွက် တကယ်လို့ သူ့မှာ မဲပေးခွင့်ရှိတဲ့တိုင်အောင် မဲပေးစရာပါတီမရှိဘူးလို့ ရှေ့နေတွေကို ပြောဆိုကြောင်း သိရပါတယ်။
No comments:
Post a Comment