Saturday, September 11, 2010

စစ်အာဏာရှင်တို့ နေဝင်ချိန် (၃)

ဒီလို ပီနိုရှေးကို လုပ်ကြံဖို့အထိ ကြိုးစားကြမှုက စစ်အစိုးကို အထိတ်တလန့် ဖြစ်သွားအောင် လုပ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အစိုးရဘက်က ဖိနှိပ်မှုတွေက တကျော့ပြန်လာပါတယ်။ ဒီတော့ အတိုက်အခံတို့ လှုပ်ရှားမှုတွေ ပြန်ငြိမ်ခဲ့ရသလို အတိုက်အခံတို့ကြားမှာလဲ ဘယ်လိုဗျူဟာနဲ့သွားရင် ကောင်းမလဲ ဆိုတဲ့ ငြင်းခုံမှုတွေက ဖြစ်လာပါတော့တယ်။

ဒီနေရာမှာ စစ်အစိုးရကလုပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၈၈ မှာ လုပ်မယ့် လူထုဆန္ဒခံယူပွဲတခု ရှိနေပါတယ်။

အဲဒါကတော့ ၁၉၉၀ မှာ အရပ်သားအစိုးရပြောင်းရင် စစ်အစိုးရက အဆိုပြုတဲ့ သမ္မတလောင်းကို လက်ခံမခံ အဲဒီလူထုဆန္ဒခံယူပွဲမှာ လူထုက မဲဆန္ဒပေးရမှာ ဖြစ်ပါတယ်။ လက်ခံရင် အဲဒီသမ္မတက နောက်ထပ် ၈ နှစ် အာဏာယူသွားနိုင်မှာ ဖြစ်ပါတယ်။

စစ်အစိုးရက အဆိုပြုလာမယ့် သမ္မတလောင်းဆိုတာကလည်း အရှင်းကြီးပါ။ မစ္စတာ ပီနိုရှေးဖြစ်လာမှာပေါ့လေ။ အဲတော့ အတိုက်အခံတွေဘက်က ချီလီနိုင်ငံရေးသမိုင်းမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ရွေးရမယ့်လမ်းဆုံကို ရောက်လာပါတယ်။

ဒီဖွဲ့စည်းပုံအခြေခံရှိနေတယ်ဆိုတာကို အသိအမှတ်ပြုပြီးတော့ ဒီဆန္ဒခံယူပွဲမှာ ဝင်ပြီးတော့ တိုက်ပွဲဆင်မလား၊ ဒါက တခု။ ဒါမှမဟုတ်ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လုံးဝ အသိအမှတ်မပြုဘဲ လုံးဝပြတ်သွားအောင် တိုက်ပွဲ ဆင်မလား။ ဒီ ၂ လမ်းထဲက တလမ်းကိုရွေးရဖို့ ဖြစ်လာပါတယ်။

ဒီနေရာမှာ အတိုက်အခံအားလုံးနီးပါးက ဆန္ဒခံယူပွဲမှာဝင်ပြီးတော့ တိုက်ပွဲဆင်မယ် ဆိုတဲ့လမ်းကြောင်းကို ရွေးလိုက်ပါတော့တယ်။

ဒီတော့ အတိုက်အခံတွေက ပြည်သူတွေကို လာမယ့် ၁၉၈၈ လူထုဆန္ဒခံယူပွဲမှာ မဲသွားထည့်ကြ၊ လက်မခံဘူး ဆိုတဲ့ မဲကိုထည့် စသည်ဖြင့် NO Campaign လုပ်ကြပါတယ်။ အတိုက်အခံပါတီ ၁၇ ခုကို ပေါင်းနိုင်ပြီးတော့ ကွန်စာတာဆီရွန် (Concertacion) ဆိုတဲ့ တပ်ပေါင်းစုကို ဖွဲ့နိုင်ကြပါတယ်။

မြို့တော် စင်ဒီရေဂိုမှာ အခြေစိုက်တဲ့ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးဆိုင်ရာ သုံးသပ်သူ မစ္စတာ ဖီလီပီ အောကာရိုက အဲဒီတုန်းက နှစ်ဖက်အခြေအနေတွေကို သူက အခုလို သုံးသပ်ပြပါတယ်။

“အဲဒီမှာ အတိုက်အခံတို့ဘက်က ဘယ်လမ်းကိုရွေးမလဲဆိုတာ ဖြစ်လာပါတယ်။ အစပိုင်းမှာ သူတို့ရွေးခဲ့တာက စစ်အစိုးရကိုဖယ်ချပြီး အသွင်ကူးပြောင်းရေး အစိုးရ လုပ်ဖို့ ကြိုးစားတဲ့လမ်းပါ။ ဒီနည်းလမ်းက မအောင်မြင်ခဲ့ပါဘူး။ ဘာလို့လည်း ဆိုတော့ ဒီစစ်အုပ်စုကို ဒီလိုလမ်းကိုသုံးပြီး ဖယ်နိုင်ဖို့ သူတို့မှာ အားမရှိပါဘူး။

နောက်ပြီး စစ်တပ် ခေါင်းဆောင်တွေကလည်း သူတို့ကို ဒီနည်းနဲ့လုပ်လာရင် လက်မခံဘူးဆိုတဲ့အပေါ်မှာ တသွေးတည်း တသားတည်း ညီညွတ်ကြတယ်။ ဒီတော့ အတိုက်အခံတွေအနေနဲ့ နည်းလမ်းပြောင်းဖို့ စဉ်းစားရတယ်။ ဖွဲ့စည်းပုံက အတုအယောင်ကြီး၊ ဒါပေမယ့် အဲဒီဖွဲ့စည်းပုံအရပဲ ပီနိုးရှေးကို နောက်ထပ် ၈ နှစ် လက်ခံမခံ လူထုဆန္ဒခံယူပွဲလုပ်ဖို့ရှိတယ်။

အဲဒီတော့ အဲဒီ ဖွဲ့စည်းပုံရှိနေတာကို အသိအမှတ်ပြုထားလိုက်၊ လူထုဆန္ဒခံယူပွဲ လုပ်ရင် ပီနိုရှေးကို လက်မခံအောင် လှုံ့ဆော်ကြမယ်ဆိုတဲ့လမ်းကို ရွေးလိုက်ကြတယ်။ သူတို့ အဲဒီလူထုဆန္ဒခံယူပွဲမှာ နိုင်တယ်။ သူတို့အပေါ်စီးက ရလာတယ်”

လူထုဆန္ဒခံယူပွဲကို ဝင်ပြီးတော့တိုက်ကြမယ်ဆိုတဲ့ တိုက်ပွဲလမ်းကြောင်းရွေးခဲ့ပုံက နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ စစ်အစိုးရတို့ သူတို့ဘက်က နိုင်မယ်လို့မှတ်ယူခဲ့တဲ့ ပွဲမှာ အတိုက်အခံတွေဘက်က နိုင်ခဲ့ပါတယ်။

ဒီနေရာမှာ အတိုက်အခံတို့က အောင်ပွဲအရှိန်နဲ့ ဖွဲ့စည်ပုံအခြေခံဥပဒေပြင်ရေးကို ဆက်တိုက်တောင်းဆို ခဲ့ပါတော့တယ်။ အဲဒီတော့ အခြေအနေတွေက စစ်အစိုးရ ရွေးပေးတဲ့ ကိုယ်စားလှယ်တွေရယ်၊ စစ်အစိုးရအဖွဲ့ကို ထောက်ခံအားပေးနေတဲ့ လက်ယာပါတီက ကိုယ်စားလှယ်တွေရယ်၊ အတိုက်အခံ ကွန်စာတာဆီရွန် (Concertacion) မဟာမိတ်အဖွဲ့က ရွေးပေးလိုက်တဲ့ ကိုယ်စားလှယ်တွေရယ် ဆွေးနွေးမှုတွေ စလာပါတော့တယ်။ ဖိအားတွေကြားက စစ်အစိုးရ ဖြစ်လာနေပါပြီ။

ဆက်လက်ဖော်ပြပါမယ်။


No comments: