နောက်နေ့မနက် ဖထီးမန်းနဲ့ ကျနော်တို့ ၂ ယောက် တောင်ယာထဲမှာ ပြန်ဆုံတယ်။ ကျနော်တို့ကိစ္စကို အမြန်လုပြီး လုပ်မှ ဖြစ်မယ်၊ အောင်သာကျော်တို့ လုပ်တာကိုင်တာ မပိရိမှုကြောင့် အန္တရာယ်များလှသည့်အတွက်ကြောင့် ဖြစ်သည်။
အဲဒီနေ့ကစပြီး ကျနော်တို့လုပ်ငန်းကို အချိန်လုပြီး လုပ်လာရသည်။ အောင်သာကျော်တို့ လုပ်ပုံကိုင်ပုံကတော့ ကျနော် ကောက်ချက်ချခဲ့တဲ့အတိုင်း ဖြစ်သွားတာပါ။ ကျနော်တို့ ကျွန်းကနေ ထွက်ပြေးပြီးတဲ့နောက် အဲဒီမိုးကုန်ပြီး ဆောင်းအရောက်လောက်မှာထင်တယ်။ ဒီ ရဲသုံးဖော်ဟာ သူတို့တိုက်ပွဲသေနင်္ဂဗျူဟာကို တကယ့်ကိုပဲ အကောင်အထည် ဖော်တော့တာပါ။ ကျနော်ကိုယ်တိုင် မမြင်ရတော့ပါဘူး။ ကျွန်းမှာနေခဲ့ကြတဲ့ ဘဝတူတွေပြန်ပြီးတွေ့ကြတော့ ပြန်ပြောပြလို့ သိရတာပါ။
သူတို့ဟာ တကယ်ပဲ ကျွန်းကနေ ထွက်ပြေးသွားခဲ့တာပါ။ ဒါပေမယ့် ဒီရဲသုံးဖော်ဟာ ကိုကိုးကျွန်းကနေ ထွက်ပြေးသွားလိုက်တာ ကိုကိုးကျွန်းကိုပဲ ပြန်ရောက်သွားရှာပါတယ်။ ဖြစ်ပျက်ပုံ အလုံးစုံကတော့ …
ဆောင်းတညရဲ့ လကလေးလည်း သာသာနေမှာပေါ့။ သူတို့ ၃ ယောက်ဟာ ကျွန်းကနေထွက်ပြေးပါတယ်။ ကျွန်းကနေခွာရော လှေကလေးတစီးနဲ့ လူ ၃ ယောက်။ လှေက ဘယ်ကိုနည်းနည်းစောင်းလည်း ရေက ဝေါခနဲဝင်၊ ညာဘက်စောင်းလည်း ရေက ဟောခနဲဝင်နဲ့၊ ကမ်းကနေ ခွာလို့မရဘဲ ဖြစ်နေတယ်။ အတော့်ကို ကြိုးစားရှာပါသေးတယ်။ ဘယ်လိုမှမရတဲ့အဆုံးမှာတော့ ကိုကိုးကျွန်းကို ဒုတိယမ္ပိ နှစ်ကြိမ်မြောက်လည်း ပြန်တက်ကြပါလေတော့သတည်း။
စိတ်ပျက်လက်ပျက်နဲ့ ဒုတိယအကြိမ် ကမ်းကိုပြန်တက်ရတယ်ဆိုတော့ ကိုယ်ချင်းသာ စာကြည့်ကြပေါ့။ ဒီမှာတင် ရဲသုံးဖော်ဟာ ကျနော်တို့ ဘွဲ့မည်သညာပေးထားတဲ့ တောင်သူကြီးမင်းရဲ့ တောင်ယာမှာ ၃ ယောက်သား စိတ်မောလူမောနဲ့ သွားရောက် စက်တော်ခေါ်တော်မူကြပါလေပြီ။
နံနက်မိုးသောက် အလင်းရောက်သောအခါ ဝါဒါတွေ ကမ်းခြေဘက်ကို လမ်းလျှောက်တော့ လှေကလေးနဲ့ တူလှစွာသောအရာကို တွေ့သွားတော့တာပါပဲ။ ကမ်းခြေကို ကပျာကယာပြေးဆင်းပြီးကြည့်လိုက်တော့ အဟုတ်ပဲ လှေကလေးတစီး။ ဒီမှာတင် ဝါဒါတွေ မျက်လုံးပြူးတော့တာပေါ့။ ပတ်ဝန်းကျင်ကို တောင်မြောက်ဝဲယာ စူးစမ်းလိုက်တဲ့အခါကျတော့ သံလွန်စ တွေရော၊ သဲမလွန်တဲ့အစတွေရော မြောက်များစွာကို တွေ့သွားတော့တာပါပဲ။
လူ ၃ ယောက်ရဲ့ခြေရာကိုကောက်စရာမလိုဘဲ သောင်ပြင်မှာ အထင်းသားနဲ့တက်သွားတာကို ဝါဒါတွေလိုက်သွားတယ်။ ခြေရာတလျှောက်မှာလည်း ဆန်တွေက ဖိတ်စင်လို့သွား၊ ခရမ်းချဉ်သီးတွေလည်း ပြဲလျားနဲ့၊ ဝါဒါတွေလည်း လိုက်လိုက်နဲ့ တောင်သူကြီးမင်းရဲ့ တဲကလေးပေါ်မှာ မောမောနဲ့ မိုးစင်စင်လင်းတာတောင် စက်ပျော်နေကြတာကို ဘွားခနဲ သွားတိုးတော့တာပါပဲ။ သူတို့ ၃ ယောက်ကိုဖမ်းပြီး ကျွန်းရဲ့မြောက်ဘက် ရေတပ်စခန်းမှာချုပ်ခံခဲ့ရတယ်။ ကျွန်းဖျက်သိမ်းပြီး နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်ကြရတော့မှ နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့အတူ ပြည်မကို ပြန့်ပို့ခဲ့တယ်။
ကျနော်တို့လှေကလေးကတော့ ပြင်ဆင်မှုအပိုင်းမှာ ပြည့်စုံသလောက်ရှိသွားပါပြီ။ လိပ်သားခြောက်ပဲ လိုပါတော့တယ်။ ကန်စွန်းဥတွေလည်း အဆင်သင့်၊ သခွားသီးကလည်း အရံသင့်ပြည့်စုံနေပါပြီ။ တနေ့တော့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ ကျနော်တယောက်တည်း အရင်ကြိုပြီး လိပ်သောင်ကို ထွက်လာခဲ့တယ်။ လိပ်သောင်ရောက်လို့ နေရာရွေးပြီး မုန်တိုင်ပင်အောက်မှာ လဲလျောင်းပြီး ကင်းစောင့်နေတယ်။
ပင်လယ်ဘက်ကိုကြည့်လိုက်၊ ကျောက်ညီနောင်ဘက်ကို ကြည့်လိုက်၊ ကျွန်းရဲ့မြောက်ဘက်ပိုင်း အမြင့်ဆုံးတောင်ထိပ်က ရေဒါစခန်းရဲ့ ဧရိယာတိုင်ကို မှုန်ပြပြ လှမ်းမြင်နေရတယ်။ နေလည်း စောင်းလာပြီ။ အနောက်ဘက် အိန္ဒိယသမုဒ္ဒရာထဲကို နေလုံးကြီးဟာ ငုပ်လျှိုးဖို့နီးနေပြီ။ လေကလည်း တဟူးဟူးနဲ့ လှိုင်းလုံးတွေကလည်း သဲသောင်ကမ်းစပ်ကို ပြေးပြေးပြီး ရိုက်တယ်။ အုန်းပင် အုန်းလက်တွေကလည်း မညီမညာ ယိမ်းထိုးပြီး ကနေကြရှာတယ်။ ကျနော်လှဲနေတဲ့ မုန်တိုင်ပင်အောက်ကနေ ပင်လယ်ပြင်ကြီးကို လှမ်းကြည့်ပြီး စိတ်တွေက လွင့်နေတယ်။
မကြာတော့တဲ့အချိန်မှာ ဒီကျွန်းကနေ ထွက်သွားတော့မှာပါလား။ ရန်သူရဲ့ ဖိနှိပ်ညှဉ်းဆဲမှုအမျိုးမျိုးအောက်မှာ ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီး အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေ၊ ခေါင်းဆောင်တွေ၊ ဘဝတူတွေနဲ့ ခွဲရတော့မှာပါလား။ ဒီတိုက်ပွဲကလည်း အင်မတန် စွန့်စားရမယ့်တိုက်ပွဲ။ အရင်းအနှီးပေးရမယ့် တိုက်ပွဲ။ အတွေးတောင်စဉ်ကြောတွင် စိတ်တွေက လွင့်မျောနေသည်။
မိုးမချုပ် တချုပ်တွင် ဖထီးမန်း ပေါက်ချလာသည်။ ကျနော့်အတွက် ထမင်းတထုတ်ယူလာပါသည်။ ဖထီးမန်းက …
“အခြေအနေ ကောင်းတယ်မဟုတ်လား”
“မိုးချုပ်ခါနီး ဒီအချိန်ရောက်မှတော့ ဟိုကောင်တွေမလာဘူးဆိုရင် မလာတော့ပါဘူး”
ဖထီးမန်းယူလာသည့် ထမင်းထုတ်ကို ကျနော် ဖြည်စားလိုက်သည်။ ဒီညအဖို့တော့ ဘယ်အဖွဲ့မှ ပေါက်မလာ။ မြောက်ဘက်က ငတိတွေ ရောက်မလာဘူးဆိုတော့ လိပ်သောင်ကို ဒီညအဖို့တော့ ကျနော်တို့ ၂ ယောက် ပိုင်ပြီပေါ့။
ညတွင် ရေပြည့်ချိန်ရောက်ပြီ။ ကမ်းခြေကို သတိထားပြီး စောင့်ကြည့်သည်။ လိပ်တကောင်တလေကို အရိပ်အယောက်မှ မမြင်ပါ။ ကျနော်တို့ ၂ ယောက် မြောက်ဘက်ကမ်းခြေအတိုင်း ၂ ယောက်သား သတိကြီးစွာနဲ့ လျှောက်သွားလိုက်သည်။ လိပ်တကောင် ဥတော့မည့်ဆဲဆဲ ဥကျင်းယက်နေသည်ကို ပက်ပင်းတွေလိုက်ရပြီ။ စိတ်ထဲ ကျေနပ်သွားပြီ။
လိပ်ကြီးကိုတော့ ထုံးစံအတိုင်းပဲပေါ့။ အသေးစိတ်ရေးပြရင် သိပ်ပြီးရက်စက်တာ ဖော်ပြနေသလိုကျမယ်။ ဆောင်းဦးပေါက်တုန်းက ကျပ်တိုက်ခဲ့တဲ့နေရာရောက်တော့ အရင်တခါလိုပဲ ကျပ်တိုက်ပါတယ်။ ဒီနေ့အဖို့တော့ လိပ်ဥ၊ လိပ်သဲ စား။ အုန်းရည်သောက်၊ အုန်းသီးစားပေါ့။ ညနေစောင်းတော့ လိပ်သားကျပ်တိုက်တွေ ထမ်းပြီး ပြန်လာလိုက်တယ်။ ၂ ယောက်သား မှောင်ခြည်ကိုစောင့်ပြီး လူရိပ်လူခြည်ကို သတိထားကြည့်တယ်။
ညမှောင်လာလို့ လူလုံးပျောက်တာနဲ့ ဂျယ်ရီကျွန်းကလေးဘက်ကို ကူးခဲ့တယ်။ ကျနော်တို့ရဲ့ ချုံကြီးထဲကိုဝင်ပြီး လိပ်သား ကျပ်တိုက်ခြောက်တွေကို စနစ်တကျ သိမ်းဆည်းလိုက်တယ်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment