Sunday, September 19, 2010

NLD ကို နအဖ ခြိမ်းခြောက်

စက်တင်ဘာလ ၁၈ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမှာပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲ။
(Photo : Getty Images)

ရွေးကောက်ပွဲမှာ မဲမပေးဘဲ သပိတ်မှောက်ဖို့ စည်းရုံးလှုံ့ဆော်တာဟာ လက်ရှိ ရွေးကောက်ပွဲဥပဒေအရ ပြစ်မှုမြောက်ပြီး ထောင်ဒဏ် ငွေဒဏ်နှစ်ရပ်စလုံးနဲ့ အရေးယူ အပြစ်ပေးလို့ရတယ်လို့ စက်တင်ဘာလ ၁၈ ရက်နေ့ထုတ် နအဖ စစ်အစိုးရရဲ့ သတင်းစာ ဆောင်းပါးတပုဒ်မှာ NLD ကို ခြိမ်းခြောက် ရေးသားထားပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးတာ မဲမပေးတာဟာ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေး ဆိုပြီး ပြဌာန်းထားပေမယ်လို့ ရွေးကောက်ပွဲမှာ မဲမပေးဖို့ စည်းရုံး လှုံ့ဆော်မယ်ဆိုရင် မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေး လွတ်လပ်စွာ သုံးစွဲလို့ မရအောင် မလျော်သြဇာသုံးပြီး ဆောင်ရွက်တာဖြစ်တယ်လို့ ဆောင်းပါးက ဆိုပါတယ်။

အဲဒီလို ခြိမ်းခြောက် ရေးသားတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက …

“ကျနော်တို့ပြောတာတော့ ညီတယ်ဗျ။ သူပြောချင်တဲ့ စကားလုံးကို ကျနော်တို့ လုံးဝ မပြောဘူး။ ကျနော်တို့ ပြောတာက မဲပေးနိုင်တယ်၊ မဲမပေးလည်း နေနိုင်တယ်။ boycott လုပ်တာ ကျနော်တို့ ကိုယ့်လူနဲ့ကိုယ် လုပ်တာ၊ ကိုယ့် ထောက်ခံသူတွေနဲ့ ကိုယ် လုပ်တာ။ ဘာဥပဒေမှ ချိုးဖောက်တာ မရှိဘူး” လို့ ဗွီအိုအေ သတင်းဌာနကို ပြောပါတယ်။

ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသလို၊ မဲမပေးဘဲ နေနိုင်ခွင့်ရှိတယ်လို့ သူနဲ့တွေ့ဆုံခဲ့တဲ့ ဦးဉာဏ်ဝင်းကတဆင့် လူထုကို သတင်းစကား ပါးခဲ့ပါတယ်။

အဲဒီနောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ နယ်များကို သွားပြီး ရွေးကောက်ပွဲသပိတ်မှောက်ရေး အစီအစဉ်တွေကို လှုပ်ရှားဆောင်ရွက် နေစဉ် နအဖ သတင်းစာတွေက အခုလို ခြိမ်းခြောက် ရေးသားတာ ဖြစ်ပါတယ်။

No comments: