Tuesday, July 13, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၄)

“ဖထီးမန်း ထ … ထ၊ ဖထီးမန်း ထ … ထ၊ ကမ်းခြေကို မြင်ရပြီ”

“ဦးအောင်ငွေ ထ … တော့၊ ထ … တော့၊ ကမ်းခြေကို မြင်ရပြီ”

သူတို့ ၂ ဦး လူးလဲထ၍ ကျနော်ညွှန်ပြရာသို့ စူးစူးစိုက်စိုက် ကြည့်နေကြပါသည်။ ရိပ်ခနဲ မြင်လိုက်၊ ရိပ်ခနဲ ပျောက်လိုက် သူတို့ ၂ ယောက် အသေအချာ အတော်ကြာအောင် ကြည့်နေပါသည်။

သူတို့ ၂ ယောက် ရှေ့ဆင့်နောက်ဆင့် မှတ်ချက်ချလိုက်သည်။

“ဟုတ်တယ်၊ ကမ်းခြေပဲ”

စာဖတ်သူရော ဝမ်းမသာဘူး လား၊ မျှဝေပြီး ခံစားကြည့်ပေါ့။ ကျနော်တို့ ရည်ရွယ်တဲ့အထဲမှာ ကမ်းခြေကို အရောက်သွားဖို့ပဲလေ။ ပြီးတော့မှ ရှေ့ခရီး တဆင့်ဆက်မယ် မဟုတ်လား၊ ဝမ်းသာခြင်း၊ ပျော်ရွှင်ခြင်းမှာ ဖော်မပြနိုင်ပါ၊ (အတိုင်းမသိ) ဆိုသော စကားလုံးလေးနဲ့သာ ဖော်ပြလိုက်ပါသည်။

ဤကမ်းခြေကို ဦးစွာမြင်ခဲ့ရသောမြင်ကွင်းမှာ အလွန်တရာလှပပြီး ကျနော့်အမြင်မှာ ကျက်သရေရှိလှပါသည်။ ဤမြင်ကွင်းမှာလည်း ကျနော့်ဘဝ တသက်တာတွင် ဘယ်တော့မှ ပျောက်ကွယ်သွားခြင်းရှိနိုင်မည် မဟုတ်ပါ။

ကျနော်သည် ပန်းချီဆွဲတတ်သော အတတ်ပညာနှင့် နီးစပ်သူတယောက် မဟုတ်၍သာ ဤမျှ လှပကျက်သရေရှိလှသော ဘဝမျှော်လင့်ချက် တိုက်ပွဲ၊ မျှော်လင့်ချက် ပန်းချီကားကို ရေးဆွဲ မှတ်တမ်းတင်ခြင်းကို မပြုနိုင်ခဲ့ပါ။

သို့ရာတွင် အခါအခွင့်ကြုံ၍သတိရတိုင်း ဤတိုက်ပွဲမျှော်လင့်ချက် ပန်းချီကားသည် ကျနော့်အတွေးရိပ်တွင် ရှင်းလင်းပြတ်သားစွာ ပြန်လည်ပေါ်လာမြဲဖြစ်သည်။

မနက်လင်းစ လေအေးသည် နည်းနည်းရှိသေး၍ လှေကလေးမှာ တရွေ့ရွေ့ သွားနေတုန်းပင်။ အချိန်ကြာလာသည်နှင့်အမျှ မည်းမှောင်မှောင် အရာများသည် ပိုပိုပြီးများလာသည်။ ဤကဲ့သို့ အရာများသည် အတော်များများ တွေ့လာရသည်။ မွန်းတည့်ချိန်လောက်အရောက်တွင် ဖထီးမန်းက ပြောသည်။

“မြိတ်ကျွန်းစုဘက်ကို ရောက်လာတယ်ထင်တယ်”

ဖထီးမန်းပြောတာ ဟုတ်ချင်လည်း ဟုတ်နိုင်ပါသည်။ ကျွန်းကလေးများ မြောက်များစွာ တွေ့နေရသည် မဟုတ်ပါလား?။

မိုးချုပ်ခါနီးတော့ လေကလေးက ပြန်လာပါသည်။ ရွက်တင်ပြီး တအိအိ လွှင့်ပါသည်။ မိုးစုန်းစုန်းချုပ်၍ မှောင်လာပြီ။ နေ့လည်က ကျနော်တို့မြင်ရသော ကျွန်းစုဘက်ဆီမှ လျှပ်စစ်မီးပွင့်များကို မှိတ်တုတ်မှိတ်တုတ် လှမ်း၍မြင်ရသည်။

ကျနော်တို့ ၃ ဦးစလုံးအမြင်ကတော့ မြိတ်မြို့က လျှပ်စစ်မီးပဲဖြစ်ရမယ်လို့ ထင်ကြေးပေးကြသည်။ ပထမဦးဆုံး အမျိုးမျိုး ထင်ကြေးပေးကြပါသည်။ ဤမီးကိုမြင်ရသော ဦးဆုံးညကိုလွန်မြောက်ပြီး နောက်တနေ့ ရောက်လာသည်။

ဒုတိယနေ့မြင်ကွင်းသည် ပြောင်းလဲလာပါသည်။ မနေ့က မြင်ခဲ့ရသော ကျွန်းကလေးများမှာ တကျွန်းနဲ့တကျွန်း ဆက်သွား ကြပြီး ကျွန်းများ မရှိတော့ပါ။ ဖထီးမန်းက ပြောသည်။

“မနေ့ကမြင်ရတာ ကျွန်းမဟုတ်ဘူး၊ အနိမ့်ဆုံးနေရာကို အဝေးကြီးက မြင်ရတာဆိုတော့ ကျွန်းလို့ထင်တာပေါ့၊ အခု နီးလာတော့ ပြတ်တဲ့နေရာ ဆက်သွားပြီ၊ ဒါဟာ တနင်္သာရီကမ်းခြေပဲ ဖြစ်ရမယ်”

အရှေ့ဘက်မှ နေမင်းသည် ထွက်ပေါ်လာပြီး ကမ်းခြေကိုမြင်နေရတာ သေချာပြီ။ ပင်လယ်ပြင်ဖြတ်သန်းရေး ဆိုတဲ့ အပိုင်းကတော့ အောင်မြင်သလောက် ရှိသွားပါပြီ။ လှေပေါ်တွင် အရံပစ္စည်းအဖြစ်ဆောင်ထားသော ပစ္စည်းများကို လှေပေါ့သွား အောင် စွန့်ပစ်မည်။

မီးဖိုနှင့် မီးသွေးကို ပင်လယ်ထဲ ပစ်ချလိုက်သည်။ ဤမီးဖိုမှာ ကျနော်တို့ ၂ ခါသာ ချက်စားလိုက်ပါသည်။ ရွက်တိုင်အပိုတခုလည်း ပင်လယ်ထဲသို့ ပစ်ချလိုက်သည်။ လှိုင်းရိုက်လျှင် ရေမဝင်စေရန် လှေဦးနှင့် လှေပဲ့တွင် အံဖုံးပျဉ်ပြား ရိုက်ထားပါသည်။ ၎င်းအံဖုံးပျဉ်ပြားလည်း ခွာထုတ်၍ ပင်လယ်ထဲသို့ ပစ်ချပါသည်။ အသက်ကယ် အဖြစ်ဆောင်ထားသော ဝါးလုံးများထဲမှ ၃ လုံးကိုလည်း ပစ်ချပါသည်။

ဝါးဖောင်ကို ဖြုတ်လိုက်သောအခါ

လှေကတော့ အတော်ပေါ့သွားပြီး လှေသွားနှုန်း ရွေ့လျားနှုန်းကို လှေပေါ့သည့် အတွက် ပို၍ မြန်လာမည် ဖြစ်ပါသည်။ လှေပိုပြီးပေါ့အောင်ဆိုလျှင် တခုကျန်ပါသေးသည်။ လှေ၏တဖက်တချက်တွင် တွဲချည်ထားသည့် ဝါးဖောင်ကို ဖြုတ်ချလိုက်လျှင် လှေပိုမြန်လာပါမည်။ ရာသီဥတုကို ခန့်မှန်းရသည်မှာလည်း စိတ်ချရလောက်ပါပြီ။

ဖထီးမန်းက ဖြုတ်ရင် ကောင်းမည်ဟု ပြောသည့်အတွက် ဖြုတ်ပေါ့ ဘာအကြောင်းလဲ၊ ဒါနဲ့ ဖောင်ကို ဖြုတ်ပါသည်။ ဖောင်ကိုလည်းဖြုတ်ပြီးလို့ ဖောင်က လှေနဲ့လည်းကွာသွားရော လှေက မငြိမ်ပါ။ ဘယ်ဘက်ကို နည်းနည်းစောင်းလည်း ရေက ဝေါခနဲဝင်၊ ညာဘက် စောင်းလည်း လှေကလူးပြီး ရေက ဝေါခနဲဝင်ပါသည်။ နည်းနည်းမှ လှုပ်လို့မရပါ။

လှေ၏အံဖုံးအပေါ်နားတွင် လှိုင်းရိုက်လို့ လှေပေါ်ကို ရေတွေ လွှမ်းစားလျှင် ရေတွေပြန်ကျသွားအောင် အံဖုံးအပေါ်နားတွင် ဘေးဘယ်ညာ တပေါက်စီ အပေါက် ဖောက်ထားပါသည်။ ၎င်းအပေါက်မှ လှေစောင်းတိုင်း ရေ ဝေါခနဲ ဝေါခနဲ ပြန်ဝင်ပါသည်။ ဖောင်ပြန်တပ်မှ ဖြစ်ပါမည်။ ရေထဲဆင်းဖို့ ကျနော် အင်္ကျီချွတ်တုန်း ရှိသေးသည်။ ဖထီးမန်း ရေထဲသို့ ခုန်ဆင်းလိုက်ပါသည်။ ရေထဲမှ သူက လှမ်းပြောသည်။

“ကျနော် ဖောင်ကို ပြန်ချည်မယ်၊ ခင်ဗျားအပေါ်က သေသေချာချာ စောင့်ပေးပါ။ ငါးတွေ ဘာတွေလာရင် သတိထား”

ကျနော် မှိန်းကိုကိုင်ပြီး မတ်တပ်ရပ်လျှက် ဖထီးမန်းအပေါ်နားတွင် ရပ်စောင့်ပေးပါသည်။ ဖထီးမန်း ဖောင်ကို ပြန်ချည်ဖို့ ကြိုးမရှိတော့ပါ။ စတီးကြိုးမှာ အိုနာဆစ်သင်္ဘောပျက်ကြီးမှ စတီးကြိုးကို တခေါင်းချင်း ပြန်ဖြည်ထားသည့် ကြိုးဖြစ်သည်။

ဖောင်ဖြုတ်လိုက်တော့ ဖောက်အောက်သို့ ကျသွားကုန်ပါပြီ။ စတီးကြိုးမှာ ၅ လွန်းတင်ကြိုး ဖြစ်သည်။ တချောင်းပြန် ဖြုတ်ယူတော့ တချောင်းခြင်းသည် လက်သန်းနီးပါး ရှိသည်။ လှေပေါ်တွင် အရံတချောင်း လိုအပ်လျှင်သုံးဖို့ ဆောင်လာခဲ့သေးသည်။ ဒါလည်း စောစောက ပစ်ချလိုက်သည်။

ဒါပေမယ့် တော်ပါသေးသည်။ ပစ်ချလိုက်သော သံမဏိကြိုးခွေမှာ ဖောင်စွန်းနှင့် ချိတ်မိပြီး ရေထဲသို့ ကျမသွားသေးပါ။ ဒါကိုပြန်ယူပြီး ဖောင်ကို ပြန်ချည်ရပါသည်။

ဆက်လက်ဖော်ပြပါမည်။


No comments: