ဒီတော့ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို လက်တွေ့မှာ ဘာမှ မဖော်ဆောင်တော့တဲ့ သဘောလား။ ပုဒ်မ ၃၆၅ အရတော့ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ ဓလေ့ထုံးတမ်းတွေကို လွတ်လပ်စွာ ပြုစုပျိုးထောင်ခွင့် ပြုထားပါတယ်။ ဒီအခွင့်အရေးအပေါ် ဦးအောင်ထူးက အခုလို သုံးသပ်ပြပါတယ်။
“စုပေါင်းအခွင့်အရေးနဲ့ပတ်သက်လာရင် ရှားရှားပါးပါး ဒီတခုပဲ ကျနော် တွေ့ရတယ်။ ဒီတခုက အဓိက စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးတမ်းတွေ နဲ့ဆိုင်တယ်။ အဲတော့ အဲဒါတွေကို ပေးထားသယောင် ရှိတယ်။ သို့သော် ပုဒ်မ ၃၆၅ ကို အသေအချာ လေ့လာကြည့်ပါ။ ဒုတိယစာကြောင်းမှာ တွေ့ရလိမ့်မယ်၊ ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ်ရမည် တဲ့။
တိုင်းရင်းသားတွေက စုပေါင်းပြီးတော့ သူတို့ရဲ့ စာပေ တိုးတက်အောင်လုပ်တာ၊ ယဉ်ကျေးမှု တိုးတက်အောင် လုပ်တာ၊ အနုပညာတွေကို တိုးတက်အောင် လုပ်တာတွေအားလုံးက အာဏာပိုင်တွေရဲ့မျက်စေ့ထဲမှာ ကြည့်လို့ မရတော့ဘူး။ သူတို့အာဏာတည်မြဲမှုကို ထိပါးတော့မယ် ယူဆရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိပါးတော့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖိနှိပ်ခံရဖို့သာရှိတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်လို့ ကျနော်တို့ ထောက်ပြချင်တယ်”
နောက်တခါ ၂၀၀၈ အခြေခံဥပဒေထဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လွှတ်တော် ၁၄ ရပ် ဖွဲ့စည်းခွင့်ပြုထားသလို ပြည်နယ်ဝန်ကြီးချုပ်တွေကိုလည်း ခန့်အပ်ထားမယ်ဆိုတဲ့ကိစ္စဟာ အရင် ဥပဒေတွေနဲ့ စာရင် ထူးခြားမှုရှိတဲ့သဘော တွေ့ရပါတယ်။ သထုံမြို့နယ် အမှတ် ၁ လွှတ်တော်အမတ် ခွန်မြင့်ထွန်းက အမျိုးသားညီလာခံကို ၃ နှစ်လောက် တက်ခဲ့ပြီး သူ့ရဲ့အမြင်ကို အခုလို ရှင်းပြပါတယ်။
“နအဖက အမည်ခံပြည်ထောင်စု နာမည်တပ်ထားတဲ့ အမည်ခံပြည်ထောင်စုကိုပဲ လုပ်ချင်တယ်။ တိုင်းရင်းသားတွေက တကယ့်ကို အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြည့်ဝတဲ့ ပြည်ထောင်စုစစ်စစ်ကို လိုချင်ပါတယ်။ ဒါ အဓိက ကွာဟချက် ဖြစ်ပါတယ်။ အဲတော့ ဒီနေ့ဖွဲ့စည်းပုံက ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းမှာ မဟုတ်ဘူး။
ဥပမာပြောရရင် ပြည်နယ် ဝန်ကြီးချုပ်ကိုခန့်အပ်တဲ့ကိစ္စမှာ တိုင်းရင်းသား အင်အားစုတွေ အပါအဝင် ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေက ပြည်နယ် ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်ကပဲ ရွေးရမယ်၊ နအဖက သမ္မတကနေပြီးတော့ ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးမယ်။ အဲဒါ အဓိက ကွာဟချက်ပဲ။ နအဖက အပေါ်ကနေပြီးတော့ ရွေးမယ်။ ကျနော်တို့က အောက်ကနေပြီးတော့ တင်မြှောက်မယ်။ အဲဒါ အဓိက ကွာဟချက် ဖြစ်ပါတယ်။ အဲတော့ ဒီမှာထဲကိုက နအဖရဲ့ဖွဲ့စည်းပုံက တပြည်ထောင်စနစ်၊ ဗဟိုကနေ ချုပ်ကိုင်ထားတဲ့စနစ်ဆိုတာ ရှင်းပါတယ်”
သောတရှင်များရှင်၊ အခြေခံဥပဒေမှာပါဝင်တဲ့ ပြည်ထောင်စုတိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အချိန်ရသလောက် စုစည်းတင်ပြခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ အခြေခံဥပဒေဆိုတာ တိုင်းပြည်ရဲ့အနာဂတ်အတွက် အလွန်အရေးပါသလို အခြေခံမူထဲမှာလည်း ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး ဆိုတာကို အတိအလင်း ဖော်ပြထားပါတယ်။
ဒါပေမယ့် လွတ်လပ်ရေးရတဲ့အချိန်ကစပြီး ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်တွေ အကြား အာဏာခွဲဝေမှုကို မဖြေရှင်းနိုင်လို့ တိုင်းပြည်ဟာ အနှစ် ၆၀ ပြည်တွင်းစစ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် အခု ဒီအခြေခံဥပဒေကို ပြဋ္ဌာန်းလိုက်ရင်ကော ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မလား။ ဒေါက်တာ ဆလိုင်းလျှံမှုန်းက အခုလို သုံးသပ်ပြပါတယ်။
“သူတို့က တဖက်သတ်ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းသွားမယ် ဆိုလို့ရှိရင် နအဖ စစ်အစိုးရ သဘောထား အဲဒီမှာ ကျနော်တို့ မြင်နိုင်တာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေး ပြဿနာကို စစ်ရေးနဲ့ ဆက်ပြီးတော့ ဖြေရှင်းမယ်ထင်တယ်ဆိုတာ ကျနော်တို့ သွားတွေ့နေတာဖြစ်ပါတယ်။ စစ်အစိုးရက ရေးဆွဲပြဋ္ဌာန်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက အတည်ပြုသွားမယ်ဆိုလို့ရှိရင် ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်က အင်မတန်မှ ရင်လေးစရာကောင်းပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ပြည်တွင်းစစ်ကို ငြိမ်းချမ်းဖို့ ဆန္ဒမရှိဘူး။ တိုင်းရင်းသားတွေကို အခွင့်အရေးပေးဖို့ ဆန္ဒမရှိဘူး။ အဲဒီအတွက်ကြောင့် သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသာ အတည်ပြုမယ်ဆိုလို့ရှိရင် ဒါဟာ တိုင်းပြည်အနာဂတ် မှာ ငြိမ်းချမ်းတဲ့ အလားအလာ လုံးဝ မမြင်ဘူးဆိုတာ အင်မတန် ဝမ်းနည်းဖွယ်တွေ့ရပါတယ်”
သောတရှင်များရှင်၊ လက်ရှိပြောနေကြတဲ့ အခြေခံဥပဒေဟာ ၁၉၄၇၊ ၇၄ ဥပဒေတွေနဲ့စာရင် တိုင်းရင်းသား အခွင့်အရေးတွေကို ပေးထားတယ်လို့ ဖော်ပြထားပေမယ့် ဗဟိုချုပ်ကိုင်မှုများတဲ့အတွက် စစ်မှန်တဲ့ ပြည်ထောင်စု လို့မခေါ်နိုင်ကြောင်း အမြင်အမျိုးမျိုးကို တင်ပြလိုက်ရပါတယ်။
လာမယ့်အစီအစဉ်ကျရင်တော့ အခု ဒီ ဥပဒေကြမ်းဟာ တချို့ယူဆသလို တဖြည်းဖြည်းပြောင်းလဲနိုင်မယ့် အလားအလာ ဘယ်လောက်ရှိသလဲဆိုတာ နားဆင်ရမှာဖြစ်ပါတယ်ရှင်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment