ကိုကြီးအောင်၏ ကြောင်းကျိုးမျှော်သိ အားကိုးချစ်ခင်ဖွယ်ရာအတိပြီးသူ ဖြစ်ပါသည်။ ထမင်းမဝခြင်းအမှုကို ဆက်စပ်နေသော ဘဝတူများနှင့် တန်းညှိပြီး ထမင်းဝလင်စွာ စားရရေးအတွက် အခြေအနေ အကျိုးအကြောင်း ကို တို့ဆိတ် တီးခေါက်နေပါသည်။ ခေါင်းရင်းအိမ်၊ ခြေရင်းအိမ်များသာမက ၅ လုံးတွဲအိမ်တန်းရှိ လူများအားလုံးသည် မည်သည့်အိမ်မှ ထမင်းမဝကြပါ။
ကိုကြီးအောင်သည် လင်းလက်ရွှင်ပြုံးသည့် မျက်နှာပေးနှင့် တချက်ဝေ့ ပြုံးလိုက်ပါသည်။ ကိုကြီးအောင် အစီအစဉ်မှာ ထမင်းမဝသည့်ကိစ္စကို စစ်သားတွေလာသည့်အခါကျရင် ညီညာဖျဖျ ဝိုင်းပြီးပြောပြဖို့ အစီအစဉ် ပင်ဖြစ်ပါသည်။ ကိုကြီးအောင် အစီအစဉ် ကြောင့် အားလုံး စိတ်လက်ပေါ့ပါးကြပါသည်။
နေဝင်ချိန် တိမ်တောက်အလင်းရောင် မပျောက်သေးသည့်အချိန်မှာ အချုပ်ဝင်းကြီး၏ အနေအထားကို ကျနော်တို့အားလုံး လှမ်းမျှော် အကဲခတ်ကြည့်ကြသည်။ အချုပ်ဝင်းကြီး၏ အလယ်တည့်တည့်တွင် ဧရာမ ကင်းမျှော်စင်ကြီးတခု ရှိပါသည်။ ဤမျှော်စင်ကြီးပေါ်တွင် တလံနီးပါးမျှ မျက်နှာဝကျယ်ဝန်းသည့် ဆလိုက် မီးမောင်းကြီးတခု။ ဝင်းကြီး၏ဒေါင့် ၄ ခုတွင် အလားတူ ကင်းမျှော်စင်ကြီးတခုစီနှင့် ဧရာမဆလိုက်ကြီးတခုစီ ဤမျှော်စင်ကြီး ၅ ခုပေါ်တွင် ဂျီသရီး၊ ဂျီဖိုး သေနတ်ကိုင် စစ်သား လေးငါးဦးသည် သေနတ်ကို အသင့် အနေအထားလွယ်လျက် အရပ် ၈ မျက်နှာသို့ အမြဲမပြတ် ကြည့်ရှု စောင့်ကြပ်နေလျက်ရှိပါသည်။
အုတ်နံရံသည် ၁၅ ပေနီးပါးမြင့်သည်ဟု ထင်ရသည်။ ၎င်းအုတ်နံရံပေါ် တွင် သံပြားအခြားကို ဗွီရှိတ်ပုံခွဲလျက် သံဆူးကြိုး တဖက် ၃ တန်းစီ တင်ထားပါသည်။ ဗွီရှိတ်၏ ချိုင့်ခွက်ထဲတွင် သံဆူးကြိုးခွေ အလိပ်လိုက် ချထားသည်ကို တွေ့ရသည်။ အုတ်နံရံကြီး၏ ကိုက် ၅၀ အကွာခန့်အကွာအဝေးတိုင်းတွင် ကင်းမျှော်စင်လေးတခုစီ ရှိပါသည်။
ထိုကင်းမျှော်စင်လေးပေါ်တွင် စစ်သား ၃ ယောက်ခန့်သည် အလားတူ စွာပင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု အကဲခတ် နေပါသည်။ ကျနော်တို့သည် ပတ်ဝန်းကျင်တခုလုံးကို သိမ်းကြုံး လေ့လာအကဲခတ်ပြီးနောက် နေဝင် မှောင်စပျိုးလာပြီ ဖြစ်သည့်အတွက် အိမ်ထဲသို့ ဝင်လိုက်ကြပါသည်။ ကိုကြီးအောင်က ခေါင်းတညိတ်ညိတ်နှင့် ပြောပါသည်။ “ရန်ကုန် ထောင်ကြီးကို လူမြင်ကွင်း မြို့လည်ခေါင်ကနေ လူမမြင်ဆိတ်ကွယ်ရာ ဒီမှာ ပြောင်းလာလိုက်တာပဲ”
ဉာဥ့်သည် မှောင်လာပါပြီ။ ဧရာမ ဆလိုက်မီးမောင်းကြီး ၅ ခုသည် စတင်အလုပ်လုပ်ပါတော့သည်။ ဖြူဖွေးတောက်ပသော အလင်းတန်း ကြီးများဖြင့် အရပ်ရှစ်မျက်နှာကို ဝေ့ပတ်၍ထိုးနေပါသည်။ အိမ်တိုင်း အဆောက်အဦတိုင်း၏ အရပ်လေးမျက်နှာသည် မီးမောင်း ကြီးအလင်းရောင် မကျရောက်သည့်နေရာမရှိပါ။ ဤအဆောက်အဦ များအား စီစဉ်တည်ဆောက်သူများသည် အစီအစဉ် စနစ်တကျဖြင့် ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း ခန့်မှန်းရလေသည်။
အဆောက်အဦးအပြင်ဘက်သို့ ကျနော်စမ်းထွက်လိုက်သည်။ မီးမောင်းကြီးတခုက ကျနော့်အပေါ်ဝေ့ပြီး ကျရောက်လာကာ ကျနော့်အား မီးမောင်းကြီးက မခွာဘဲ ထိုးထားပါသည်။ ကျနော်လည်း အိမ်ထဲသို့ ပြန်ဝင်လိုက် ပါသည်။ ဦးလေးထွန်းက စိုးရိမ်စွာဖြင့် …
“ဘာဖြစ်လို့ အိမ်အပြင်ထွက်တာလဲ”
“အခြေအနေ သိချင်လို့ပေါ့ဗျာ”
“မတော် သေနတ်နဲ့လှမ်းပစ်ရင် ဘယ်နှယ့်လုပ်မလဲ”
ကျနော် ဘာမှပြန်မပြောတော့ပါ။ ဦးဘိုနီနှင့် ကိုကြီးအောင်တို့က ညမိုးချုပ်ရင် အိမ်တံစက်မြိတ်အပြင် မထွက်ဖို့ ပြောပါသည်။ နောက်ရက်များတွင် လူကြီးများပြောထားသည့်အတိုင်း ညမိုးချုပ်တွင် ကျနော်တို့လူငယ်များ တံစက်မြိတ်အပြင် မထွက်တော့ပါ။
ဤညအဖို့ ကျဉ်းကြပ်မွန်းသိပ်လှောင်ပိတ်နေသော လူ့တိရစ္ဆာန်ရုံ အခန်းကျဉ်းလေးထဲမှ လူ့လောက လူ့ပတ်ဝန်းကျင် လူ့အသိုက်အဝန်းနှင့် ပေါင်းဖော်ထိတွေ့ခြင်း အနည်းငယ် ပြန်လည်ရရှိလိုက်သည့်အတွက် အနည်းငယ် စိတ်သက်သာ ပြေပျောက်စေပါသည်။
ကျနော် ရေကြည်အိုင် ဗဟိုထောက်လှမ်းရေးအချုပ်တွင် နေခဲ့ရစဉ်ကာလ ဤဝင်းအတွင်း တထောင့်တနေရာ တွင် အတူရှိနေသူများမှာ တရုတ်-ဗမာ အဓိကရုဏ်းကိစ္စနှင့် အချုပ်ခံရသူ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ နှင့် ဦးမြတ်လေး၊ ဗမာပြည် ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်ဇင်၏ဇနီး ဒေါ်ကြည်ကြည်၊ တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၏ ဇနီး၊ ပထမဝန်ကြီး ဦးဝင်း (ယခု CRPP ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၏ ဖခင်) သမတ မန်းဝင်းမောင်၊ ဝန်ကြီးဦးရာရှစ် အစရှိသည့် ဝန်ကြီးများ၊ နိုင်ငံရေးသမားများ အတူရှိနေကြပါသည်။
ဇွန်လ ဆန်ပြတ်လပ်မှုအရေးအခင်း၊ တရုတ်-ဗမာ အရေးအခင်း၊ ဤအရေးအခင်းနှစ်ခုကာလအတွင်း အဖမ်းခံခဲ့ရသူများကို ဆက်စပ်လိုက်ရာ ၂၀၀ ကျော်မျှ ရှိလေသည်။
နောက်နေ့မနက် ထမင်းချိုင့်လာသိမ်းသောအခါ ကိုကြီးအောင်၏ ထမင်း ဝလင်စွာ စားရရေးအစီအစဉ်ကို စတင် အကောင်အထည်ဖော်ပါ တော့သည်။ ငါးလုံးတွဲ အိမ်တိုင်းစေ့ မည်သည့်အိမ်မှ ထမင်းမဝ ကြောင်း ကောင်းမွန် အေးဆေးစွာ တသံတည်း ပြောလိုက်သည်။ စစ်သားများ ဘာမှပြန်မပြောဘဲ ထမင်းချိုင့်သိမ်း၍ ပြန်သွားပါသည်။
ယခုမနက်လာပို့မည့် ထမင်းမှာ အားလုံးကဝိုင်း၍ မျှော်နေကြပါသည်။ မနက် ၁၀ နာရီလောက်တွင် စစ်သားများ သည် ထမင်းချိုင့်၊ ထမင်းပုံးတွေ နှင့် ဆွဲသူက ဆွဲလာ၊ ထမ်းသူက ထမ်းလာ အိမ်ပေါက်စေ့လိုက်ပို့ပါသည်။ အချိုး ပြောင်းလာပါသည်။ ကိုကြီးအောင် အစီအစဉ် တကယ်ပဲ အောင်မြင်ပါသည်။ ထမင်းမှာ ချိုင့်နှင့်မဟုတ်တော့ဘဲ ဆွဲပုံးကြီးနှင့်တပုံး အပြည့်အမောက်အသိပ်နှင့် ဖြစ်လာပါသည်။
စစ်သားများတံခါးပိတ်ပြီးပြန်သွားသောအခါ ကိုကြီးအောင်ကို ဝိုင်းပြီး ဂုဏ်ပြုကြပါသည်။
“ဒါမှ တို့ ကိုကြီးအောင်ကွ၊ တကယ့်ကို အားကိုးရတယ်”
ကိုကြီးအောင် ပြုံးတုံးတုံးနှင့် ဂုဏ်ယူမဆုံးသည့်မျက်နှာနှင့် ဖြစ်နေပါ သည်။
ထမင်းဝိုင်းကို ပြင်ဆင်ခူးခပ် ဝိုင်းလိုက်ကြပြီးနောက် ဟင်းချိုင့်ကို ဖွင့်လိုက်ပါသည်။ ဘဲဥခြမ်းနှင့် ရောထားသော အာလူဟင်း ဖြစ်ပါသည်။ ယခုမနက်ထမင်းဝိုင်းမှာ ပျော်ရွှင်ဝမ်းသာဖွယ်ရာအပြည့်နှင့် စားကြ၊ သောက်ကြ၊ ကိုကြီးအောင်၏ အစီအစဉ်ကို ဝိုင်းဝန်းချီးကျူးကြပါသည်။ စားရင်းသောက်ရင်း ထမင်းဝိုင်းမှာ ထမင်းလည်း ပြောင်၊ ဟင်းလည်း ပြောင် ဘုန်းမောင်များမှာ ထမင်းမဝရှာ ဖြစ်နေပါတော့သည်။ ကိုကြီးအောင်လည်း ထပ်မံ ကြိုးစားပြန်သည်။ စစ်သားတွေကလည်း ထမင်းကို ဆွဲပုံးကြီးနှင့်တပုံးအပြင် လေးဆင့်ချိုင့်အပိုပါ ဆောင်းလာပါ သည်။ ဒါလည်း မပြေလည်ပါ။ ဆန်ကလည်းရှားပါးနေ၊ ကျနော်တို့ ကလည်း ကျွေးသမျှမဝ ဘယ်လိုများ ဖြစ်နေပါလိမ့်။
စစ်သားတွေက ကျနော်တို့ကို မယုံသည့် သံသယမျက်လုံးနှင့် စူးစမ်း သည်။ အိမ်ထဲသို့ ဝင်ရှာပါတော့သည်။ ကြွက်တွင်း ကြွက်ပေါက် တွေကို လိုက်ကြည့်၊ တုတ်နှင့်လျှောက်ထိုး လုပ်လာသည်။
“ခင်ဗျားတို့ ထမင်းတွေကို သွန်ပစ်သလား၊ ကြွက်တွင်းတွေထဲ ထည့်ပစ် သလား”
ကိုကြီးအောင်နှင့် ဦးဘိုနီက “ကျနော်တို့ ထမင်းတွေမသွန်ပစ်ပါဘူး၊ ကြွက်တွင်းတွေထဲမထည့်ပါဘူး။ တကယ် စားမဝလို့ပါ”
စားမဝရင်တော့ ကြိုးစားစီစဉ်ပေးမယ်၊ စားမကုန်ဘဲ လျှောက်သွန်ပစ် ရင်တော့ မင်းတို့မစားသာဘူး မှတ်”
စစ်သားတွေက ကျနော်တို့ကို မယုံပါ။ အပြင်မှာ ဆန်ရှားနေသည်။ ကျနော်တို့က အနုနည်းနှင့် ပြဿနာလုပ်ပြီး လျှောက်သွန်ပစ်၊ ဖျက်ဆီးပစ်နေသည်ဟု ယူဆသည်။
အမှန်က မဟုတ်ပါ။ ကျနော်တို့မှာ မသထာရေစာတွေကို မြိုဆို့နေရလို့လား မသိပါ။ ကျွေးသမျှကို မဝနိုင်ဖြစ်နေပါသည်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment