တခါတုန်းက ကျနော်ဟာ မိသားစုနေထိုင်ရာမြို့နဲ့ မိုင်ပေါင်း ၇ဝဝ လောက်ဝေးကွာတဲ့ နယ်စွန်နယ်ဖျားတခုကို ရောက်ခဲ့ပါ တယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာရယ်၊ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးစနစ် မကောင်းတာရယ်တို့ကြောင့် အိမ်နဲ့ စာအဆက်အသွယ်လုပ်တယ်ဆိုရင် တလလောက်ကြာတဲ့ထိအောင်ပါပဲ။
အနီးစပ်ဆုံး မြို့နဲ့တောင် တပတ်မှ ၂ ရက်လောက်သာ ကားရှိပါတယ်။ အဲဒီလိုကြားထဲမှာ ကျနော်က ငှက်ဖျား အကြီးအကျယ် ဖြစ်လိုက်ပါတယ်။ ဆေးဝါး မပြည့်မစုံ၊ သွားလာရေးခက်ခဲဆိုတော့ ကျနော့်ဘဝကို အဲဒီနေရာမှာပဲ ဇာတ်သိမ်းရလိမ့်မယ်လို့ ထင်ခဲ့မိပါတယ်။
အဲဒီအချိန်မှာ ကျနော့်စိတ်ထဲ အတွေးတခုဝင်ခဲ့ပါတယ်။ အဲဒါကတော့ ကျနော့် မိသားစုနဲ့ပတ်သက်တဲ့အတွေးပါ။ တကယ် လို့များ ကျနော် အဲဒီနေရာမှာပဲသေသွားခဲ့ရင် ကျနော့်မိသားစုက ကျနော့်အသုဘကို မီမှာမဟုတ်သလို ကျနော် သေသွားပြီ ဆိုတာကိုတောင် အချိန်အများကြီး နောက်ကျမှ သိရလိမ့်မယ်ဆိုတဲ့ အတွေးပါပဲ။
ဒီတော့ ကျနော် ဘာလုပ်ရမလဲ။ ပထမတော့ စဉ်းစားကြည့်ရင်း စိတ်မကောင်းဖြစ်တာတွေ၊ ပူပင်သောကရောက်တာတွေ ရော စုံလို့ပေါ့။ ဒါပေမယ့် နောက်ဆုံးတော့ ကျနော့်မှာ သုံးသပ်ချက်စိတ်ကူးတခုရသွားပါတယ်။ အဲဒါကတော့ ‘ငါ ဘာမှ မတတ်နိုင်ဘူး’ ဆိုတဲ့ အတွေးပါပဲ။
ဒီလိုနဲ့ နောက်တကြိမ် အဲဒီလိုမျိုး ထပ်ပြီးကြုံရပြန်ပါတယ်။ နောက်တကြိမ်ကတော့ စစ်အစိုးရက ကျနော်တို့ကို ပုဒ်မ မတပ်၊ တရား မစွဲ၊ ဘာမှအကျိုးအကြောင်းမပြဘဲ ရက်ရှည်ဖမ်းပြီး စစ်တပ်အကျဉ်းစခန်းတခုမှာ ဖမ်းဆီးခဲ့တဲ့အချိန်ပါ။
အဲဒီတုန်းက ကျနော်တို့ဟာ ဘယ်အချိန်မှာ ကိုယ့်ကို ဘာပုဒ်မနဲ့ ဘယ်လို စီရင်ချက်ချမယ်၊ ဘယ်အချိန် ပြန်လွှတ်မယ်၊ ဘယ်လိုတွေဆက်ပြီး ရင်ဆိုင်ရမယ်ဆိုတာ ဘာမှမသိရသလို မိသားစုနဲ့လည်း အဆက်အသွယ် အဖြတ်ခံထားရပါတယ်။
အဲဒီလိုအချိန်မှာ တွေးပြီးပူမိတာက မိသားစုစားဝတ်နေရေးနဲ့ မိခင်ရဲ့ကျန်းမာရေးပါ။ မိသားစုက ကိုယ့်အပေါ် တစုံတရာ မှီခိုနေတဲ့အချိန်မှာ ကိုယ်က ဘာမှလုပ်ကိုင်မပေးနိုင်ဘူးဆိုတော့ စိတ်ပူစရာပဲ မဟုတ်လား။ ဒါပေမယ့် ကိုယ်က ကိုယ့် အတွက်တောင် မရေရာလှတဲ့ အကျဉ်းစံ။ သေသေချာချာ တွေးကြည့်လိုက်တော့ အပြင်မှာဘာပဲဖြစ်ဖြစ် ကျနော် ဘာမှ မတတ်နိုင်ပါ။
အကယ်၍ အဲဒီအချိန်မှာ ကျနော့်အမေ သေဆုံးသွားခဲ့တယ်ဆိုရင် ကျနော့်ပူပင်သောကတွေက သူ့ကို အသက်ပြန်ရှင် လာအောင် ကယ်တင်နိုင်ပါမည်လား။ အကယ်၍ ကျနော်က ပြင်းပြင်းထန်ထန် ငိုကြွေးလိုက်ရင်ရော အားလုံးအဆင်ပြေ ချောမွေ့သွားမည်လား။
ဒီကောင်က ခံစားချက်မှမရှိတာ၊ သံယောဇဉ်မှမရှိတာလို့ တချို့က ထင်ကောင်းထင်ပါလိမ့်မယ်။ သေသေချာချာ တွေးကြည့်မယ်ဆိုရင်တော့ အဲဒီလိုအခြေအနေမျိုးမှာ ကျနော်တို့က ဘာတတ်နိုင်ပါမည်နည်း။ ဒါက ကျနော့်ရဲ့ အတွေ့အကြုံပေါ်မှာဖြစ်ပေါ်လာခဲ့တဲ့ အတွေးတခုပါ။
ကျနော်တို့အနေနဲ့ သိတတ်တဲ့အရွယ်ရောက်ကတည်းက ပူပင်သောကတွေ အနည်းနဲ့အများ ရှိခဲ့ကြတာပါပဲ။ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ စီးပွားရေး စသဖြင့် ဖြစ်ရပ်တွေအများကြီးပေါ်မှာ အခြေခံကြတဲ့ ပူပင်သောကတွေဖြစ် ပါတယ်။ အဲဒီ ပူပင်သောကတွေက ဘာကြောင့်ပေါ်ပေါက်လာခဲ့ပါသလဲ။
အဆင်မပြေမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေကြောင့်ဖြစ်ပါတယ်။ အဆင်မပြေတဲ့အခါ အဆင်ပြေချင်တယ်၊ အဆင်မပြေတဲ့ အရာဟာ မကောင်းဘူးဆိုတာသိတော့ အဲဒီလို မကြုံတွေ့ချင်ဘူး စသဖြင့် စိုးရိမ်သောကတွေ ပေါ်ပေါက်ကြတာဖြစ်ပါ တယ်။
စိုးရိမ်ကြောင့်ကြမှုတွေ၊ ပူပင်သောကတွေဖြစ်ပေါ်တာကို အပြစ်တင်လို့မဖြစ်ပေမယ့် အဲဒီလို ပူပင်နေရုံနဲ့ အခက်အခဲတွေ အောင်မြင်ပြီးမြောက်သွားတာကိုတော့ ကျနော်တို့ မတွေ့ဖူးပါ။ တွေ့ဖူးတဲ့လူလည်း မရှိဘူးလို့ ထင်ပါတယ်။ ပြီးမြောက် အောင်မြင်တယ်ဆိုတာဟာ လုပ်ဆောင်မှုများကြောင့်သာ ဖြစ်ပါတယ်။
ဒီတော့ ကျနော်တို့အနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို မလိုအပ်ဘဲထားသင့်ပါသလား၊ မွေးမြူသင့်ပါသလားဆိုတာကို တွေးကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ ပညာရှင်တယောက်ကတော့ ခုလို ဆိုပါတယ်။
“စိုးရိမ်ကြောင့်ကြမှုများ၏ အများစုမှာ မဖြစ်ခဲ့ဖူးသောအရာများ၊ မဖြစ်သေးသောအရာများ၊ လုံးဝ မဖြစ်နိုင်သောအရာ များအတွက် တင်ကြိုပူပန်နေကြခြင်းဖြစ်သည်။ အချို့သောသူများကမူ လောကတွင် တခါမျှမဖြစ်ခဲ့ဖူးသော အရာများ၊ တခါမျှ မဖြစ်သေးသောအရာများအတွက် ကြိုတင်ပူပန်နေကြခြင်းဖြစ်သည် ”
ဒီတော့ ကျနော်တို့ ပူပင်နေကြတဲ့အရာတွေကရော ဘယ်လိုအရာတွေပါလဲ။ သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ပူပန်ခြင်းနဲ့ လက်တွေ့ဘဝကို ယှဉ်တွဲစဉ်းစားဖို့ လိုအပ်ပါတယ်။ ဥပမာဆိုပါစို့ မိဘကို အရမ်းစိတ်ပူနေတဲ့သူတယောက်က သူ့မှာ အခွင့်အလမ်းလည်းရှိမယ်၊ ဆန္ဒလည်း တကယ်ရှိမယ်ဆိုရင် မိဘဆီရောက်အောင်ပြန်လိုက်ဖို့ လိုပါတယ်။
အဲဒီလို အခွင့်အလမ်းမရှိဘူးဆိုရင်လည်း အခွင့်အလမ်းရှိအောင်ဖန်တီးဖို့ ကြိုးစားဖို့သာလိုအပ်ပါတယ်။ ပူပင်သောက ရောက်နေမယ့်အစား အကောင်းဆုံး အလုပ်တခုခုကို လုပ်ဆောင်ဖို့သာလိုအပ်ပါတယ်။ ထိုင်ပြီးပူနေလို့၊ တချိန်လုံး ငိုနေလို့ ကိုယ်တွေ့ချင်တဲ့သူရှေ့ ချက်ချင်းရောက်သွားတာ၊ ကိုယ်ဖြစ်ချင်တာ ချက်ချင်းအထမြောက်သွားတာ မတွေ့ဖူးပါ။ လက်တွေ့ လုပ်ဆောင်မှုများကိုသာ ဦးစားပေးလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကျနော်တို့အနေနဲ့ ကိုယ်ဘာမှမတတ်နိုင်တဲ့ အခြေအနေတခုကို တခါတရံမှာ ကြုံတွေ့ကောင်း ကြုံတွေ့ နိုင်ပါတယ်။ အဲဒီအခါတွေမှာ ကိုယ်ဘာမှမတတ်နိုင်ဘူးဆိုတာကို နှလုံးပိုက်ရင်း လက်ရှိအနေအထားကို ပိုပြီးကောင်းမွန် တဲ့ အနေအထားတခုဖြစ်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ကိုယ့်ရဲ့ ရည်မှန်းချက်၊ ဆုံးဖြတ်ချက်တွေကို တပိုင်းတစနဲ့ ဖျက်ဆီးပစ်လိုက်ရတဲ့ အဖြစ်မျိုးတွေကို ကြုံတွေ့ကောင်း ကြုံတွေ့နိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကြံပြု လိုတာကတော့ ကိုယ့်ရဲ့လမ်းကြောင်းကို ကိုယ့်မျှော်မှန်းချက်တွေအတိုင်း ဖြောင့်ဖြောင့်မတ်မတ် ဆက်လျှောက်နိုင်ဖို့ပါပဲ။ ။
ထိန်လင်း
၁၊ ၆၊ ဝ၃
ရေစီးသံ ဂျာနယ်
အတွဲ ၇၊ အမှတ် ၁
မေလ ၁၆ ရက်၊ ၂၀၀၃ ခုနှစ်
No comments:
Post a Comment