Wednesday, May 19, 2010

ကျနော်တို့ခေတ်မှာ ပြူစောထီး၊ ဒီခေတ်မှာ စွမ်းအားရှင် (နိဂုံးပိုင်း)

(၃)

ဒီအချိန်မှာ ‘လူထု’ သတင်းထောက် ကိုထွန်းအောင်တယောက် ဓာတ်ပုံတွေ တပုံပြီးတပုံ လှည့်ရိုက်နေပါတယ်။ ဒါကို တွေ့သွားတော့ ပြူစောထီးလူဆိုးတွေက ဝိုင်းလုပါတယ်။ သူက မပေး … လှည့်ပတ်ထွက်ပြေးတယ်။ သူ့ကိုမိသွားတော့ ဘေးနားမှာရှိတဲ့ကိုကျော်ထွေးလက်ထဲ ကင်မရာ ထိုးထည့်ပေးပြီး …

“ပြေး … ပြေး လွတ်အောင်ပြေး” လို့ အော်ပါတယ်။

ဒီနေရာမှာ ပုံပေါ်အောင် ကိုကျော်ထွေးကြီးအကြောင်း ဖော်ပြချင်ပါတယ်။

အရပ်က ၅ ပေ၊ ၁၁ လက်မခန့် ဗလတောင့်တောင့် အသားညိုညို နှုတ်ခမ်းထူထူ ပြက်ပြက်ထင်ထင် ရုပ်ရည်မျိုး ဖြစ်တယ်။ ကြီးကြီးမားမား ထွားထွားကျိုင်းကျိုင်းကြီးပါ။

“ရှေးခေတ် ဗမာကြီးတွေဟာ ခင်ဗျား ရုပ်ရည် ခင်ဗျား အဆက်အပေါက်မျိုးပဲဗျ၊ ဗန္ဓုလသံချပ်ကာအင်္ကျီ ခင်ဗျားကို စွပ်ပေးလိုက်ရင် အံကျနေမှာပဲ။ နောက်ပြီး ခင်ဗျားက လူနဲ့သိပ်တူတာပဲ။ ကျနော်သာ ရိုဒင်လို ပန်းပုဆရာဖြစ်ရင် ခင်ဗျားကို မော်ဒယ်နေရာမှာထားပြီး ကမ္ဘာကျော်သွားအောင် ထုဆစ်မယ်”

… လို့ ကဗျာဆရာကြည်အောင်က စရန်သတ်ထားသူ ဖြစ်တယ်။

ကျနော်တို့ကတော့ ခံလိုက်ရရင် သူချည်းပဲဖြစ်ဖြစ်နေတာနဲ့ ‘ကံဆိုးသူ မောင်ရှင်’ လို့ နာမည်ပေးထားပါတယ်။ ခုလည်း သဲထဲမှာ လွတ်အောင်မပြေးနိုင်ပါ။ ဝိုင်းမိ ချုပ်မိသွားပါတယ်။ ဝိုင်းကူဆွဲထုတ်ကြပေမယ့် မအောင်မြင်ပါ။ ဒါပေမယ့် သူ့လက်ထဲက ကင်မရာကို ဘယ်သူမှ ရအောင်မလုနိုင်။ လက်ကို မဖြေနိုင်ဖြစ်နေကြပါတယ်။ နောက်ဆုံးတော့ ဉာဏ်ကြီးရှင် ပြူစောထီးတယောက်က ပြောလိုက်တယ်။

“ဒီကောင်ကြီးကို ကလိထိုးကြကွာ” … တဲ့။

ရှေးခေတ် ဗမာကြီး မခံနိုင်တော့ပါ။ တဟီးဟီး တဟားဟားနဲ့ ကင်မရာ ပါသွားပါတော့တယ်။

ဒီဘက်မှာလည်း လောက်စပီကာ ဟွန်းကြီးတွေထဲ သဲတွေအပြည့်လောင်းထားပြီမို့ တရားဟောနေတဲ့သူတွေ အလွတ်အော်ပြီး ဟောနေရပါတယ်။ အသံနာ အသံဝင် ဖြစ်ကုန်ခဲ့ကြပြီ။ ဟောသူလည်း ဝလောက်ပြီ။ ထုကြ နှက်ကြသူတွေလည်း အားရလောက်ပါပြီ။ ဦးမောင်ကိုကလည်း ‘ဆုတ်မိန့်’ ပေးလိုက်ပြီမို့ ကျနော်တို့က သဲတွေခပ်ထုတ်ကာ ကားတွေ တွန်းထုတ်လုပ်ကြရပါတယ်။

တပ်ဆုတ်တာ တွေ့ရတော့ ရွာသူ ရွာသား တချို့က လက်ခုပ်လက်ဝါးတီးပြီး လှောင်ကြ ပြောင်ကြပါတယ်။ အများစုက ခိုင်းလို့လုပ်နေကြရတာပါ။ စိတ်ပါလက်ပါ မရှိကြ။ ရင်ဆိုင်မှုကလည်း ညှိုးသူရန်ဘက်ပုံသဏ္ဍာန် မဆောင်။ သင်္ကြန်ပွဲသာသာ ဖြတ်သန်းလိုက်ကြရတာပါ။ အားမရသေးတဲ့လူတွေက ကားတွေ တွန်းထုတ်နေတဲ့ ကျနော်တို့ ဂုတ် (ကုပ်)ပေါ်ကို သဲပူတွေ လောင်းပေးပါတယ်။

အသဲထိတ်စရာ ကိစ္စတခု ပေါ်ခဲ့တာတော့ရှိတယ်။ ဘယ်သူက အမိန့်ပေးလိုက်တယ် မသိရ။ အမူးသမား ပြူစောထီးတစု ဦးမောင်ကိုဆီ ဝိုင်းလာခဲ့ကြတယ်။ လက်ထဲမှာတော့ ဘာလက်နက်မှ မတွေ့ရ။ ဒါပေမယ့် မျက်နှာထားတွေက သိပ်မကောင်းလှ။ ဆရာ ဦးမောင်ကိုကလည်း လျင်ပါတယ်။ အိတ်ထဲက ပစ္စတိုကို ဆွဲထုတ်ထိုးချိန်လိုက်ပြီး …

“သေချင်တဲ့ကောင် လာခဲ့ …”

လို့ စိန်ခေါ်လိုက်ပါတယ်။ ကျနော်တို့က ဆရာ့ကိုဝိုင်းပြီး အကာအကွယ်ပေးခဲ့ကြတယ်။ ပြူစောထီးတွေ ‘ရှဲ’ခနဲ ဖြစ်ပြီး နောက်ဆုတ်သွားကြပါတယ်။

ဆရာ့ကားကို အလျင်ထွက်စေပြီး ကျနော်တို့လည်း ကတိုက်ကရိုက် သူ့ကား ကိုယ့်ကား မရွေးတော့ဘဲ စက်နှိုးနှင့်တဲ့ ကားပေါ် ခုန်တက်ကြပါတယ်။

ဒီစဉ် (ရုပ်ရှင်ထဲကအတိုင်း) ပိတ်ထားတဲ့ ရွာတံခါးကြီး ၂ ချပ် ပွင့်ထွက်သွားပြီး ကားကြီးတစီး ထိုးထွက်လာပါတယ်။ ကားရှေ့မှာ လောက်စပီကာဟွန်းကြီး တပ်ထားပါတယ်။

“အားနာပါတယ် ဦးမောင်ကို …”

လို့ အစချီပြီး ခနဲ့ပါတော့တယ်။ မနေ့ညက မြို့ပေါ်တက်ပြီး ‘စိန်’ခေါ်သွားတဲ့ ကားကြီးပါပဲ။ ဘေးကလည်း ဝေး … ဝါး … စတဲ့ ပြူစောထီးတွေရဲ့ အော်သံ၊ လှောင်သံတွေ စီစီညံနေပါတယ်။

ဒီလို ရုတ်ရုတ်ရက်ရက်တွေ ဖြစ်နေစဉ် ကိုကျော်ထွေးကြီးကို ဘယ်ကားကမှ လက်မခံ။ ‘မင်းက မောင်ရှင်ပဲ’ လို့ ဝိုင်း စ နေကြတာက ရှိသေးတယ်။ နောက်ဆုံးမှ ကျနော်တို့ ကားပေါ်ရောက်လာတယ်။ ဒါတောင် တယောက်က …

“ခင်ဗျားရော ဆိုရင် ၁၃ ယောက်ဖြစ်နေပြီ။ ဆင်း … ဆင်း …” လို့ နောက်နေပြန်ပါတယ်။

ပြောစရာဖြစ်တာက ဒမိုက်က အောင်မြင်စွာဆုတ်ခွာလာလို့ ဘာမှမကြာခင် လမ်းဘေး ရွာတရွာ ခြံစည်းရိုးပေါ်က နီဝါဝါ အလုံးကြီးတလုံး အမိုးဖွင့် ကျနော်တို့ဂျစ် ကားပေါ် ‘ခွမ်း’ခနဲ ကျကွဲပါတယ်။ ကျလာတာက သောက်ရေအိုးကြီး။ ဂတော (ကတောရွာထွက်) အိုးကြီးဖြစ်ပါတယ်။ ကျတဲ့နေရာက ကိုကျော်ထွေးခေါင်းပေါ်…။

ခေါင်းတော့ မကွဲ။ ကြီးစွာသော ‘ဖု’ ကြီးတဖုပဲ ရောင်ကားတက်လာတာ တွေ့ရတယ်။ အကွဲအစတွေလွှင့်ပစ်မယ် လုပ်တော့ ဆရာက တားပါတယ်။

“ပါအောင်ယူခဲ့ကြ …” တဲ့။

အပြန်ခရီးမှာလည်း တဝါးဝါး တဟားဟားပါပဲ။ မြို့ဝင်ကာနီးတော့ ဆရာက သတိပေးပါတယ်။

“မင်းတို့မျက်နှာတွေ မသာအိမ် မျက်နှာမျိုးထားကြ …” တဲ့။

တကိုယ်လုံးလည်း ဖုံတသောသော ချေးညှော် အထပ်ထပ်နဲ့။ မျက်နှာသေ မျက်နှာငယ်လေးတွေနဲ့ မြို့ထဲ မောင်းဝင်ခဲ့ကြတယ်။

ပထမဆုံး အရေးပိုင် (ခရိုင်ဝန်)အိမ်သွားပြီး တိုင်ကြတောကြပါတယ်။ သက်သေခံပ္စည်းတွေပြပြီး ဂါတ်တဲမှာ အမှုဖွင့်ကြတယ်။ နောက် မြို့ထဲလှည့်ပြီး တရားဟော၊ အိုးခြမ်းကွဲတွေမြှောက်ပြ၊ ကိုကျော်ထွေးခေါင်းပေါ်က ‘ဖု’ ကြီးကို လက်ညှိုးထိုးပြကြတယ်။

နောက်နေ့ လူထုသတင်းစာနဲ့ ဗဟိုစည်သတင်းစာတို့မှာ ဓာတ်ပုံတွေနဲ့တွဲပြီး သတင်းတွေ အကျယ်တဝင့် ပါလာပါတယ်။

အမှုရုံးတင်တော့ ကင်မရာ ပြန်ရခဲ့တယ်။ ထုံးစံအတိုင်း ဖလင်ပြန်မရပါ။ လျော်ကြေး ပေး မပေး မမှတ်မိ၊ ဘယ်လို စီရင်ချက်ချသလဲဆိုတာလည်း မမှတ်မိတော့ပါ။

(၄)

ခေတ် နှစ်ခေတ်ကို ယှဉ်ကြည့်ကြပါစို့။

ဆိုရှယ်လစ်တွေလည်း ပြည်သူတွေကို သတ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူ့ခါးပိုက်ဆောင်တပ် လဲဗီး၊ ပြူစောထီးတွေနဲ့ ခိုးကြောင်ခိုးဝှက် သတ်ခဲ့ကြတာပါ။ အသတ်ခံရသူဦးရေကလည်း ဒီခေတ်နဲ့စာရင် နည်းပါတယ်။ သတ်သမျှလည်း ပေါ်တာက များပါတယ်။ အသတ်ခံရသူ အရေအတွက် သိရပါတယ်။ တရားခံ ဘယ်သူဘယ်ဝါဆိုတာ ရှင်းရှင်းလင်းလင်း ရှိပါတယ်။

ရွာလုံးကျွတ်သတ်တာ မတရားပြုကျင့်တာ မီးရှို့တာတွေကိုတော့ စစ်တပ်က လုပ်တာဖြစ်တယ်။ ဒါတွေကတော့ စာရင်းမရှိ အင်းမရှိပဲ။ တပ်မတော် မော်ကွန်းတိုက်ထဲဝင်ရှာလည်း တွေ့ရမှာမဟုတ်ပါ။ ၄၈-၄၉ ခုနှစ်တွေမှစပြီး ၅၈ ခု အိမ်စောင့် အစိုးရ ၆၂ ခုနှစ်နောက်ပိုင်း ပြည်နယ် ပြည်မတွေမှာ စစ်တပ်သတ်သမျှ ဘယ်မှာစာရင်း ရှိလို့လဲ။

ဒီပဲယင်းကိစ္စ ပူပူနွေးနွေးရှိသေးတယ်။ စစ်တပ်က ဝန်းရံပေးထားကာ လက်သုံးတော် လက်မရွံ့ကြံ့/ဖွံ့ စွမ်းအားရှင်တွေကို အရက်ကိုးမောင်းတိုက်ပြီး စိတ်ကြိုက် အသတ်ခိုင်းခဲ့တယ်။ ၄ ယောက်ပဲ သေတာပါလို့ စာရင်းပြတယ်။

အတွေ့အကြုံအရ ပြူစောထီးတွေ ဘယ်လောက်ဆိုးဆိုး ‘စွမ်းအားရှင်’များကိုတော့ သြချကြရမှာပါ။

ပြူစောထီးက ခရမ်းသီး၊ ခရမ်းချဉ်သီး ။

စွမ်းအားရှင်တွေက ချိန်းကြိုး၊ သံချောင်း၊ ဝါးချွန်၊ တုတ်၊ ဓား။

ပြူစောထီးက ဆဲဆိုကြိမ်းမောင်း ခြိမ်းခြောက်ရုံ၊ စွမ်းအားရှင်တွေက ထိုးကြိတ် ရိုက်သတ်၊ ပစ်ခတ်။

ပြူစောထီးက ကင်မရာတလုံးပဲ လုယူခဲ့၊ စွမ်းအားရှင်တွေ လုယူဖျက်ဆီးလိုက်တဲ့တန်ဖိုးက ကြောက်ခမန်းလိလိ။

ဒမိုက်ရွာအစား ကျည်ရွာ ဒီပဲယင်း။ ဖဆ ဆိုရှယ်အစား နဝတ-နအဖ။ ပြူစောထီးနေရာမှာ ကြံ့/ဖွံ့ စွမ်းအားရှင် စသည် အစားထိုးကြည့်လိုက်တော့ … …

ဤစာကိုပင် ကျနော် ရေးနိုင်တော့မည်မဟုတ်ပါ။ ။


ရဲဘော်စိုးချစ်


ရေစီးသံဂျာနယ်
အတွဲ ၇၊ အမှတ် ၈၊ ၉၊ ၁၀
အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ၂၀၀၃ ခုနှစ်


No comments: