Tuesday, September 8, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့ (၂၅)


ကျလာတာနဲ့ အလုအယက် ကောက်ကိုင်ကြည့် လက်နဲ့ပွတ်ကြည့် ဆိတ်ကြည့်ကြတယ်။ အညိုရောင် မျက်နှာပြည့် ဖောင်းဖောင်းလေးနဲ့ ချစ်စရာပါ။ ဒီ ကြယ်သီးလေးကို အိမ်နဲ့အင်တာဗျူးတွေ့ရစဉ် ရလာခဲ့တဲ့ မျက်နှာသုတ်တဘက်ကြီး အစွန်းမှာ အပ်နဲ့တွယ်ချုပ်ထားလိုက်မိပါတယ်။


နောက်တော့ ကျနော်တို့ ၇ ယောက်စလုံး အပေါ်ထပ် အခန်းကျဉ်း တခန်းထဲပို့ပါတယ်။ မူလအခန်းကြီးကို ၃ ပိုင်း ပိုင်းထားတာမို့ လမ်းလျှောက်လို့ မကောင်း။


ဒီ အချိန်က ဦးနုရဲ့အဖွဲ့တွေ ‘ဆင်ဖြူတော်’ နာမည်နဲ့ တခြားအဆောင်တွေမှာ ရှိနေပြီဖြစ်တယ်။ ရုပ်ရှင်မင်းသား မောင်မောင်တာလည်း ပါတယ်လို့ အုတ်ရိုးသတင်းက ဆိုပါတယ်။


မကြာခင် ကျနော်တို့အဆောင် အောက်ခန်းတွေမှာ ‘ဇူဇကာ စစ်ဆင်ရေး’ နဲ့ ကုန်သည် ပွဲစားတွေ ရောက်လာပြန်တယ်။ ကိုအောင်ဘော် ဦးလေးကြီးတယောက် ပါလာပါတယ်။ ပြင်းစရာ တယ်မရှိလှတော့ပါ။ မဆလခေတ်မှာ နို့ဆီခွက်ခေါက် ခေါ်နေစရာမလို အချိန်တန် လူတွေပြည့်နေတာချည်းပါပဲ။


(၆)


မှတ်မှတ်ရရ ၁၉၇၃ ခု၊ ဧပြီလ ၁၃ ရက်


နံနက်ခင်းကတည်းက ထောင်ထဲမှာ လှုပ်လှုပ်လှုပ်လှုပ်၊ အုတ်အုတ်ကျက်ကျက် အသံတွေကြားနေရပါတယ်။ သင်္ကြန်အကြိုနေ့မို့ အလှူရှင်ပေါ်ပြီး စားကောင်းသောက်ဖွယ်များ ကျွေးမလို့လား၊ မဟုတ်ပါ။


မကြာခင် ကျနော်တို့အဆောင် အောက်ထပ်က ဇူဇကာတွေ အသံကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ တယောက်ပြီးတယောက် ခေါ်ထုတ်နေတာလည်း တွေ့ရတယ်။ (သြော် … လူတွေ လွှတ်နေတာကိုး) အဆောင် နေ ဝါဒါတွေလည်း မြူးကြွနေပါတယ်။ ပေးထား၊ ချန်ထားတဲ့ လက်ကျန်ပစ္စည်းတွေ သူတို့ရတော့မှာလေ။


ကျနော်က အခြေအနေတွေ(အထူးသဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်)တွက်ပြပြီး “ကျနော်တို့လည်း ပါနိုင်တယ်၊ ဘွန်း (Bond) အထိုးခိုင်းရင် မထိုးကြဖို့” ကြိုဆွေးနွေးထားလိုက်ပါတယ်။


၁၂ နာရီလောက်ရှိတော့ အပေါ်ထပ်ရှိ ကျောင်းသားရဲဘော်တွေ တယောက်ချင်း လာခေါ်ပါတယ်။ သူတို့ဖြတ်သွားတဲ့အခါ ကျနော်က စာရေးဟန်ပြပြီး (လက်မှတ် မထိုးကြဖို့) ခေါင်းယမ်းပြတော့ သူတို့က ခေါင်းညိတ်ပြကြတယ်။


နေ့ခင်း ၃ နာရီလောက်မှာ ကျနော့်ကို စ,ခေါ်ပါတယ်။ အောက်ဆင်း တံခါးမကြီးနားရောက်မှ စောင်အုပ်ပါတယ်။ တိုက်ပုလေး တခုရှေ့မှာကျမှ ဖွင့်ပေးပါတယ်။ ဘခက်နဲ့တွေ့စဉ်က အခန်းမဟုတ်၊ အပေါက်ဝမှာ စွပ်ကျယ် လက်ပြတ်နဲ့ ဗလမောင် ဒု တပ်ကြပ် တင်လှ … ကျောက်ရုပ်ကြီးတရုပ်လို တောင့်တောင့်ကြီး ရပ်လို့။


အခန်းထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး စားပွဲ ကုလားထိုင်နဲ့ အခံ့သားထိုင်နေကြတယ်။ ကြိုဆိုတဲ့ လက္ခဏာ မရှိသလို တရားလို တရားခံ မျက်နှာထားမျိုးလည်း မဟုတ်။ ခံစားချက်မရှိတဲ့ မျက်နှာတွေနဲ့ …။


“ထိုင်ဗျာ၊ အချိန်လည်း မရှိတော့ဘူး၊ ခင်ဗျားကို လွှတ်ပေးတော့မယ်၊ မလွှတ်ခင် ထုံးစံအတိုင်း လုပ်စရာ ရှိတာလေးတွေ လုပ်ကြရအောင်” … လို့ တယောက်က ပြောတယ်။ ကျန်တယောက်က ကျနော့်မျက်နှာကို စေ့စေ့ကြီး စိုက်ကြည့်နေတယ်။ (ဒါလား ဆိုက်ကို) ဆက်ပြောတယ်။


“ဒီ စာရွက်လေး ဖတ်ကြည့်ပါဦး”


အသင့်ချထားတဲ့ စာရွက်တရွက်ကို ထိုးပေးလာတယ်။ ကျနော် ကတိုက်ကရိုက် ယူဖတ်လိုက်တယ်။


၁။ ကျနော် ထောင်ကထွက်ရင် နိုင်ငံရေး မလုပ်တော့ပါ … တဲ့။ ချက်ချင်းပြန်ပေးလိုက်ပြီး သူတို့ကို ပြန်စိုက်ကြည့်လိုက်မိတယ်။


“ဖတ်ပြီးပြီလား?”

(ပြီးပြီ)


“မြန်လှချည့်လား?”

(နံပါတ် ၁ တချက်နဲ့ လုံလောက်ပါတယ်။)


“ဘယ်လိုလဲ?”

(ခင်ဗျားတို့ဟာက ‘ဘွန်း’ ပဲ)


“ကျနော်တို့က ခင်ဗျားတို့လို လူမျိုးတွေကို စိတ်ချလက်ချ ဒီအတိုင်းလွှတ်မပေးရဲဘူးလေ”

(ဘာပဲဖြစ်ဖြစ် ကျနော် လက်မှတ်မထိုးနိုင်ဘူး)


“ဒီလိုဆိုလည်း သွားပေဦးတော့ပေါ့၊ ဟေ့ … ဆရာတင်လှ ခေါ်သွား”


တင်လှရဲ့ တဟားဟား ရယ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ “ဟား … ဟား … ဟား ကြိုက်ပြီ၊ ဒီလိုခေါင်းမာတဲ့ကောင်တွေရဲ့ခေါင်းတွေ ရိုက်ခွဲလာခဲ့တာ များပြီ၊ လာလိုက်ခဲ့”


အတိုချုပ်လိုက်ရင်တော့ တိုက်အခန်းကျဉ်းလေးထဲ ဒလိမ့်ခေါက်ကွေး ရောက်သွားပါတယ်။ နေရာသစ်မို့ အခန်းကို စူးစမ်းလေ့လာရင်း ဘာတွေဖြစ်လာဦးမလဲ စဉ်းစားနေမိတယ်။ အိုက်လိုက်တာကလည်း လွန်ရော။


နာရီဝက်လောက်ကြာတော့ တံခါးဖွင့်သံကြားရပြီး နောက်တယောက်ရောက်လာတယ်။ ပျော်ရပြန်ပါပြီ။ A.B ပဲပေါ့။ သူက တခွိခွိ ရယ်ပြီး သူ့ဖြတ်သန်းမှုကို မိတ်ဆက်ပြပါတယ်။


“ဘူးဝဘက် ခေါ်မသွားဘဲ ဟိုငနာ ၂ ကောင်ဆီရောက်သွားကတည်းက တိုက်ထဲတော့ တန်းနေပြီ၊ အပြင်မှာ နေရသလောက် အချိန်ဆွဲနေလိုက်ဦးမယ် … လို့ စဉ်းစားရင်း သူတို့ပေးတဲ့ စာရွက်ကို စိမ်ပြေနပြေ ဖတ်နေတာ ပေါ့၊ သူတို့ ကျနော့် မျက်နှာရိပ်မျက်ကဲ မမြင်ရအောင် စာရွက်ကိုမြှောက်ပြီး ကွယ်ဖတ်ထားတယ်။


ဆက်လက်ဖော်ပြပါမယ်။


No comments: