Thursday, September 9, 2010

ဆံ့သလောက်ဖြည့် (စောဝေ)

‘အရှက်တကာအရှက်ထဲမှာ
သူများတွေကိုရှက်ရတာထက်
ကိုယ့်ကိုယ်ကိုယ်အရှက်ရတာအခက်ဆုံး’ တဲ့
ငြိမ်းအေးအိမ်ကပြောတယ်။

‘မနက်ဖြန်ဒီမိုကရေစီ အင်အားအတွက်
ဒီညကိုယ်တိုင် အဖြေထုတ်ရမယ်
ကျွန်တော်ဘုရားကိုယုံကြည်တာက
အမြဲတမ်းအပြောင်းအလွဲပဲ’ တဲ့
အိုဘားမားကပြောတယ်။

‘ဘယ်ဟာမဆို တိုးတက်ချင်တယ်ဆိုရင်
လွတ်လပ်ဖို့လိုတယ်
လွတ်လပ်မှဖန်တီးနိုင်မယ်
ဖန်တီးနိုင်မှ လူ့အသိုင်းအဝိုင်းက ဘယ်အရာမဆို
တိုးတက်မယ်လို့ ယုံကြည်တယ်’ တဲ့
ဆရာမောင်မိုးသူကပြောတယ်။

ဖတ်မှတ်လေ့လာသမျှ ပြောဆိုကြားနာရသည်မှ
လွယ်လွယ်နဲ့လည်းဖျက်မရ ထပ်ထည့်ဖို့လည်းကျပ်
ကျပ်တော့ တော်တော်ကျပ်နေပြီ
ကိုယ့်ကိုယ်ပိုင်စာရင်းကိုယ်ပြန်ကြည့်တော့
အဖတ်တင်တာလည်းဘာမှမရှိ
ဇနီးနန်းစန်းစန်းအေးက
‘နှုတ်ခမ်းလေးမဲ့ပြီး ဟင်းဟင်းဟင်းနဲ့
ခက်(စ်)တော့ခက်(စ်)နေပြီ’ လို့ အပြောခံရ။

ဒီမိုးဒီလေ ဒီလူတွေနဲ့
သေသေချာချာလေးပြန်တွေးကြည့်တော့
မှတ်ဉာဏ်သေတာထဲ
ဟုတ်(စ်)တော့လည်းဟုတ်(စ်)နေကြတာပဲ။

ဘာလိုချင်တာလဲလို့
ခတ်ဆတ်ဆက်လေး ခဏခဏအမြဲမေး
‘အမှန်တရား’ ပါ ‘တကယ့်ကိုအမှန်တရား’ပါ
ဘယ်ဘက်မှ မလိုက်ဘဲ ဖြေရလွယ်လိုက်တာ
ဘဝကတော့ခါးသက်လို့
အမှန်တရားကခါးမှခါး
ကြိုက်(စ်)တော့ကြိုက်(စ်)နေမိသား။ ။


လျှပ်တပြက် ဂျာနယ် အတွဲ ၃ အမှတ် ၁ … မှ


No comments: