Thursday, May 6, 2010

ကျနော်တို့ခေတ်မှာ ပြူစောထီး၊ ဒီခေတ်မှာ စွမ်းအားရှင်

(၁)

၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလ။

ညနေ မိုးချုပ် ခပ်မှောင်မှောင်အချိန်မှာပဲ မြင်းခြံမြို့ပေါ်မှာ ခြိမ်းခြောက်သံတခု ထွက်ပေါ်လာပါတယ်။ ကားကြီးတစီးပေါ် လောက်စပီကာ ဟွန်းကြီးတင်ပြီး တလမ်းဝင် တလမ်းထွက် စိန်ခေါ်နေတာပါ။

“အမတ်မင်း ဦးမောင်ကိုက ဒမိုက် (တမိုက်သာရွာ) ခံတပ်ကြီး လာဖွင့်မယ် ပြောတယ်။ ကြိုဆိုပါတယ်။ လာရဲရင် လာခဲ့ပါ။ ကောင်းကောင်း ဧည့်ခံပါ့မယ်”

တခြား များများမပြော။ ဒီအသံပဲ ထွက်နေပါတယ်။ အားရအောင်ဖိတ်ခေါ်ပြီးမှ ဒမိုက်ရွာဘက် ပြန်မောင်းထွက်သွားပါတယ်။

ဆရာ ဦးမောင်ကိုအိမ်ရှေ့မှာ ဂျစ်ကား ၃ စီး စီရပ်ထားပါတယ်။ ကျနော်တို့ သူငယ်ချင်း ၄ ယောက် ကားတစီးပေါ် တက်ပြီး နေရာဦးထားလိုက်တယ်။ ၄ ယောက်စလုံးက ဦးမောင်ကို ကျောင်းဆရာဘဝမှာ တပည့်ဖြစ်ဖူးခဲ့ကြသူချည်းပါ။ ဆရာရဲ့ ဒမိုက်တရားပွဲကို လိုက်ချင်သူ လိုက်ရဲသူလိုက်ဖို့ ဖိတ်ခေါ်ထားပြီး ဖြစ်တယ်။ ကားပေါ်မှာပဲ အိပ်ကြမယ်။

လူကြီးတွေက ကျနော်တို့ကို သိပ်မခေါ်ချင်၊ လူငယ်ပီပီ စိတ်လက်မာန်ပါ လုပ်ကြမှာစိုးလို့ ဖြစ်တယ်။ မိဘများကတော့ ပြူစောထီးတွေ လက်ရဲဇက်ရဲ သတ်ဖြတ်နေချိန်၊ တခုခုလုပ်မှာ စိုးရိမ်တာကြောင့် မလိုက်စေချင်ကြပါ။

ကျနော်တို့ကလည်း …

“ယမမင်းကြီး လာဆွဲချတောင် ကားပေါ်က မဆင်းဘူး”

လို့ တညီတည်း လေသံပစ်ထားကြတယ်။ ကျနော်တို့တတွေဟာ ကျောင်းသား သမဂ္ဂလုပ်ငန်းတွေ အတူတူ လုပ်ခဲ့ကြတယ်။ ကျောင်းထုတ်ခံကြရတော့လည်း အတူတူ။ ကျောင်းမတက်ရတော့ လောပိတမှာ အလုပ်သွားလုပ်မယ်ဆိုပြီး အိမ်က ထွက်ပြေးကြတော့လည်း အတူတူ။

၆ လ၊ တနှစ် အလုပ်လုပ်ပြီး သူတို့ ရှေ့ဆင့်နောက်ဆင့် ပြန်ကြတော့ ကျနော်တယောက်တည်း ကျန်နေရစ်တယ်။ သန့်ရှင်း၊ တည်မြဲ ကွဲအပြီး ဗိုလ်မှူးချစ်ကောင်းအမှုနဲ့ ထောင်ထဲရောက်နေတဲ့ ဆရာ ဦးမောင်ကို ပြန်လွတ်လာခဲ့ပြီ။

သူငယ်ချင်းတွေက စာရေးလိုက်ကြတယ်။

“ဦးနုက တို့ကို ကျောင်းပြန်နေခွင့်ပြုလိုက်ပြီ။ ဆရာလည်း ရွေးကောက်ပွဲ ပြန်ဝင်မယ်။ တလောကပဲ တို့ဆီကို ပြန်ပေးဗိုလ် သခင်ကျော်ဒွန်း တရားလာဟော သွားသေးတယ်။ မြို့ပေါ်မှာ ရွေးကောက်ပွဲအတွက် စည်းရုံးလှုပ်ရှားမှုတွေ စ,နေပြီ။ တို့ ဆရာကို ဝိုင်းကူကြမယ်။ ကျောင်းပြန်နေဖို့ မင်းအိမ်ကလည်း တို့ကို စာရေးခိုင်းတယ်။ အမြန်ပြန်လာခဲ့ဟေ့” တဲ့။

ဒီစာကြောင့်ပဲ မြို့ကို ပြန်ဖြစ်ခဲ့တယ်။

(၂)

မြင်းခြံမြောက်ပိုင်း မဲဆန္ဒနယ်အတွက် အမတ်လောင်း ၄ ဦး ပြိုင်ကြမယ်။

၁။ ဦးမောင်ကို (ပမညတ) လက်ရှိ အမတ်။
၂။ ဦးကျွန်းကျော် (ရှေ့နေ) ပထစ အမတ်လောင်း။
၃။ ဦးသိန်း (ဆီစက်၊ ဝါစက်ပိုင်ရှင်) ဖဆပလ (တည်မြဲ) အမတ်လောင်း။
၎။ သခင် မင်းခေါင် (ပြန်ကြားရေး အရာရှိဟောင်း) တသီးပုဂ္ဂလ။

အခြေအနေက - ဒီနေ့ ဒီ/ချုပ် ဒေါ်အောင်ဆန်းစုကြည် ပေါ်ပြူလာဖြစ်၊ လူကြိုက်များသလို ဦးနု တာစားနေတဲ့ ခေတ်။ (ဒေါ်ခင်ကြည်က ပံ့ပိုးပေးထားသေးတယ်) ဦးနုရဲ့ ပထစ အမတ်လောင်းက လူအေးပဲ။ နိုင်ငံရေး လုပ်ခဲ့ဖူးသူမဟုတ်။ ဒါကြောင့် များများစားစား မိတ်ဆက်ပြစရာမလို။ ကျန် ၂ ယောက်က ထူးခြားနေတယ်။

ဦးသိန်း

သူ့တရားပွဲ တခါ နားထောင်ကြည့်တော့ သူ့အရည်အချင်း သိလိုက်ရတယ်။ သူ့ဘဝမှာ အရာရာ ပြည့်စုံခဲ့ပြီ။ ခံစားစံစား ဖူးပြီ။ လုပ်ချင်တာမှန်သမျှ လုပ်ခဲ့ဖူးပြီ။ ဖြစ်ချင်တာမှန်သမျှ ဖြစ်ခဲ့ပြီ။ ဒါပေမယ့် အမတ် မဖြစ်ဖူးသေးဘူး။ ဒါကြောင့် ဝင်အရွေးခံတာပါ … တဲ့။

ဒါပေမယ့် သူ့နောက်မှာ တည်မြဲရှိတယ်။ သေနတ်ရှိတယ်။ ပြူစောထီးရှိတယ်။ သူ့မှာ သုံးမကုန်အောင် ငွေတွေရှိတယ်။

အမတ်လောင်း ၄ ယောက်လုံးနဲ့ အိမ်နီးနားချင်း တရပ်ကွက်ထဲ သို့မဟုတ် မလှမ်းမကမ်းမှာ နေဖူးတယ်။ ဒါကြောင့် သူတို့ အကြောင်းတွေ သိပါတယ်။ ဒါပေမယ့် ထူးဆန်းတာက ဖဆပလ အမတ်လောင်းပဲ။ သူ့စက်ဝင်းက အကျယ်ကြီး။ မျက်နှာသာမှာ အုတ်တံတိုင်းကလည်း ကာထားလိုက်သေးတယ်။ ဝင်းတံခါးပေါက်က ကြီးမှကြီး။ အိမ်ချင်းမဝေးလှပေမယ့် သူ့စက်ဝင်းထဲ တခါမှ မရောက်ဖူးပါ။ နေ့စဉ် သူ့စက်ဝင်းရှေ့က ကျောင်းသွား ကျောင်းပြန်လုပ်နေပေမယ့် တခါမှ မမြင်ဖူးခဲ့ဘူး။ မဲဆွယ်တရားပွဲကျမှ မြင်ဖူးတာ။

ဦး(သခင်)မင်းခေါင်

သခင်တင်မြရဲ့ ‘ဘုံဘဝမှာဖြင့်’ ထဲမှာ သူ့အကြောင်းရေးထားတာ ရှိတယ်။ သခင် ညီလာခံတခုမှာ အသံသြဇာ ကောင်းကောင်းနဲ့ ညီလာခံအဖွင့် သခင်သီချင်းဆိုတဲ့သူအဖြစ် မိတ်ဆက်ထားတာပါ။ တည်မြဲက ငွေထုတ်ပေးပြီး ဖျက်မြင်းအဖြစ် ဝင်အရွေးခံခိုင်းတဲ့သူ ဖြစ်တယ်။ လက်ရှိအမတ် ဦးမောင်ကိုနဲ့ ညီအစ်ကို ဝမ်းကွဲတော်သူမို့ မဲကွဲအောင်ဆိုတဲ့ ရည်ရွယ်ချက်ပါတယ်။

နောက်တခုက ပထစ အဝါရောင်နဲ့ ဆင်တူယိုးမှား အဝါရောင်ဖျော့ဖျော့ နောက်ခံမဲပုံးနဲ့ ပုံမှားရိုက်ခိုင်းခြင်း ဖြစ်တယ်။

လမ်းစဉ်ပေါ်လစီ တင်ပြစရာမရှိတော့ သူ့အိမ်ရှေ့မှာ စာတမ်းတခုပဲ ဆွဲချိတ်ထားတယ်။

“ ခိုင်းကောင်းတဲ့ နွားကြီးကို ခိုင်းကြပါ။ မဲပေးကြပါ ” … တဲ့။

သူ့မဲဆွယ်တရားပွဲအတွက် ရပ်ကွက်အနှံ့လိုက်ပြီး လှုံ့ဆော်စည်းရုံးပေးသူက တယောက်တည်းရှိတယ်။ အဲဒါက သူ့သမက်။ ဆိုက်ကားပေါ် အသံချဲ့စက်ကလေးတင် သူက ဘာဂျာမှုတ်ပြီး ဘေးက လိုက်တယ်။ သူ မှုတ်တတ်တဲ့ သီချင်းကလည်း တပုဒ်ပဲရှိတယ်။ တပုဒ်လုံးမှုတ်စရာ မလို။ သူ့ယောက္ခမဂုဏ်ကို ဖော်ကျူးတဲ့အပိုဒ်ကလေးပဲ ထပ်ပြန်တလဲလဲ မှုတ်တယ်။

“လိမ်တယ်၊ ညာတယ် လူညာကြီးရယ် ယုံအောင် ဖြီးပါကွယ်”

ဆိုတဲ့ အပိုဒ် … ။ ။

ဆက်လက်ဖော်ပြပါမည်


No comments: