Tuesday, June 2, 2009

ကျနော်တို့ရဲ့ စံပယ်ပန်းပွင့်ကလေးများ (မောင်တောက်)

ယခုတော့ဖြင့် တချိန်က အာရှ၏စပါးကျီဖြစ်ခဲ့ဖူးသော မြန်မာနိုင်ငံတွင် လူထု၏ လူမှုဘဝတိုးတက်မှု နတ္ထိ။ လူ့အခွင့်အရေးချိုးဖောက်မှု အဆင့် ၁။ လူထုပညာရေးဘဝ သုံည။ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျ။ တရားဥပဒေစိုးမိုးရေး တဖက်သတ်။ နိုင်ငံရေးစနစ် သေနတ်။


သစ်ရွက်တွေပေါ်မှာ

စံပယ်ပွင့်တွေ ဖွေးဖွေးဝေနေသလိုပဲ

ကလေးတွေ … ကလေးတွေ

ကျောင်းတက်နေကြပြီကွယ် …။


မောင်မောက်(ဥက္ကလာ)ရေးခဲ့ဖူးသည့် အထက်ပါကဗျာလေးတစကို ပြန်လည်သတိရမိတိုင်း အဖြူနှင့်အစိမ်းကြား မှ ခန့်ငြားလှသော မျိုးဆက်သစ်ကလေးများ၏ စာသင်ကျောင်းခရီးကို တဖျပ်ဖျပ် မြင်လာရသည်။


ငယ်စဉ် ရွာကျောင်းတက်စဉ်က မြေနီလမ်းကလေးကိုလည်း သတိရမိသည်။ ရုတ်တရက် မိုးတွေက တဖွဲဖွဲရွာချတော့ လွယ်အိတ်ကိုမပြီး ပြေးခဲ့ရတဲ့အဖြစ်။


တိုက်နယ်၏ တခုတည်းသော အထက်တန်းကျောင်းဖြစ်သဖြင့် ၇ မိုင်၊ ၈ မိုင်ခန့်ဝေးသောအရပ်မှ လွယ်အိတ်တဖက်၊ ထီးတဖက်နှင့် ထမင်းချိုင့်ကိုဆွဲရင်း ချွေးတရွှဲရွှဲ ကျောင်းလာတက်ကြသူတွေကိုလည်း ပြန်လည်အမှတ်ရလာသည်။


ရွာပေါင်း ၁ဝဝ ခန့်မှ ကျောင်းနေဘက်တို့နှင့် ပညာရိပ်ကို အတူခိုလှုံကြ၊ သင်္ချာပုစ္ဆာတွေကို အဖြေတိုက်ကြည့်ကြ၊ အင်္ဂလိပ်စကားလုံးတွေကို အားကျမခံ နှုတ်တက်ဆောင်ကြနှင့် ဘဝကို ရင့်ကျက် လတ်ဆတ်လာအောင် ကြိုးစားခဲ့ကြသည်။


သည့်နောက် အတန်းတွေကြီးလာတော့ အပြောင်းအလဲတွေ ဖြစ်လာသည်။ တချို့သော ကျောင်းနေဘက်သူငယ်ချင်းများ ကျောင်းကို ပြန်မလာကြတော့။ တချို့က စာမေးပွဲကျသဖြင့် လယ်ထဲဆင်းနေကြသည်ဟု ကြားရသည်။ တချို့ကတော့ ပညာရေးအတွက် အချိန်မပေးနိုင်တော့ဟု ဆို၏။


လူတယောက်၏ ငယ်ရွယ်စဉ်အချိန် ကာလများသည် ပညာရေးအတွက်ပင် ဖြစ်ရမည် မဟုတ်လော။


သို့ပေမင့် မိသားစုဘဝအခြေအနေ ယိုင်နဲ့လာသောအဖြစ်အပျက်က ကျနော့် သူငယ်ချင်းတချို့ကို ကျောင်းမှထွက်စေခဲ့တော့သည်။ အိမ်မှလူကြီးတွေ၏ ညည်းညူသံကိုလည်း စတင်ကြားခဲ့ရပေပြီ။


“ခေတ်တွေလည်း ကြပ်လာပါလား ကုန်ဈေးနှုန်းတွေကလည်း ကြီးပါ့”


အလယ်တန်းကျောင်းသားဘဝရောက်နေပြီမို့ အပြောင်းအလဲတွေ ဖြစ်လာသည်ကို ရိပ်မိလာ၏။ မပြောင်းလဲသည်ကိုလည်း မြင်လာ၏။ အခြားမဟုတ်။ နိုင်ငံရေးပင်တည်း။


ခေတ်က ပြောင်းလဲလာပြီး လူမှုဘဝအချို့ကို ထိပါးနေသော်လည်း နိုင်ငံရေးစနစ်ကတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဖြင့်သာ ချီတက်နေဆဲ။ လူတွေ၏ ရပ်တည်ရှင်သန်ရေး ကျပ်တည်းလာသော်လည်း နိုင်ငံရေးကတော့ မကျပ်တည်း။ ချောင်လိုက်သမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တခုတည်းသာရှိသည်။


သို့နှင့် အဝေးသင်ပညာရေးစနစ် ပေါ်လာပြန်၏။ အလုပ်တဖက်နှင့် ပညာရေးဘက် ဆက်လိုက်ချင်သူများအတွက် ရည်ရွယ်ရင်းရှိသော်လည်း တဖြည်းဖြည်းနှင့် အဆိုပါ အဝေးသင်ပညာရေးစရိတ်ရရှိရန်ပင် ရရာအလုပ်ဝင်လုပ်ရင်း အိမ်ထောင်ရေးဘဝထဲ နစ်မြုပ်သွားသောလူငယ်တွေကို မြင်လာရသည်။


တရွေ့ရွေ့ပြောင်းလဲဆုတ်ယုတ်ခြင်းကား အရှိန်ရလာပြီဖြစ်သော်လည်း နိုင်ငံရေးကတော့ မတုန်မလှုပ် ကျောက်ရုပ်။


သည့်နောက် ဆင်းရဲချမ်းသာကွာဟမှုက ကြီးမားသထက် ကြီးမားလာသည်။ ဆင်းရဲသူတွေက ဆက်ပြီး တွင်းတူးဖို့သာရှိသည်။ ချမ်းသာသူများမှာကား ခြေချော်လက်ချော် ကံမကောင်းဖြစ်ဦးတော့။ အာဏာပါဝါတွေက ကာလာရောင်စုံ ထွက်နေပြန်သေးသည်။


ဟော … မပြောမဆို ရွာချလိုက်သော မိုးကဲ့သို့၊ ကျောင်းသားဦးဆောင် လူထုအုံကြွမှု၊ ဒီမိုကရေစီ တောင်းဆိုရေး လှိုင်းတံပိုး၊ အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းမှု၊ စစ်တပ်အာဏာသိမ်းခြင်း၊ ပါတီစုံ ဒီမို ကရေစီ ရွေးကောက်ပွဲ၊ ကတိကဝတ် ပျက်ပြားခြင်း … စသည်ဖြင့် မထောင်းတာလှသော ကာလအတွင်းမှာပင် မိုးကြီးလည်း ရွာချသည်။ လေပြင်းလည်းတိုက်၏။ မိုးသီးတွေလည်းကြွေ၍ လျှပ်စီးတွေကလည်း တလက်လက်။


နိုင်ငံရေးအခြေအနေက ရှေ့တလှမ်းတိုးဖို့ အမျိုးမျိုးကြံဆနေရ၏။ နောက်ဆုတ်ရန်တော့ စိတ်ကူးမျှပင် မရှိ။


သည်ကြားထဲ စစ်အာဏာရှင်အသိုင်းအဝိုင်းနှင့် အလိုတော်ရိများကိုသာ တံခါးဖွင့်ပေးသော စစ်ကွက်စီးပွားရေးစနစ် လက်ဝါးကြီးက ကျယ်ပြန့်ထွားကျိုင်းလာသည်။


ပညာရေးကတော့ မသင်မနေရ ပညာရေးစနစ် ထွန်းကားလာဖို့မပြောနှင့်။ ပညာသင်နေဆဲ ကျောင်းသားတွေပင် ကျောင်းအရိပ်ကို မနင်းနိုင်ကြတော့။ ရှိသေး၏။ ကျောင်းစရိတ်။


အသက်မွေးဝမ်းကျောင်း ပညာရပ်တခုတတ်မြောက်ပြီး လူ့ဘဝခရီးကို ရွက်လွှင့်ကြရမည့်အစား လူမှုဘဝရပ်တည် ရှင်သန်ရေးဝဲသြဃထဲ အပြိုပြိုအလဲလဲ ဖြတ်သန်းရင်း ပညာရေးစခန်းဆီ ခက်ခက်ခဲခဲ လှမ်းနေကြရ၏။


သို့နှင့် အပြောင်းအလဲခေတ်ကြီးကို ခါးသီးစွာခံစားနေကြရသော မိဘတချို့က ကျောင်းဆိုလျှင် ဆလံသလာကြတော့သည်။


အရပ်သားပညာရေးနှင့် စစ်ဘက်ပညာရေးစနစ်ကလည်း အာဏာရှင်စစ်အုပ်စုလက်ထဲမှ ခွဲထွက်လာပြန်ချေ၏။ လက်လုပ်လက်စား ကျေးလက်ဒေသနေ လူထုများမပြောနှင့်။ မြို့ကြီးပြကြီးတွင် နေထိုင်သူများပင် မိမိရင်သွေး ကျောင်းဝင်ခွင့်ရရှိရေးအတွက် မြန်မာကျပ်ငွေ ၁ သိန်း မှ ၅ သိန်းအထိ ပေးနေကြရသည်။


စစ်ဘက်ပညာရေးကျောင်းများမှာတော့ ထိုသို့ငွေပေးရခြင်းမရှိ။ လက်ဆောင် ပစ္စည်းများကိုတော့ မဖြစ်မနေပေးကြရသည် တဲ့။ ဘာထူးသနည်း။


ယခုတော့ဖြင့် တချိန်က အာရှ၏စပါးကျီဖြစ်ခဲ့ဖူးသော မြန်မာနိုင်ငံတွင် လူထု၏ လူမှုဘဝတိုးတက်မှု နတ္ထိ။ လူ့အခွင့်အရေးချိုးဖောက်မှု အဆင့် ၁။ လူထုပညာရေးဘဝ သုံည။ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျ။ တရားဥပဒေစိုးမိုးရေး တဖက်သတ်။ နိုင်ငံရေးစနစ် သေနတ်။


သြော် … …


သစ်ရွက်ပေါ်မှာ စံပယ်ပွင့်တွေ ဖွေးဖွေးမဝေနိုင်တဲ့အပြင် တိုင်းပြည်ရဲ့ အညွန့်အဖူး ကျနော်တို့ရဲ့ စံပယ်ပွင့်ကလေးများ ဖျားနာနေကြပါပကော …။



ရေစီးသံဂျာနယ်

အတွဲ ၄ အမှတ် ၁၀

သြဂုတ် ၁၆ ရက် ၂၀၀၁ ခုနှစ်


No comments: