Tuesday, July 20, 2010

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အနာဂတ် (၁၃)

ဒီနေရာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လိုရွေးသလဲဆိုတာ ပြန်ရှင်းပြချင်ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုပြီး လွှတ်တော် ၂ ရပ်ရှိပါတယ်။

ပြည်သူ့လွှတ်တော်မှာ မြို့နယ် ဒါမှမဟုတ် လူဦးရေအလိုက် ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ် ၃၃၀ နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကရွေးတဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ပါပါတယ်။

အမျိုးသားလွှတ်တော်မှာတော့ တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုက ပြည်သူတွေ ရွေးကောက်ထားတဲ့ ကိုယ်စားလှယ် ၁၆၈ ဦးနဲ့ တိုင်းနဲ့ပြည်နယ် တခုစီမှာ ၄ ဦးကျစီနဲ့ ကာကွယ်ရေးဦးစီးချုပ်ကရွေးတဲ့ တပ်မတော်သား ၅၆ ဦး ပါဝင်ပါတယ်။

အားလုံးခြုံကြည့်ရင် ပြည်ထောင်စု လွှတ်တော်မှာ ပြည်သူကရွေးတဲ့ ကိုယ်စားလှယ် ၇၅ % ၊ ကာကွယ်ရေး ဦးစီးချုပ်ကရွေးတဲ့ တပ်မတော်သား ၂၅ % ပါဝင်နေတာ ဖြစ်ပါတယ်။

တနည်းပြောရရင် ကာကွယ်ရေးဦးစီးချုပ်က သဘောတူမှသာ အဲဒီတပ်မတော်သား ၂၅ % ရဲ့ မဲတွေကိုရမှာ ဖြစ်တဲ့အတွက် အခြေခံဥပဒေကိုပြင်ဖို့ ခက်တယ်လို့ ပြောနေကြတာ ဖြစ်ပါတယ်။ ဒီတော့ အခြေခံဥပဒေက ဘယ်လိုပြဋ္ဌာန်းချက်တွေ ကို ပြင်ဆင်ဖို့ခက်အောင် လုပ်ထားပါသလဲ။

နိုင်ငံတော်အခြေခံမူနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်အားလုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ပြဋ္ဌာန်းချက်အားလုံး၊ သမ္မတရွေးချယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေ၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်အားလုံး၊ အခြေခံဥပဒေ ပြင်ဆင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေ စတာတွေကို စောစောကပြောခဲ့သလို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ % က ထောက်ခံမှုရပြီးတဲ့နောက် လူထုဆန္ဒခံယူပွဲ ကျင်းပရမယ်၊ အဲဒီလူထုဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ တဝက်ကျော် ထောက်ခံမှုရမှသာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ အဲဒါတွေထဲက အဓိကကျတဲ့ ပြဋ္ဌာန်းချက်တချို့ကို ဦးအောင်ထူးက အခုလို ဥပမာနဲ့ရှင်းပြပါတယ်။

“အခန်း ၁ မှာ နိုင်ငံတော်ရဲ့အခြေခံမူများ အခန်းတခန်းလုံး ပြင်လို့မရဘူး။ အဲဒီအထဲမှာ ဘာပါလဲဆိုတော့ တပ်မတော်က နိုင်ငံရေးဦးဆောင်မှုမှာ ပါရမယ်ဆိုတဲ့မူမျိုးက လုံးဝ ပြင်ခွင့်မရှိတော့ဘူး။

နောက်တခါ နိုင်ငံတော် အကြီးအကဲရဲ့ အရည်အချင်း သတ်မှတ်ချက်တွေ၊ ဥပမာ သမ္မတဟာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးတွေ၊ နောက်တခါ သမ္မတ ရွေးချယ်တင်မြှောက်ပုံစနစ်တွေ၊ နိုင်ငံတော်သမ္မတ လုပ်တဲ့သူကို ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ ကိုယ်စားလှယ်များထဲကဖြစ်စေ၊ ရွေးချယ် တင်မြှောက်ခြင်းမခံသူများနဲ့ဖြစ်စေ ရွေးချယ်ခွင့်ရှိတဲ့ဆိုတဲ့ ဟာမျိုးတွေကို ပြင်လို့ကို မရတော့ဘူး။

နောက် ဥပဒေပြုရေးကဏ္ဍအရပြောမယ်ဆိုရင် စစ်ဗိုလ်တွေ ၄ ပုံတပုံ ပါဝင်တဲ့ လွှတ်တော် ၂ ရပ်ဖွဲ့စည်းတဲ့ ကိစ္စတွေ၊ နောက်တခါ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာလည်း ကာကွယ်ရေးဦးစီးချုပ်ကခန့်တဲ့ စစ်ဗိုလ်တွေ ပါတဲ့ကိစ္စတွေ၊ နောက် အုပ်ချုပ်ရေးမှာလည်းပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အားကောင်းကောင်းနဲ့ ဖွဲ့စည်းထားပြီးတော့က အာဏာသိမ်းစစ်ကောင်စီတရပ်လို ဖွဲ့စည်းပုံထဲမှာ တည်ရှိ လည်ပတ်ခွင့်ပြုတဲ့ကိစ္စတွေ။

တရားစီရင်ရေးနဲ့ ပတ်သက်လာလို့ရှိရင်လည်းပဲ စစ်ဘက်ဆိုင်ရာတရားရုံးဆိုတဲ့ ကမ္ဘာမှာ ဘယ်တိုင်းပြည်မှာမှ မရှိတဲ့ တရားရုံးချုပ်တွေ ဖွဲ့စည်းထားတဲ့ကိစ္စတွေ ဒီလို ကျောရိုးပေါ့ဗျာ၊ စစ်အာဏာရှင်စနစ်ကြီးတရပ်လုံးကို ခိုင်ခိုင်မြဲမြဲ အသက်ရှင်စေမယ့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍ ၃ ရပ်စလုံးကို ထိန်းချုပ်ထားတဲ့ ကျောရိုးကြီး တခုလုံးကို မပြင်ဆင်စေချင်လို့ ဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်”

နောက်တခါ အဓိကကျတဲ့ အရေးပေါ်ကာလပြဋ္ဌာန်းချက်နဲ့ပတ်သက်လို့ ဦးအောင်ထူးကပဲ အခုလို ဆက်ရှင်းပြပါတယ်။

“အရေးပေါ်ပြဋ္ဌာန်းချက်အောက်မှာ အဓိက အာဏာအရှိဆုံးက အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖြစ်တယ်၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို ကမ္ဘာမှာ ဘယ်ဖွဲ့စည်းပုံမှာမှမရှိဘဲနဲ့ အုပ်ချုပ်ရေးအထဲမှာ အတိအကျ ထည့်သွင်း ပြဋ္ဌာန်းထားတယ်။

အဲတော့ အဲဒီ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ သာမန်ကာလမှာ အာဏာသိမ်းစစ်ကောင်စီအဖြစ်နဲ့ နောက်ကွယ်မှာရပ်တည်နေပြီးတော့ အရေးပေါ်ကာလလည်းရောက်ရော ရှေ့တန်းကို လုံးဝ ထွက်ရပ်တည်သွားမယ်။ သူ့မှာ ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်တိုးပေးနိုင်တယ်၊ ခန့်ထားနိုင်တယ်၊ ဖြုတ်နိုင်တယ်၊ တာဝန်က ရုတ်သိမ်းနိုင်တယ်။

အဲဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေက အလုပ်မလုပ်တဲ့အခါမျိုး အတိအကျ ပြောရလို့ရှိရင် လွှတ်တော်တွေတောင် မရှိတော့တဲ့အခါမျိုးမှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ တိုင်းပြည်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာကြီး ၃ ရပ်ကို ဆက်လက်ကျင့်သုံးသွားမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေကို အရေးပေါ် အခန်းမှာ အတိအကျ ထည့်သွင်းပြဋ္ဌာန်း ထားတယ်။ ဒါကြောင့် ဒီပြဋ္ဌာန်းချက်တွေကို လုံးဝ ပြင်ခွင့်မပေးတော့ဘူး လို့ ဆိုလိုခြင်းဖြစ်ပါတယ်”

ဆက်လက်ဖော်ပြပါမယ်။


No comments: