Tuesday, February 2, 2010

ကျောင်းသား ထောင် တော်လှန်ရေးသမား (၃၇)

ပြည်သူ့သူရဲကောင်းများရဲ့ ဈာပန

ကျနော်တို့တတွေ တိုက်ပွဲတိုက်ကြတော့မယ်ဆိုကတည်းက ကျနော်တို့အနေနဲ့ အကျအဆုံးတော့ ရှိမှာပဲ။ စွန့်လွှတ်ရတာတွေရှိမှာပဲဆိုတာ တွက်ပြီးသားပဲ။ ဒါပေမယ့် တန်ဖိုးဘယ်လောက်များများပေးရမလဲ ဆိုတာကျတော့ တယောက်နဲ့ တယောက် တွက်ချက်မှုတွေ နည်းနည်းကွဲပြားတာပေါ့ဗျာ။

တချို့ကလည်း ၂ ယောက်၊ တချို့ကလည်း ၃ ယောက်၊ ၄ ယောက်လား၊ ၅ ယောက်လား။ အဲ့လိုတွက်ကြတာ၊ အမျိုးမျိုးပဲ။ သေချာတာတခုကတော့ ရှေ့က အလံနီတွေတိုက်တုန်းက တယောက်ကျခဲ့တယ်ဆိုတော့ အဲ့ဒီ တယောက်ထက်တော့ မနည်းဘူးဆိုတာတော့ သေချာတယ်။

အဲဒီလိုနဲ့ တိုက်ပွဲက ၅ ယောက် ကျဆုံးသွားပြီ။ အရေအတွက်ဟာ အတော်များတယ်။ ထောင်သမိုင်းမှာ အများဆုံးပဲလို့ ပြောနိုင်တယ်။ ကျနော်တို့ ရဲဘော်တွေထဲမှာ ဒီကိစ္စ အတော်လေး အလေးအနက်မထားလို့မဖြစ်၊ မစဉ်းစားလို့မဖြစ် အခြေအနေ။

ဘာကြောင့်လည်းဆိုတော့ ကိုးကိုးကျွန်းမှာ ကျနော်တို့ရဲဘော်တွေနေကြတဲ့ အဆောင် ၅ ဆောင်။ အဲဒါကြောင့်မို့လို့ အခုကျဆုံးတဲ့ အရေအတွက်နဲ့ တွက်လိုက်မယ်ဆိုလို့ရှိရင် ဟာ … တဆောင်ကို တယောက်နှုန်းလောက် ရှိနေပြီ။

ဒီအချိန်မှာ ကျနော်တို့ထဲမှာလည်း အမျိုးမျိုးစဉ်းစားကြတာတွေ ရှိတယ်။ ထောင်အာဏာပိုင်တွေဘက်ကပဲ ဖြစ်ဖြစ်၊ ကျနော်တို့ဘက်ကပဲ ဖြစ်ဖြစ်၊ အခုအချိန်ဟာ ပြင်းထန်ပြီးတော့ တယောက်ကိုတယောက် အကဲစမ်းကြတဲ့အချိန်။ တိုက်ပွဲရဲ့ အထွဋ်အထိပ်လို့ပြောရင်လည်း ရတယ်။ ကျနော်တို့ထဲက တချို့က တိုက်ပွဲအရှိန်မြှင့်ဖို့၊ နောက်အာဏာပိုင်တွေကို ဖိအားပေးဖို့ အမျိုးမျိုးစဉ်းစားကြတယ်။

တချို့က နောက်ထပ် အသုတ်လိုက် ထပ်ဝင်မလား။ တချို့က ရေဖြတ်ကြမလား။ ဒါမှမဟုတ် အခြားတိုက်ပွဲသဏ္ဍာန်တွေ ဖော်ကြမလား။ အမျိုးမျိုး စဉ်းစားကြတယ်။ တချို့ကတော့ ခေါင်းဆောင်တွေကို သွားပြီး တင်ပြကြတယ်။ ဒါပေမယ့် ကျနော်တို့ ခေါင်းဆောင်တွေက တိုက်ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီး သယ်ဆောင်လာခဲ့ကြတယ်။ ဒီအချိန်ဟာ ခေါင်းဆောင်မှုရဲ့ အရည်အချင်းကို စမ်းသပ်တာလို့ ကျနော်တို့ ပြောလို့ရတယ်။

ဒါနဲ့တဆက်တည်းမှာ ကျနော် ပြောချင်တာတခုက ကျနော်တို့တိုက်ပွဲ အဲဒီအချိန်အထိ ဒီထောင်စခန်းအတွင်းမှာရှိတဲ့ အခြားအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်တဦးချင်းတွေဟာ ကျနော်တို့ကို ဘာမှ ဝေဖန်ပြောဆိုတာ မရှိဘူး။ အားပေးစကားပဲ ပြောကြတယ်။ ထောက်ခံကြတယ်။ အဲ့ဒါကတော့ ကျနော်တို့ မှတ်တမ်းတင်၊ ကျေးဇူးတင်ရမယ့်ကိစ္စပဲ။

ကျနော်တို့သိရတဲ့ သတင်းအရဆိုလို့ရှိရင် ထောင်အာဏာပိုင်တွေဘက်ကလည်း သူတို့တတွေ သိတ်အနေရခက်နေတယ်။ သူတို့လည်း ခြောက်ခြားနေကြတယ်။ ဘယ်ဗျာ … အကျဉ်းစခန်း အလယ်တည့်တည့်မှာ ယာယီစခန်းထိုးပြီး ခေါင်းတလားကြီး ၅ ခု တင်ထားတာ။ အဲ့ဒီလိုတိုက်ပွဲမျိုးဟာ ဘယ်သူ မတုန်လှုပ်ပဲရှိပါ့မလဲ။ ကျနော်လို့ လေ့လာလို့သိရတဲ့ သတင်းအရဆိုလို့ရှိရင် ထောင်အာဏာပိုင်တွေကြားမှာ ဒီလိုတိုက်ပွဲမျိုး တခါမှမကြုံဘူးလို့ အံ့သြတုန်လှုပ်နေကြတယ်ဆိုတာကို။

တိုက်ပွဲပြီးတဲ့နောက်ပိုင်းကျတော့ အဲ့ဒီထောင်ဝါဒါတွေနဲ့ စကားစပ်မိလို့ ပြောကြတဲ့အခါမှာ သူတို့က ...

“ဟာ … ခင်ဗျားတို့ ဘယ်လိုနေလဲ မသိဘူးဗျာ။ ကျုပ်တို့တော့ ကိုယ့်ဟာကိုယ် ရူးကုန်မလားတောင် အောက်မေ့တယ်။ စားမဝင် အိပ်မပျော်ပဲ။ အင်တာနေရှင်နယ် သီချင်းသံကြားပြီဆိုရင် ထိတ်သွားတာပဲ။ ကိုယ့်နားကိုယ်တောင် အတင်းပိတ်ထားတယ်”

လို့ ပြောကြတယ်။ အမှန်ပဲ။

ကျနော်တို့ အဲ့ဒီကိုကိုးကျွန်းစခန်းပေါ်မှာ သင်္ကြန်ပွဲတော်ဆိုရင် နှစ်စဉ်ပဲ ရိုးရာဓလေ့ထုံးစံနဲ့အညီ ကျနော်တို့ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ကြတယ်။ ကပွဲ ခုန်ပွဲတွေလုပ်တယ်။ စင်တင်တဲ့ ကပွဲလုပ်တယ်။ အိုးစည် ဒိုးပတ်တွေနဲ့ အကျွေးအမွေးတွေ လုပ်ကြတယ်။ အားကစားပွဲတွေတောင် ပါသေးတယ်။ ဒါပေမယ့် ဒီနှစ်မှာကျတော့ ကျနော်တို့ အကျဉ်းစခန်းတခုလုံးမှာ သင်္ကြန်တေးဆိုလို့ ဘာသံမျှ မရှိဘူး။ ကြွေးကြော်သံတွေပဲ ရှိတယ်။

ဒီလိုနဲ့ မေလရောက်လာတယ်။ မေလဆိုတော့လည်း မုတ်သုန်ရောက်ပြီ။ မုန်တိုင်းနဲ့ မုတ်သုန်ဟာ ပြတ်တယ် မရှိတော့ဘူး။ ပင်လယ်ပြင်ဘက် လှမ်းပြီးကြည့်လိုက်ရင်လည်း လှိုင်းတွေက တဝုန်းဝုန်းနဲ့။ အိုနာဆစ် သင်္ဘောကြီးက လှိုင်းတွေပေါ်မှာ ယိမ်းထိုးနေတယ်။ လှိုင်းတွေက ဖွားခနဲ ဖွားခနဲ သင်္ဘော ခေါင်းတိုင်ပေါ်တောင် ကျော်ပြီးတော့ တက်လာတယ်။

အဲ့ဒီလိုနဲ့ ကျနော်တို့ တိုက်ပွဲစလို့ ၅၂ ရက်မြောက်တဲ့နေ့။ မပြီးခင် တရက်ပေါ့လေ။ အဲ့ဒီနေ့မနက်မှာ ထောင်တာဝန်ခံတွေ အကျဉ်းစခန်းထဲဝင်လာပြီး တိုက်ပွဲဆောင်ထဲအထိ ရောက်လာတယ်။ သူတို့ ဒီတခါ လာတာဟာ ခါတိုင်းလို တိုက်ပွဲကို ဂရုမစိုက်တဲ့ ပုံသဏ္ဍာန် မဟုတ်တော့ဘူး။ သူတို့ပုံကို ကြည့်ရတာ ဟန်မဆောင်နိုင်ဘူး။ တကယ်ကျတော့ သူတို့လည်း စိတ်ချောက်ခြားနေပြီ။ စိတ်တွေလည်း ပင်ပန်းလှပြီကိုး။

အမှန်က ဒီတိုက်ပွဲတွေကို အဆုံးအဖြတ်ပေးနိုင်တာက ဒီထောင်အာဏာပိုင်တွေ မဟုတ်ဘူး။ ရန်ကုန်ကနေ အဆုံးအဖြတ်ပေးနေတာ။ ဒီမှာရှိတဲ့ ထောင်တာဝန်ခံတွေ၊ ထောင်အာဏာပိုင်တွေဆိုတာက ဟိုက ပြောခိုင်းတာပဲ လာပြီးပြောနေရတာ။ အဲ့ဒီတော့ သူတို့လည်း စိတ်မချမ်းသာဘူး။ ဒါ သေချာတယ်။

ဒါပေမယ့် ထောင်တာဝန်ခံတွေထဲမှာလည်း အမျိုးမျိုးတော့ ရှိတာပေါ့လေ။ တယောက်နဲ့တယောက် သဘောထားချင်းတော့ တူချင်မှတူကြတာပေါ့။ တချို့ကတော့ သခင်အားရ ကျွန်ပါးဝ ဒါမျိုးလည်း ရှိတတ်ပါတယ်။

ဒီတခါဝင်လာတဲ့အခါကျတော့ သူတို့မျက်နှာပေးတွေကို ကြည့်လိုက်ရင်ပဲ သူတို့မှာ ပြောစရာ တခုတခု ပါလာတယ်ဆိုတာ သေချာတယ်။ သူတို့က တိုက်ပွဲဆောင်ထဲကို လျှောက်လာကြတယ်။ ဟန်ကိုယ့်ဖို့တော့ အတတ်နိုင်ဆုံး လုပ်ထားကြတယ်။ ဒါပေမယ့် သူတို့လှုပ်ရှားမှုကို ဘေးကအကဲခတ်နေတဲ့ ကျနော်တို့ ရဲဘော်တွေကတော့ အခြေအနေကို မှန်းဆလို့ ရနေတယ်။

အဲ့ဒီမှာ ထောင်အာဏာပိုင်တွေက တာဝန်ရှိတဲ့ ရဲဘော်တယောက်ဖြစ်တဲ့ ကိုဖေအောင် (ကွယ်လွန်သူ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ထင်အောင်ရဲ့ တူတော်တယ်။ ပြည်သူ့တိုးတက်ရေးပါတီကပဲ)ကို သူတို့က ...

“သပိတ်မလှန်သေးဘူးလား”

လို့ မေးတယ်။

ဒီမေးခွန်းမျိုးက တိုက်ပွဲစကတည်းက သူတို့တခါမှ မမေးဖူးဘူး။ ဒါ ပထမဆုံး မေးတာ။ အရင်တုန်းကဆိုရင် သူတို့မေးလည်း မမေးရဲဘူး။ မေးလိုက်လို့ရှိရင် တခါတည်း နေရာတင် အရိုက်ခံရမှာ။ ကိုဖေအောင်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ။

“ကျုပ်တို့ တောင်းဆိုတာ ပေးလေ။ မပေးရင် မလှန်ဘူး”

လို့ ပြောလိုက်တယ်။

တိုတိုပြတ်ပြတ် ပြောလိုက်တော့ အာဏာပိုင်တွေက ...

“ဟာ … အခု ၅ ယောက်ရှိသွားပြီ။ ထပ်သေကုန်ပါဦးမယ်ဗျာ”

လို့ စာနာသလိုလို၊ ခြောက်လှန့်သလိုလို ပြောတယ်။

ဆက်လက်ဖော်ပြပါမယ်။

No comments: