Thursday, May 20, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၃၇)

အချိန်မှာ ည ၁၀ နာရီကျော်လောက်ရှိမည် ထင်ပါသည်။ ရေအကျနှင့်မှန်း၍ ထွက်ခဲ့ခြင်းဖြစ်သည်။ ဖထီးမန်းက ထိုးဝါးနှင့် ထိုးထွက်ခိုင်းသည်။ သူကိုယ်တိုင်က ပဲ့ကိုင်နေသည်။ ဆရာဦးအောင်ငွေက အသက်ကယ်အဖြစ် အသုံးပြုမည့် ၁၅ တောင်ခန့်ရှိ ဝါးလုံးခြောက်နှင့် လှေကိုကမ်းမှထွက်နိုင်အောင် ထိုးထွက်နေသည်။

ဆရာဦးအောင်ငွေ လှေထိုးတာ သူ ထိုးသည့် ဝါးလုံးမှာ ရေအောက် ကျောက်သားခံထိ မရောက်ဘဲ ဝါးလုံးမှာ ပြန်ပြန်ပြီး ကန်တက်နေခြင်းဖြစ်သည်။ ကျနော်လှေပေါ် ခုန်တက်လိုက်ပြီး နေသားတကျဖြစ်တော့မှ ထရပ်လိုက်သည်။

“ဟောသလို ထိုးရတယ်၊ ဟောသလို ထိုးရတယ် …”

ပါးစပ်က ပြောပြောဆိုဆို သူ့လက်ထဲမှ ဝါးလုံးကိုယူပြီး ရေထဲသို့ အရှိန်နှင့် တအားထိုးချလိုက်ပါသည်။ ရေအောက် ကျောက်သားလွှာကိုထိပြီး လှေကို ထိုးထွက်လိုက်ပါသည်။ ကျနော် လှေကို ထိုးထွက်ရင်း ထိုးထွက်ရင်းနှင့် ဝါးလုံးမှာ ရေကို မမီတော့ပါ။

ဖထီးမန်းက ခပ်ကွင်းကိုပြင်ပြီး လှေတက်ကို တပ်ပါသည်။ ကျနော်နှင့် ဦးအောင်ငွေကလည်း လှေကို လှော်ထုတ်လျှက် ဖထီးမန်းက ပဲ့ကိုင်ပါသည်။ လှေဦးကို တည့်ထားသည့်လမ်းကြောင်းမှာ အရှေ့တောင်ဘက်စူးစူးသို့ လှေကို ဦးတည်၍ ထွက်မည်။ ဒါမှသာလျှင် မြောက်ဘက်တွင် ရန်သူရေတပ်စခန်း ရှိနေ၍ ၎င်းနှင့်ပို၍ဝေးမည်။ တရက်ခန့် အရှေ့တောင်ဘက် ထိုးထွက်ပြီးနောက်တွင်မှ နဂိုရည်မှန်းထားသော မူလလမ်းကြောင်း အနောက်တောင်ဘက် လှေဦး ပြန်လှည့်မည်။

လှေကို ကျနော်နဲ့ ဦးအောင်ငွေက လှော်ခပ်ကာ ဖထီးမန်းအောင်ကြည်က ပဲ့ကိုင်ပြီး တရွေ့ရွေ့ထွက်လာပါသည်။ ဂျယ်ရီ ကျွန်းလည်းလွန်ရော လှိုင်းနှင့်စတိုးပါ တော့သည်။ စထွက်တုန်းက ကျွန်းရိပ်ကိုခိုပြီး ထွက်လာတာဆိုတော့ ကျွန်းကခံနေသည့်အတွက် လေကွယ်နေပါသည်။ ကျွန်းလွန်သည်နှင့် တပြိုင်နက် လှိုင်းနှင့်စတိုးခြင်းဖြစ်ပါသည်။

လှိုင်းမှာအတော်လေး ကြီးတန်သလောက် ကြီးပါသည်။ ပထမဦးဆုံး လှိုင်းနှင့်စတိုးဖြစ်သည့်အတွက် လှိုင်းအပေါ် လှေက မြောက်သွားလိုက်၊ လှိုင်းပြန်ကျလာလျှင် လှေက ပြန်ကျလိုက်နဲ့ ရင်ထဲမှာ လှိုက်ခနဲ အေးခနဲဖြစ်ပြီး လူက မူးပါတော့သည်။ လှိုင်းမူးသည်မှာ အတော်ခံရခက်ပါသည်။ ရှိသမျှအားတွေ ဆွဲချသလို ခံစားရပြီး လူမှာ နုံးချည့်ပျော့ခွေသွားပါသည်။ အတော်လေးကြာတော့ ပျို့အန်ချင်လာပါသည်။

ဖထီးမန်းက လှမ်းပြောသည်။

“စိတ်ကိုတင်းထား၊ စိတ်လျှော့ထားရင် ပိုပြီးအန်ချင်တယ်”

တဆက်တည်း သူက လှမ်းပြောလိုက်သည်။

“သီချင်းဆိုမယ်၊ သီချင်းဆိုမယ် …”

“တော်လှန်ရေးလမ်းအတိုင်း ရှေ့သို့ချီ သီချင်းဆိုမယ်”

သုံးယောက်သား သီချင်းကို သံပြိုင်ဟစ်၍ ဆိုလိုက်ပါသည်။

သီချင်းကိုဆိုလိုက်တော့ စိတ်ဓာတ် အတော်တက်ကြွလာပါသည်။ လှိုင်းနှင့်တိုးတာ အတော်ကြာသွားပြီဖြစ်သည့်အတွက် လှိုင်းမူးတာလည်း သက်သာသွားပါသည်။

ပင်လယ်ဒီရေအကျ ဆွဲအားကြောင့် ကျနော်တို့ ခပ်မှန်မှန် လှေလှော်ပြီး ထွက်လာကြပါသည်။ လပြည့်ကျော် ၁ ရက်နေ့လ၏ လင်းနေသောအောက်တွင် ကျွန်းရိပ်မဲမဲကို လှမ်းပြီးမြင်နေရသည်။ ကျနော်တို့လှေမှာ လူ ၃ ယောက်နှင့် ရိက္ခာများတင်ထားသည့်တိုင် လှေမှာ အတော်ကြီးကို ပေါ်နေပါသေးသည်။ နောက်ထပ် လူ ၂ ယောက် အေးအေးဆေးဆေး တင်၍ရပါသေးသည်။

ကျနော်တို့ထွက်လာပြီး ၂ နာရီနီးပါးခန့်အကြာတွင် လှေဝမ်းထဲတွင် ရေအတော်ဝင်နေ၍ ခပ်ပြီး ထုတ်ရပါသည်။ ရေဝင်သည့်နေရာကို အပိုဆောင်လာသော ပွဲညက်နှင့် ထပ်၍ဖာပါသည်။ ရေအဝင်နည်းသွားပြီး နည်းနည်း စိမ့်ဝင်နေပါသေးသည်။ နာရီဝက်နီးပါးတကြိမ်လောက် မန်းဝင်းမြင့် လုပ်ပေးလိုက်သည့် ရေဆွဲပုံးဖြင့် လှေဝမ်းထဲမှရေကို မှန်မှန် ခပ်ထုတ်ပေးနေရပါသည်။

ကျနော်တို့လှေမှာ လှေဦးနှင့် လှေပဲ့တွင် အံဖုံးလုပ်ထားပါသည်။ အကယ်၍ လှိုင်းရိုက်သည့်တိုင်အောင် ရေလျှံပြီး ကျသွားစေရန် ဖြစ်သည်။

တညလုံး ရေအကျနှင့် မျှောပြီးလိုက်လာလိုက်တာ မနက်လင်းလာပါသည်။ ကျနော်လှမ်းကြည့်လိုက်ရာ ကိုကိုးကျွန်းမကြီးကိုလည်း မြင်နေရသည်။ ကိုကိုကျွန်းကလေးကိုလည်း လှမ်းပြီးမြင်နေရပါသည်။ ကျွန်း ၂ ကျွန်း၏ တောင်ဘက်ဖျားအဆုံး တွင် ကျနော်တို့လှေမှာ တြိဂံထိပ်ဖျားသဘောမျိုးနေရာတွင် ရောက်နေပါသည်။ ကျနော်က လှမ်းပြောသည်။

“ဖထီးမန်း တညလုံး ကျနော်တို့ထွက်လာလိုက်တာ ဘယ်မှမရောက်သေးဘူး။ ကျွန်း ၂ ကျွန်းရဲ့ထိပ်ဖျားမှာပဲ ရှိနေသေးတယ်”

ကျနော်ပြောသည်ကို သူတို့ ၂ ယောက် မယုံကြ၊ လက်မခံကြပါ။

ရေကလည်း ပြန်တက်လာပါပြီ။ သူတို့ ၂ ယောက်ပြောတာက တခြားတနေရာကို အတော်လေးရောက်လာတာ၊ အခုမြင်နေရတာက အခြားကျွန်းတခုဖြစ်မယ်၊ သူတို့ ၂ ယောက်အမြင်က တခု၊ ကျနော်တယောက်တည်း အမြင်ကတခု ငြင်းကြ ပြောကြသေးသည်။ နှစ်ယောက် တယောက်ဆိုတော့ ကျနော် ဆက်မငြင်းတော့ပါ။ ကျနော် တိတ်တိတ်နေလိုက်သည်။ ရေအတက်နဲ့ လှေကလည်း မျောပြီးလိုက်လာတာ ကျွန်းဘက်ကို အတော်လေးလည်း နီးလာပါပြီ။ ကျနော် ထပ်ပြောသေးတယ်။

“ဖထီးမန်း အခု ကျနော်တို့လှမ်းမြင်နေရတာက ကိုကိုးကျွန်းရဲ့ အနောက်ဘက်ကမ်းခြေပဲ၊ ဟောဟိုက မြင်နေရတဲ့ ပြောင်ပြောင်ဟာ ဂျပန်တောင်ပြောင်နေရာပေါ့၊ ကျနော်တို့ ကျွန်းပေါ်စတက်ခဲ့တဲ့နေရာပဲ”

ဂျပန်တောင်ပြောင်မှာ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်များနေရာယူခဲ့သည်။ ဤတောင်ထိပ်မှ အိန္ဒိယ သမုဒ္ဒရာကိုလှမ်းကြည့်လိုက်လျှင် မြင်ကွင်းကောင်းပြီး အချက်အချာကျသည်။ တောင်မှာ လေတိုက်လွန်း၍ ဆားငန်ငွေ့ရိုက်ပြီး အခြားအပင်များ မပေါက်ပါ။ မြက်ပင်များသာပေါက်သည့်အတွက် ဂျပန်တောင်ပြောင်ဟု ကျနော်တို့က အမည်ပေးထားသည်။

လှေသည် ရေအတက်နှင့် ကျွန်းအရှေ့ဘက်သို့ တရွေ့တရွေ့ လွန်လာပါပြီ။ ကျွန်း၏တောင်ဖျားစွန်းကိုလွန်၍ အရှေ့ဘက် ကမ်းခြေကို ဖြတ်လိုက်ရတော့မှ သူတို့အံအားသင့်ကုန်ကြပါတော့သည်။ အရှေ့ဘက်ကမ်း၊ ကျနော်တို့နေခဲ့သည့် အကျဉ်းစခန်းရှေ့တွင် ထိုးဆိုက်ထားသော အိုနာဆစ်သင်္ဘောကို ထင်ထင်ရှားရှား မြင်လိုက်ရပါသည်။ သူတို့ ၂ ယောက်လည်း တအားလည်း စိုးရိမ်နေပါသည်။ ကျနော်လည်း စိုးရိမ်နေပါသည်။

ဆက်လက်ဖော်ပြပါမည်။


No comments: