Friday, July 16, 2010

ဗမာဝတ္ထုတိုရေး စာရေးဆရာများကို ဂုဏ်ပြုခြင်း (မောင်သာရ)

လွန်ခဲ့တဲ့ မျိုးဆက်ခေတ်တခေတ် အနှစ် ၃၀ ဝန်းကျင်က ကျုပ်တို့တိုင်းပြည် စာပေဥယျာဉ်မှာ ထူးချွန်ပြောင်မြောက်တဲ့ စာရေးဆရာကလေးတွေ အမြောက်အများ ပေါက်ဖွားလာခဲ့ဖူးတယ်။ ၁၉၈၀ ခုနှစ်တွေတုန်းကပေါ့။

ကျုပ် မှတ်မိသမျှ ပြောရရင် … တင်မောင်သန်း၊ ဝင်းဝင်းလတ်၊ လူမျိုးနော်၊ ကျော်စွာထက်၊ မြနှောင်းညို၊ ဂျူး၊ ပြေ (ဆေး ၂)၊ ဂျိုဇော်၊ ကိုကို (အမရပူရ)၊ ကြည်ဇော်ဝင်း၊ မောင်သာပို၊ ညိုထွန်းလူ၊ သိုက်ထွန်းသက်၊ ညီပုလေး၊ ဆူးငှက်၊ မေမောင်၊ ဝင်းစည်သူ၊ ကိုချစ်၊ နှင်းဝေငြိမ်း၊ ဝင်းဝင်းမြင့် (နန်းတော်ရှေ့)၊ နုနုရည် (အင်းဝ)၊ စသဖြင့်ပဲ။

တယောက်နဲ့တယောက်က အလွန်ဆုံး တနှစ် နှစ်နှစ်ပဲခြားပြီး မဂ္ဂဇင်းစာမျက်နှာတွေ ပေါ်မှာ ရာသီပန်းတွေလို အလျှိုလျှို ဖူးပွင့်လန်းစွင့် လာခဲ့ကြတယ်။

ဟော … နောက်တခေတ်၊ အနှစ် ၂၀ ကျော် ၂၀၀၀ ခုနှစ်စတွေမှာလည်း စာပေလောကမှာ တတောထလာကြပြန်ပြီ။ သူတို့ကလေးတွေကိုတော့ ကျုပ်ပြည်ပမှာရောက်နေရမှ ပေါက်ဖွားလာကြတာဆိုတော့ နာမည်တွေ အကုန်မမှတ်မိဘူး။

ဒါပေမယ့် ထူးခြားချက်ပြောမလို့ပါ။ အရင် ရှေ့မျိုးဆက်ကရော၊ အခုနောက်မျိုးဆက်သစ်ကလေးတွေကရော … တယောက်မကျန် ဘဝသရုပ်ဖော်လို့ဆိုတဲ့ သရုပ်မှန်စာပေ ဝတ္ထုတို ဝတ္ထုရှည်တွေပဲ ရေးခဲ့ကြ ရေးနေကြတာ တွေ့ရတယ်။ ဗမာပြည်သူလူထုရဲ့ ဘဝအမှန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒုက္ခအဖုံဖုံနဲ့ ရင်ဆိုင်တွေ့ကြုံဖြတ်သန်းနေရတဲ့ အဖြစ်အပျက်တွေပဲ ရသမြောက်စွာ ထင်ဟပ်ဖော်ကျူးရေးဖွဲ့နေကြတယ်။

အထူးသဖြင့် ချီးမွမ်းအံသြစရာကောင်းတာက စင်ပြိုင်ထွန်းကားတွင်ကျယ်နေတဲ့ အပျော်ဖတ်စာပေတွေ၊ ပေါ်ပင် နေ့မြင် ညပျောက် စာပေတွေဘက် မျက်နှာမလှည့်ကြတာပဲ။ မှန်ပါတယ်။ နော့ … သူတို့နေ့စဉ်နဲ့အမျှ မြင် တွေ့ ကြား သိ နေကြတဲ့ ပြည်သူလူထုရဲ့ ဘဝကလည်း အခက်အခဲ အကြပ်အတည်းတွေ ချည့်ပဲကိုး။

သည်တော့ တာဝန်ကျေပွန်လိုတဲ့ ပြည်သူကိုချစ်မြတ်နိုးတဲ့ စာရေးဆရာတွေအနေနဲ့ သရုပ်ဖော်ဝတ္ထုရှည်တွေသာ ရေးဖွဲ့နေကြတာ သဘာဝကျပါတယ်။

ဒါပေမယ့်နော် … ပြောရအုံးမယ်။ တခေတ်က ကျုပ်တို့တိုင်းပြည်ကို မကြာခဏ လာရောက်လေ့လာတတ်တဲ့ အင်္ဂလန်နိုင်ငံက မြန်မာစာပါမောက္ခဆိုတဲ့ အမျိုးသမီးကြီးတယောက် ရှိတယ်။ သူ့နိုင်ငံနဲ့ သူ့လူမျိုးတွေထဲမှာ ဗမာစာ ဗမာစကားပြန့်ပွားအောင် သင်ကြားပြသပေးတာ အင်မတန် ကျေးဇူးတင်စရာ ကောင်းပါတယ်။

အဲ … ဒါပေမယ့် စောစောက ပြောခဲ့တဲ့ ကျုပ်တို့ရဲ့ ဘဝသရုပ်မှန် ဝတ္ထုတွေနဲ့ပတ်သက်လို့ သူတို့ရဲ့ထင်မြင်ချက်ကို တောင်းတဲ့အခါမှာတော့ အလွယ်တကူ မှတ်ချက်ချသွားတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရပါတယ်။ သူက သူတို့ရုပ်မြင်သံကြားတွေမှာ နေ့စဉ်ကြည့်မြင်နေရတဲ့ Soap တွေလိုပါပဲ တဲ့။

Soap ဆိုတာ အဲသည် အင်္ဂလိပ်ပါမောက္ခမကြီးရဲ့ ဧည့်ထောက်ခံ လမ်းမြဖော်လုပ်လေ့ရှိတဲ့ တက္ကသိုလ် မြန်မာစာဌာန ကထိက က အဓိပ္ပာယ်ဖွင့်ပြသလို ‘ဆပ်ပြာပူဖောင်း’ မဟုတ်ပါဘူး။ သည် Soap ဆိုတာက Soap Opera ကို အဖျားဆွတ် ခေါ်ဝေါ်သုံးစွဲတဲ့ Slang ဘန်းစကားပါ။

အင်္ဂလန် အမေရိကန် စတဲ့ အနောက်နိုင်ငံတွေက Radio တွေ၊ TV တွေမှာ နေ့စဉ်နဲ့အမျှ တင်ဆက်ပြသနေတဲ့ ဇာတ်လမ်းဇာတ်ကွက်တိုကလေးတွေကို Soap လို့ ခေါ်ကြပါတယ်။ တခန်းရပ်ပြဇာတ်လည်းမဟုတ်၊ အခန်းဆက်လည်း မဟုတ်ပါဘူး။ အိမ်တအိမ်အတွင်း၊ လူတစုအတွင်း လက်ငင်းနေ့စဉ် ကြုံတွေ့ ဖြစ်ပျက်နေကြတာကို ရယ်စရာ ရွှင်စရာ အပြောတွေနဲ့ ဇာတ်ကွက်ဖွဲ့ တင်ပြကြတာပါ။

အဓိက ရည်ရွယ်ချက်က … ပင်ပန်းနွမ်းနွယ်နေတဲ့ ပရိတ်သတ်ကို ညနေဘက်ပိုင်းမှာ စိတ်လက်ပေါ့ပါးရွှင်လန်းအောင် ဖျော်ဖြေတာသက်သက်ပါပဲ။ အမေရိကားမှာ ဆယ်စုနှစ်နဲ့ချီပြီး ပရိသတ်အကြိုက် တင်ဆက်နေနိုင်ကြတဲ့ Soap Series တွေကတော့ Sex and the city တို့၊ as the world turns တို့၊ the young and the restless တို့၊ king of queens တို့၊ two and a half men တို့၊ everybody love Raymond တို့၊ seventh heaven တို့၊ friends တို့ စသဖြင့်ပါပဲ။

အမေရိကားမှာကတော့ သည် Soap Opera တွေကိုလည်း Academy ဆုတွေ၊ Oscar ဆုတွေ ပေးပါတယ်။ တော်တော်များများ ရုပ်ရှင်သရုပ်ဆောင်တွေ သည် Soap တွေမှာ သရုပ်ဆောင်ကြရင်းနဲ့ စင်တော်က ကောက်သွားပြီး ထင်ရှား ကျော်ကြား အောင်မြင်သွားကြတာ တွေ့ရပါတယ်။

ဆိုလိုတာက ကျုပ်တို့ ဗမာဝတ္ထုတိုတွေနဲ့ ဘာမှမတူပါဘူး။ ဘယ်လိုမှလည်း နှိုင်းယှသ်လို့မရပါဘူး။ ကျုပ်တို့ ဝတ္ထုတိုတွေက ဖျော်ဖြေရေးလည်းမဟုတ်သလို ပညာပေးလည်း မဟုတ်ပါဘူး။ ကျုပ်တို့ရဲ့ဝတ္ထုတိုတွေက ရည်ရွယ်ချက်ကြီး တွေနဲ့ပါ။

စာပေလွတ်လပ်ခွင့်မရှိလို့ … နိုင်ငံရေးဦးတည်ချက်၊ လူ့အခွင့်အရေး ဖော်ဆောင်ချက် စသည်တို့သာ ရည်ရွယ်ဦးတည်မှု မပြုနိုင်ပေမယ့်၊ သည်ကနေ့ မျက်မှောက်ခေတ် ဗမာ့လူ့ဘောင်ထဲက လူ့သဘာဝ လောကသဘာဝနဲ့ လူမှုရေး၊ စီးပွားရေး ဘဝသရုပ်မှန်တွေကိုတော့ ရသမြောက်စွာ ပီပီပြင်ပြင် ထင်ဟပ်ဖော်ပြနိုင်စွမ်း ရှိကြပါတယ်။

မှတ်တမ်းတင်ရရင် … ကျုပ်တို့နိုင်ငံက ဝတ္ထုတို ဝတ္ထုရှည်ရေး စာရေးဆရာတွေ တာဝန်ကျေပွန်ကြတဲ့အတွက် ကျုပ် ဂုဏ်ပြုလိုက်ပါတယ်။

ပြည်ပရောက် ကလောင်အို
မောင်သာရ

(လွတ်လပ်သော အာရှအသံ မြန်မာပိုင်းအစီအစဉ်က ကူးယူဖော်ပြပါတယ်)


No comments: