အဲဒီထက်ပိုပြီးတော့ မှတ်မှတ်ရရရှိတာက အဖေ ထောင်ထဲမှာရှိတုန်း ကျနော်ထင်တယ်၊ ၅၅-၅၆ လောက် ဖြစ်မယ် ထင်တယ်။ ရန်ကုန်ထောင်ထဲမှာ (အဲဒီတုန်းက ရန်ကုန်ထောင်ကြီး ရှိသေးတယ်၊ မဖျက်သေးဘူး။) ပုဒ်မ ၅ နဲ့ ဖမ်းထားသူတွေအတွက် အဆောင်တဆောင် သတ်သတ်ရှိတယ်။ အဲဒီမှာ အဖေက လူကြီး။ ထောင်ထဲမှာ အကျဉ်းသားတွေထဲက လူကြီးတယောက်ဖြစ်နေတဲ့အခါကျတော့ အားလုံးကလည်း ယုံယုံကြည်ကြည်၊ ခင်ခင်မင်မင်၊ လေးလေးစားစားနဲ့ဆိုတော့ ဟို အဖေတောင်းဆိုတဲ့ဟာတွေလည်း ရတယ်။
သိတဲ့အတိုင်းပဲလေ … အဲဒီတုန်းက B ကလပ်တွေဆိုတဲ့အခါကျတော့ ထောင်ထဲမှာ အစားအသောက်၊ အဝတ်အစားက အစ အခုဟာတွေနဲ့စာရင် မနှိုင်းယှဉ်နိုင်လောက်အောင် ကောင်းတယ်။ အဲဒီတော့ အဖေက ဘာလုပ်သလဲဆိုတော့ ကျနော် ကျောင်းပိတ်ရက်မှာ အဖေ့ကို သွားတွေ့တယ်၊ (နွေရာသီ ကျောင်းပိတ်ရက်မှာ) သွားတွေ့တော့ အဖေက ထောင်အာဏာပိုင်ကို ခွင့်တောင်းတယ်။ ကျနော်က ငယ်သေးတာကိုး၊ ၉ နှစ် ၁ဝ နှစ်ပေါ့။ အဲဒီတော့ ကျနော့်ကို ထောင်ထဲမှာ သွားနေလို့ရတယ်။ မနက်မှာ သွားနေတယ်၊ နေ့လယ်လည်း ထောင်ထဲမှာစား၊ ညနေဆောင်းမှ ထောင်ပိတ်ခါ နီးကြမှ ကျနော် အပြင်ပြန်လာတာ။ ကျနော့် အကိုတဝမ်းကွဲ (ဝင်းမော်ဦး) ဦးတင်မောင်က လိုက်ပို့ လိုက်ကြိုလုပ်တယ်။ ကျနော်က ကျနော့်အဖေကိုထားတဲ့ အဆောင်ထဲမှာ တနေကုန်နေရတာ။
အဲဒီမှာ ကျနော် စပြီးတွေ့ဖူးတာ … လေထီး ဗိုလ်အုန်းမောင်။ နောင် … ကျနော်နဲ့ ကိုကိုးကျွန်းမှာ ထောင်ကျဖက်ဖြစ်လာ တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက တလောကမှ ကွယ်လွန်သွားတယ်။ အားလုံးက တသသနဲ့နှမျှောရတဲ့ အင်မတန် သိက္ခာရှိတဲ့၊ အင်မတန်သတ္တိရှိတဲ့ ကျနော်တို့အပေါ်မှာ လမ်းညွှန်မှုတွေ အများကြီးပေးခဲ့တဲ့၊ သတ္တိတွေ အများကြီး မွေးပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတယောက်။ ကျနော် ဘယ်တော့မှ မမေ့နိုင်တဲ့ပုဂ္ဂိုလ်ကြီး။ ကျနော်က သူ့ကို ဦးလေးပဲခေါ်ပါတယ်။ အင်မတန်မှ ရင်းတာပါ။
ဒီတော့ လေထီးဗိုလ်အုန်းမောင်က အဲဒီတုန်းက တုတ်ကောက်ကလေးတချောင်းနဲ့ ထော်နဲ့တော်နဲ့နဲ့ အဲဒါကြောင့်မို့ သူ့နာမည်ကလည်း အဲဒီကတည်းက ဟိန်းလွန်းလို့ ကျနော်တို့က ငယ်ငယ်လေးပေမယ့် သိနေတာ။ နောက်တယောက် အဲဒီထောင်ထဲမှာ ထူးထူးခြားခြားတွေ့မိတာက သခင်ဖေဌေး (အလံနီပါတီက)လည်း အဲလိုပဲ ခါးကြီးစောင်းပြီးတော့ ဒုက္ခိတကြီးလိုကို ဖြစ်နေတာ။ အဲဒါနဲ့ သူ ထောင်လှေကားကြီးပေါ်မှာ အတက်အဆင်း၊သူက အပေါ်ထပ်နေရတာ၊ သွားလာနေတာ မျက်စိထဲက မထွက်ဘူး။ အဲဒီတော့ ဘေးကလူတွေ ပြောပြောနေတာ “အဲဒါ ဘယ်သူပဲ၊ ဘယ်ဝါပဲ” ကျနော့်ကို အကုန်လုံးထောင်ထဲကရှိတဲ့ လူကြီးတွေက အားလုံးချစ်ကြတာကိုး။ သူတို့အထဲကို ကလေးလာတယ်ဆိုတော့ ဒါ ဒါဟာ ကြုံတောင့်ကြုံခဲ၊ လာတောင့်လာခဲ မိတ်ဆွေလည်းဖြစ်နေတဲ့အခါကျတော့ အားလုံးချစ်ခင်ပြီးတော့ အကုန်လုံး ရှင်းပြနေကြတာ။
ကျနော်က အဲဒီအချိန်မှာ ပင်ပေါင် ကစားတယ်။ ပင်ပေါင်ကစားတဲ့အခါကျတော့ သူတို့က သည်းညည်းခံပြီးတော့ ကစားပေးတယ်။ စိတ်ရှည်လက်ရှည်နဲ့။ လူကြီးတွေက ကလေးကို ဖေးပြီးကစားလို့ရတယ်။ ကျနော် ဘာစားချင်တယ်ဆိုရင် လုပ်ပေးတယ်။ စာကြည့်တိုက်သွားချင်တယ်ဆို လိုက်ပြတယ်။ အစုံပဲ။ အဲဒီ ပုဂ္ဂိုလ်နှစ်ဦးအပြင် ကျနော်တွေ့ဖူးတာက အခု မကြာခဏ RFA တို့ ဘာတို့က အင်တာဗျူးလုပ်နေတဲ့ ပြည်သူ့ရဲဘော်က ဗိုလ်ထိန်လင်း၊ အဲဒီ ထောင်ထဲမှာ တွေ့ဖူးတာ။ စာရေးဆရာထဲကဆိုရင် ဗန်းမော်တင်အောင်၊ မောင်နေဝင်း အစရှိတဲ့လူတွေ။ နောက် … တခြားလည်း အဖွဲ့အစည်း ပေါင်းစုံက နိုင်ငံရေးသမားတွေ၊ အဲဒီမှာ ကျနော် တွေ့ဖူးတယ်။
နောက်တခါ စစ်ထောင်ဆိုတာ ရှိသေးတယ်။ ရန်ကုန်ထောင်ထဲမှာပဲ။ စစ်ထောင်ဆိုတာက စစ်တပ်ကနေပြီးတော့ ဖမ်းထားတဲ့လူတွေကို ထားတဲ့နေရာ။ အဲဒီဘက်ကို ကျနော် ကူးသွားပြီးတွေ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ ကျနော့် အဒေါ်ရဲ့ခင်ပွန်း (ကျနော့် ဦးလေး) ဗိုလ်လှဖေဆိုတာ ရှိတယ်။
ဗိုလ်လှဖေဆိုတာက မန်းဝင်းမောင်တို့၊ ခုန လေထီး ဗိုလ်အုန်းမောင်တို့နဲ့ အိန္ဒိယကိုလိုက်ပို့တာ ဖျားနာပြီးတော့ လမ်းမှာထားခဲ့ရတဲ့ ပုဂ္ဂိုလ်။ နဂိုက ဗမာ့တပ်မတော်က လက်နက်ကိုင်တော်လှန်ရေးဖြစ်တော့ သူကလည်း လက်နက်ကိုင်တော်လှန်ရေးထဲ ပါလာပြီး သူကလည်း ကွန်မြူနစ်ပါတီထဲလိုက်လာပြီး သူက မိလာတာ။ ဒါကြောင့် သူ့ကိုလည်း အဲဒီ စစ်ထောင်ထဲမှာ ထားတယ်။
နောက် … ဗိုလ်လှဖေရယ်၊ အဲဒီတုန်းက ကရင်အရာရှိကြီးတွေ၊ စစ်အရာရှိကြီးတွေ အများကြီးပဲ။ သူတို့ကတော့ ကရင့်တော်လှန်ရေး စတယ်ဆိုတာနဲ့ သူတို့အားလုံးကို ရာထူးက ဖြုတ်၊ အန္တရာယ်ရှိမယ်ထင်တဲ့လူတွေ အကုန်လုံးကို အသားလွတ်ထောင်ထဲထည့်ထားတဲ့ ပုဂ္ဂိုလ်တွေပဲ။
အဲဒီတော့ အဲလို အတွေ့အကြုံတွေရှိနေတော့ ကျနော့်အမြင်တော့ ထောင်ဆိုတာက နေပျော်တဲ့ဟာလေ။ ကိုယ်ကလည်း အသက် ၂ဝ လောက် ရှိသေးတဲ့အခါကျတော့ ထောင်ဆိုတာ ပျော်စရာကြီး။ အထူးအဆန်းတခု၊ အဲဒီလောက်ပဲ ကျနော် အဲဒီလိုပဲ သဘောထားတာ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment