“ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေး မပါဝင်ရေး၊ တပ်မတော်ကနေပြီးတော့ တပ်မတော်ကိုယ်စားလှယ် ၂၅% ကို ပါဝင်ရေး မပါဝင်ရေး အဲဒီလို အငြင်းပွားနေမယ့်အစား ကျနော်တို့ ရှေ့ဆက်ပြီးတော့ ဆင့်ကဲဆင့်ကဲ ပြောင်းလဲလို့ရတဲ့ အခြေအနေတခုအပေါ်မှာ ဒီဖွဲ့စည်းပုံကို ထောက်ခံလိုက်မယ်၊ ထောက်ခံပြီး ဒီမိုကရေစီစံတွေ တိုးသထက်တိုးလာအောင် ဆက်လက်ပြီးတော့ ကြိုးစားလုပ်ဆောင်သွားလို့ရှိရင် ဖြစ်နိုင်တယ်လို့ ကျနော်တို့က သုံးသပ်တယ်”
မြန်မာနိုင်ငံကို ဒီမိုကရေစီ အပြည့်အဝကျင့်သုံးတဲ့၊ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာတဲ့ နိုင်ငံတော်အဖြစ် ပေါ်ထွန်းလာနိုင်ရေးအတွက် အခု နအဖ အစိုးရရေးဆွဲထားတဲ့ အခြေခံဥပဒေကို လက်ခံသင့်တယ်၊ ပြီးမှ တဖြည်းဖြည်း ပြောင်းလဲယူမယ်၊ အခု ရသလောက်ယူထားသင့်တယ်ဆိုတဲ့ အယူအဆကို လက်ခံသူတဦးက ဘီဘီစီက အပတ်စဉ်ပြုလုပ်တဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ်မှာ ပြောတာကို ကြားခဲ့ကြရတာပါ။
အဲဒီအယူအဆကို လက်ခံကြသူတွေရှိသလို၊ တဖြည်းဖြည်းပြင်ယူမယ်ဆိုတဲ့ အယူအဆဟာ စိတ်ကူးယဉ်တာပဲလို့ မြင်ကြသူတွေလည်း ရှိပါတယ်။
“ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့၊ သူကိုကြည့်မယ်ဆိုလို့ရှိရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရဲ့ အမြင့်ဆုံးအာဏာပိုင် ဖြစ်နေတယ်။ ဆိုတော့ ဒီလို အာဏာရှင်ဆန်တဲ့ အစိုးရ စနစ်တခုအောက်မှာ ဖွဲ့စည်းပုံတခုကို ပြန်ပြင်ဖို့ဆိုရင် စဉ်းစားတယ်ဆိုလို့ရှိရင် စိတ်ကူးယဉ်တဲ့ စဉ်းစားမှုမျိုးဖြစ်လိမ့်မယ်၊ တကယ့် ပြည်သူလူထုတရပ်လုံးရဲ့ အနာဂတ်ဘဝတွေအတွက် ဒီလိုစိတ်ကူးယဉ်တဲ့ စဉ်းစားချက်တွေနဲ့ ကံကိုယုံပြီး ဆူးပုံနင်းဖို့တော့ မစဉ်းစားသင့်ဘူးပေါ့၊ ဒါ ကျမ အမြင်ဖြစ်ပါတယ်”
ပြည်ပအခြေစိုက် ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ မိဆူးပွင့်ရဲ့အမြင်ဖြစ်ပါတယ်။ ဒီတော့ နအဖရဲ့ဖွဲ့စည်းပုံဟာ တဖြည်းဖြည်း ပြင်ဆင်သွားနိုင်မယ့် အလားအလာ ဘယ်လောက်ရှိပါသလဲ။ အနာဂတ် ဒီမိုကရေစီနိုင်ငံအဖြစ် တဆင့်ပြီးတဆင့် ပြောင်းလဲသွားနိုင်အောင် ရည်ရွယ်ရေးဆွဲထားတာလား။ ဆန်းစစ်ကြည့်ကြပါစို့။
“နအဖ အစိုးရ ပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုမှ လွယ်လွယ်ကူကူနဲ့ ပြင်လို့မရအောင် သူတို့ အမျိုးမျိုးပြင်ဆင်ထားတာကို တွေ့ရပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေဥပဒေနဲ့ ကာကွယ်ပြဋ္ဌာန်းဖို့ အတွက် ပြင်ဆင်တဲ့နေရာမှာ နည်းမျိုးစုံသုံးတာတွေ့ရပါတယ်။ အဲလိုသုံးတဲ့နေရာမှာ နံပတ် ၁ အနေနဲ့ ဥပဒေပြုခဲ့တဲ့အပိုင်းကို ကြည့်ဖို့လိုပါတယ်။
အဲဒီဥပပြုအာဏာမှာ အထက်လွှတ်တော်မှာရော၊ သူတို့ပြောတာ အမျိုးသားလွှတ်တော်ပေါ့နော်၊ ပြီးတော့ ပြည်သူ့လွှတ်တော်မှာရော၊ ပြီးတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးရဲ့ လွှတ်တော်တွေမှာရော၊ ၂၅ % နှုန်းက အားလုံးနေရာယူထားပြီးသား ဖြစ်ပါတယ်။ အဲလို အားလုံးနေရာယူထားပြီးတဲ့အပြင်ကို အုပ်ချုပ်ရေးဘက်မှာ ကြည့်လိုက်လို့ရင်လည်းပဲ သူတို့က အုပ်ချုပ်ရေးအာဏာအားလုံးကို စစ်တပ်ရဲ့လွှမ်းမိုးမှုအောက်မှာ ကြိုတင်ပြင်ဆင်ထားတာကို တွေ့ရပါတယ်။
ဥပမာ သမ္မတဆိုလို့ရှိရင် စစ်တပ်အတွေ့အကြုံရှိရမယ် ဆိုတဲ့ဟာမျိုးပါတယ်။ နိုင်ငံတော်မှာ အာဏာအရှိဆုံးအဖွဲ့ က ဘာလဲဆိုတော့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီဆိုတာဖြစ်ပါတယ်။ အဲဒီကောင်စီကို အာဏာသိမ်းခွင့်ပါ ပေးထားပါတယ်။ ဆိုတော့ အာဏာသိမ်းခွင့်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးထားတယ် ဆိုကတည်းက သူတို့စိတ်တိုင်းကျမဟုတ်ဘဲနဲ့ ဘာမှလုပ်လို့မရဘူးဆိုတာ တွေ့ရပါတယ်။ တရားဥပဒေပိုင်းမှာလည်း အဲဒီအတိုင်းပဲ သူတို့ လွှမ်းမိုးထားတာ တွေ့ပါတယ်”
နအဖ အစိုးရဦးဆောင်ပြီးရေးဆွဲထားတဲ့ အခြေခံဥပဒေကို အသေအချာလေ့လာထားတဲ့ ENC ခေါ် တိုင်းရင်းသား လူမျိုးများကောင်စီ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဆလိုင်းလျှံမှုန်းကတော့ ကြားခဲ့ရသလို ဒီဖွဲ့စည်းပုံဟာ စစ်အာဏာရှင်စနစ် အရှည်တည်တံ့ရေးကို ကာကွယ်ရေးဆွဲထားတာလို့ ဆိုပါတယ်။
ဒါဆိုရင် တဖြည်းဖြည်းပြင်ဆင်ယူမယ် ဆိုတဲ့ အယူအဆဟာ မှားတယ်ဆိုတဲ့သဘောလား။ ပြည်ပအခြေစိုက် BLC မြန်မာနိုင်ငံရှေ့နေများကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းပါ ပြင်ဆင်ခြင်းကဏ္ဍကို ထောက်ပြပြီး အခုလို ရှင်းပါတယ်။
“အဲဒီအယူအဆက လုံးဝမှားပါတယ်။ ဘာကြောင့်မှားလည်းလို့ ပြောမယ်ဆိုရင် နအဖ လက်ရှိအဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ မှာ ဖွဲ့စည်းပုံပြင်ဆင်ခြင်းနဲ့ပတ်သက်လို့ပြောထားတဲ့နေရာမှာ အပိုင်း ၂ ပိုင်းရှိတယ်။ ပုဒ်မ ၄၃၆ (က) က အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကျောရိုးလို့ ပြောရမယ့် ပြဋ္ဌာန်းချက်တွေ ဖြစ်တယ်။
အဲဒီပြဋ္ဌာန်းချက်တွေကို ပြင်တဲ့နေရာမှာ အင်မတန် ခက်အောင်လုပ်ထားတယ်။ အဆင့် ၂ ဆင့်ရှိတယ်။ တဆင့်က ဘာလဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ % ကျော်က ပြင်ဆင်ဖို့သဘောတူရမယ်လို့ ပြောတယ်။ ဒါကြောင့် ဘယ်တိုင်းပြည်မှာမဆို ၇၅ % ရအောင်လုပ်ဖို့တောင်မှ အမတ်တွေကို စုစည်းဖို့ရာ အင်မတန် ခက်တယ်။ ဘယ်ဆုံးဖြတ်ချက်မဆို ၇၅ % ဆိုတာ တော်တော့်ကိုခက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ၇၅ % ကျော်ရမယ်လို့ ပြောတယ်။ ဘယ်လိုနည်းနဲ့မှ မကျော်နိုင်ဘူးလို့ ပြောလို့ရတယ်။
ဘာကြောင့်လည်းဆိုတော့ ကျန်တဲ့ ၂၅ % က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ဒါကြောင့် ဒီ ၂၅ % ထဲကလည်း တယောက်တလေမှတောင်မှ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်အာဏာကို လွန်ဆန်ပြီးတော့ ဖွဲ့စည်းပုံပြင်တဲ့ဘက်မှာ ပါနိုင်စရာ အကြောင်းမရှိဘူး။ အဲဒါအပြင်မပြီးသေးဘူး၊ လူထုဆန္ဒခံယူပွဲမှာ ချပြဦးမယ်။ အဲတော့ မဲပေးပိုင်ခွင့်ရှိသူက အားလုံးရဲ့ ထက်ဝက်ကျော်က ဆန္ဒမဲ ပေးရအုံးမယ်။
ဒီပြဋ္ဌာန်းချက်တွေအားလုံးကတော့ လုံးဝကို ပြင်ခွင့်မပေးတော့ဘူးလို့ ရှင်းရှင်းလင်းလင်း ရေးလိုက်တာကမှ တိုင်းပြည်အတွက် ငွေကြေးမကုန်ကျဘဲနဲ့ သက်သာဦးမယ်လို့ ကျနော်ပြောချင်တယ်”
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment