နောက်တခု … ‘ အိမ်အိုတော့ ကျားကန်၊ လူအိုတော့ ပန်းပန်’ တဲ့။ သဘောက ပန်းပန်လိုက်ရင် နုပျိုသွားတယ် ဆိုတဲ့ အဓိပ္ပာယ်။ ဒါတွေက ကျုပ်တို့ ဗမာတွေ ပြောနေကျ ဆိုရိုးစကားတွေပါ။
သိတယ်နော် …။ ကျုပ်တို့ဗမာအမျိုးသမီးတွေက ပန်း အင်မတန်ကြိုက်တယ်။ ပန်းလှလှမို့တွေ့ရင် ငုံ့နမ်းလိုက်ရမှ၊ ခြေမြန်လက်မြန် ခူးပန်လိုက်ရမှ ဆိုတဲ့အမျိုး။ ကြည့်နော် …။ ဧပြီ နွေလ ပိတောက်ပွင့်ချိန်တို့၊ ဆောင်းလ ဇန်နဝါရီ သရဖီ ပွင့်ချိန်တို့များဆိုရင် … အို အမျိုးသမီးတိုင်း ခေါင်းတွေမှာ ပန်းတွေနဲ့ဝေလို့။ တွေနဲ့ … ဝေ၊ တွေနဲ့ … ဝေ။
ပိတောက် သရဖီ မပန်တဲ့ မိန်းမ မရှိဘူး။ သရဖီဆိုရင်လည်း … အပွင့်ကလေးတွေကသေးပြီး အညှာနုတော့၊ ကြိုးနဲ့သီ ပန်းကုန်းဖွဲ့ပြီး ငယ်ရင် ငယ်ထိပ်မှာ၊ ကြီးရင် ဆံထုံးဆံပတ်မှာ အခွေလိုက် ရစ်ပတ်ပန်တတ်ကြတယ်။ ဝင်းလို့ ထိန်လို့ ဝါလို့ … ဝင်ထိန်လို့ဝါ …။
တချို့အပျိုမကလေးတွေများဆိုရင် ပါးမွှေးအောင် သရဖီဝတ်မှုန်ဝါကလေးတွေကို မျက်နှာမှာ သနပ်ခါးနဲ့ရော လိမ်းခြယ်လား လိမ်းခြယ်ကြရဲ့။ ခုခေတ် တချို့အလှကြိုက် ခေတ်ရှေ့ပြေး ဖက်ရှင်မော်ဒယ်လ်မလေးတွေ မျက်နှာပြင်မှာ ငွေမင်ငွေခြည်သန်း ပက်ဖျန်းခြယ်သလိုပေါ့။
ဒါပေမယ့် သူတို့အတုယူအားကျတဲ့ သည် အမေရိကမှာကတော့ ကြီးကြီးငယ်ငယ် အဖြူ အမဲ ပဲ အပါအဝင် ဘယ်မိန်းမမှ ပန်းပန်လေ့ပန်ထ မရှိပါဘူး။ ဟာဝိုင်ယီကျွန်းသူတွေက လွဲရင်ပေါ့နော်။
ပန်းလှလှ ပန်းမွှေးမွှေး တွေ့ရလို့များ ခူးပန်လိုက်လိမ့်မယ်လို့ မထင်လေနဲ့။ လှည့်တောင် မကြည့်ဘူး။ ချစ်သူခင်သူ တစုံတယောက်က အမြတ်တနိုး ပန်းကလေးတပွင့် လာလက်ဆောင်ပေးရင်တောင် ကျေးဇူးတင်ပါတယ် ပြောပြီး ရင်ဘတ်မှာ ခဏ ကပ်ထားကောင်း ထားမယ်။ ခေါင်းပေါ်တော့ မတင်ဘူး။
နှင်းဆီလို၊ စံပယ်လို မွှေးပျံ့တယ်ဆိုတဲ့ ပန်းမျိုးတွေ လက်ထဲရောက်လာလို့ကလည်း မွှေးပျံ့မယ်မှန်းသိရက်နဲ့ ဘယ်မိန်းမကမှ မနမ်းတတ်ကြဘူး။ ဝတ်မှုန်နဲ့အတူ ပိုးမွှားဝင်မှာ၊ နှာချေမှာ၊ ရောဂါရမှာ စိုးတတ်ကြတယ်။
ဒါပေမယ့် မိန်းမသဘာဝအတိုင်း အလှအပကလည်း ကြိုက်တတ်ကြသေးတော့ … နေအိမ်ပတ်လည် ခြံဝင်းအတွင်းမှာ မြေပိုကလေးတွေရှိတဲ့ အိမ်ရှင်မတိုင်းလိုလို … ဥယျာဉ်သဖွယ် ပန်းပင်ကလေးတွေ စိုက်ထားတတ်ကြတယ်။ ပြီး အိမ်ရှေ့ခန်း၊ ဧည့်ခန်းမှာမှ မဟုတ်ဘူး။ အိပ်ခန်း၊ ထမင်းစားခန်း၊ လှေကားရင်း၊ လှေကားထိပ် ယုတ်စွအဆုံး အိမ်သာခန်းထဲအထိ ပန်းညောင်ရေအိုးကလေးတွေနဲ့လည်း အလှဆင်ထားတတ်ကြတယ်။
ဆင်းရဲချမ်းသာမရွေး အိမ်တိုင်း အိမ်တိုင်းရဲ့ဧည့်ခန်းမှာတော့ ပန်းစိုက်ဖန်ထည်ခွက်တခုနဲ့ ပန်းအလှထည့် အလှဆင်ထားတာ တွေ့ကြရမယ်။ တချို့မြို့တွေမှာဆိုရင် မြို့တော်ဝန်ခေါင်းဆောင်တဲ့ စည်ပင်သာယာအဖွဲ့က နှစ်စဉ် ဧပြီလ၊ မေလ ရောက်တိုင်း မြို့ကို လှည့်ပတ်ကြည့်၊ ဓာတ်ပုံ ဗွီဒီယိုရိုက် ဆုံးဖြတ်ပြီး … အလှဆုံး ဥယျာဉ်ပန်းမလ်စိုက်ပျိုးသူကို ဆုငွေနဲ့ ဂုဏ်ပြုလက်မှတ် ပေးတတ်တယ်။ ဒေသထုတ် စာနယ်ဇင်းတွေ၊ ရုပ်သံတွေမှာလည်း သတင်းပါတယ်။ ‘မြို့ဂုဏ်ဆောင် အလှဆင်သူ’ … ဆု တဲ့။
ကျုပ်တို့ဗမာပြည်မှာကတော့ မနက်ပိုင်းတွေလောက်ပဲ ဈေးထဲက ပန်းတန်းတွေမှာ ပန်းသည်တွေ တွေ့ရတတ်တယ်။ ပန်းဆိုတာ နွမ်းလွယ်တော့ နေမြင့်လာတာနဲ့တပြိုင်နက် အဝတ်နက်စ ရေဆွတ်အုပ်ပြီး မွန်းမတိမ်းခင် အရပ်ထဲ လှည့်ရောင်းကြရော။ ပန်းသည်တွေ မရွှေ့မပြောင်း အမြဲတမ်း ရောင်းနေတတ်တဲ့ နေရာကတော့ တန်ခိုးကြီးဘုရားတွေရဲ့ စောင်းတန်းတွေမှာပဲ။
သည် အမေရိကမှာကြတော့ အခန့်သား ပန်းရောင်းတဲ့ florist ဆိုင်တွေ ရပ်ကွက်တိုင်းက လမ်းမကြီးတိုင်းလိုလိုမှာ ရှိတယ်။ သည်ဆိုင်တွေက ပန်းစည်း၊ ပန်းခိုင်၊ ပန်းပွင့်တွေလည်း အအေးခန်းနဲ့ အသင့်ထား ရောင်းတဲ့အပြင် … လက်ထပ်ပွဲ၊ မွေးနေ့ပွဲ၊ ပါတီပွဲ စသည်တို့ကိုလည်း … ပန်းမုခ်ဝ၊ ပန်းပေါင်းမိုး၊ ပန်းခင်းလမ်း၊ ပန်းကော်ဇော၊ ပန်းမိုးရွာ စသဖြင့် အခမ်းအနား ကျင်းပရာအထိ လိုက်မွမ်းမံပြင်ဆင်ပေးတယ်။
ကျုပ်တို့အညာဒေသ မန္တလေးဘက်မှာ အလှူ မင်္ဂလာဆောင်ပွဲတွေအတွက် မဏ္ဍပ်ငှားတဲ့အခါ ပန်းဥယျာဉ်ပါ တွဲငှားသလိုမျိုးပေါ့။ ပြီး အဲသည် florist ပန်းဆိုင်တွေမှာပဲ ကြိုက်ရာ ပန်းတမျိုးမျိုးတည်းနဲ့သော်၎င်း၊ ကြာရှည်ခံရွက်လှတွေနဲ့ချည့်သော်၎င်း အထူးအော်ဒါပေးမှာရင် ပန်းခွေ အရွယ်အစားအမျိုးမျိုးနဲ့ အလှပန်းခြင်းတွေလည်း လုပ်ရောင်းပေးတယ်။
နောက် ပန်းတွေရနိုင်တဲ့တနေရာကတော့ super market ကြီးတွေမှာပဲ။ ဈေးရုံကြီးအတွင်းထဲမှာကတော့ အဆင်သင့် ပန်းအိုးထိုးဖို့အတွက် အဆင့်ဆင့်ပြင်ဆင်ထားတဲ့ ပန်းမျိုးစုံအပြင် … အိမ်အလှဆင် ကော်ပန်း၊ စက္ကူပန်း၊ ပန်းနွယ်ပန်းခက်တွေပါ ရောင်းတယ်။ ဈေးတော့ ကြီးတတ်တယ်။
အဲ … ဈေးရုံကြီးရဲ့ အပြင်ဘက်ခြမ်းမှာကတော့ … အလှပဒေသာ ပန်းဥယျာဉ်ဆိုင်ကြီးလုပ်ထားပြီး … ပန်းအိုးအရွယ်မျိုးစုံနဲ့ အိုးခွဲ မျိုးခွဲ စိုက်ထားတဲ့ ပွင့်နေဆဲ ပွင့်လုလုနဲ့ ပွင့်ဖူးစုံပါ ပန်းပင်တွေ ရောင်းတယ်။
တံစက်မြိတ်ဆွဲ ပန်းအိုးကလေးတွေနဲ့ ဇောက်ထိုးတွဲလောင်း စိုက်ထားတဲ့ သစ်ခွပန်း၊ ဂမုန်းပန်းပင်တွေလည်း ရောင်းနေတာ တွေ့ရတယ်။ ပြီး နို့ဆီဗူးအရွယ်ကစပြီး ရာဝင်စဥ့်အိုးအရွယ်နဲ့ လူ့တရပ်စာမြင့်တဲ့ ညောင်ရေအိုးကြီးအရွယ်ဝင် မြေ ကြွေပန်းအိုးအလွတ်အသစ်တွေလည်း ရောင်းတယ်။
ဒါ့အပြင် ပန်းခြံဥယျာဉ်သုံး မြေဆွေးအိတ်၊ မြေသြဇာအိတ်၊ ဓာတုဗေဒဆေးအိတ်တွေလည်း အထပ်လိုက် ရှိတယ်။ ရောင်းတယ်။ နောက်ပြီး ဥယျာဉ်ခြံမြေသုံးပဲ … ရေပိုက်၊ ရေပိုက်ခေါင်း၊ ရေပန်းခရား၊ မြေတူးမြေဆွ ကိုင်းဖြတ် ကိုင်းဆက် လက်နက်ကိရိယာ … စသဖြင့်လည်း ရောင်းတယ်။ နောက်ဆုံး ဥယျာဉ်ပန်းခြံထဲ အလှဆင် ထည့်ထားချင်ထည့်ထားလို့ရတဲ့ ရေပန်း၊ ပန်းပုကျောက်ထုရုပ်တွေတွေနဲ့ ရေတံခွန်ငယ်ကလေးတွေပါ ရောင်းဖို့ ပြထားသေးတယ်။
အဲ … နောက်ဆုံးပြောချင်တာကတော့ … ပျားက ပန်းဝတ်ရည်စုပ်ပြီး ပျားရည်လုပ်သလို … တချို့ အမေရိကန် အိမ်ရှင်မတွေက ကိုယ်ပိုင်ပန်းခြံတွေနဲ့ ပန်းပင်တွေစိုက်၊ ပွင့်လာတဲ့ပန်းတွေက ပွင့်လွှာပွင့်ချပ်တွေကို ချွေယူ၊ ကျုပ်တို့ ရှေးကဗျာများထဲကလို … ‘မီးမကူ၊ နေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ယာအောက်မှာ၊ ဘုန်းသောက်ဖို့ကို’ … ဆိုတဲ့အတိုင်း စက္ကူဖြူအသန့်တွေနဲ့ ကြားညှပ် သိမ်းဆည်း အခြောက်ခံ၊ နောက် အရက်ပျံထဲ အကြိမ်ကြိမ် စိမ်၊ နှစ် ညှစ် စစ်ပြီးတော့ အဆီထုတ်။
အဲသည်ရတဲ့အဆီကိုမှ ရေမွှေးထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီဆိုင်ခွဲတွေမှာ သွင်းကြတာလေ။ ကုမ္ပဏီတိုင်းကလည်း အဲသည် ပန်းပေါင်းဆီတွေကို ရသမျှ ဈေးကောင်းပေးပြီး ရာသီမရွေး ဝယ်တယ်။ အောင်စဝက်သာ ဆံ့တဲ့ စီးကရက်တဝက်အရွယ် ဖန်ပြွန်ပုလင်းတပုလင်းကိုပဲ ဒေါ်လာ နှစ်ရာ ပေးတယ်။
အမယ် … ပန်းလှိုင်လှိုင်ပွင့်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်က တချို့အိမ်ရှင်မတွေဆိုရင် ရေမွှေးဆီတွေ ထုတ်၊ ရေမွှေးဆီထုတ်နည်း ကျူရှင်သင်တန်းတွေ ပေးပြီး စီးပွားဖြစ်ကြလေရဲ့။
သရုပ်ဖော် - အောင်ထက်
No comments:
Post a Comment