သူကတော့ ရဲဘော် ထွန်းဝင်းနဲ့ တပ်ထဲမှာ အတူနေ၊
အတူ ယူဂျီလုပ်ခဲ့တဲ့ နှုတ်ခမ်းမွှေးကားကားနဲ့ ကိုတေဇပါ။
“သက်သာ” ဆိုတဲ့အသံလည်း ပေါ်လာရော
ကျနော်တို့တတွေ ထောင်မှူးကြီးနဲ့အဖွဲ့ကို ဝိုင်းလိုက်ကြတယ်။
သူတို့ကို အတင်းအထိုင်ခိုင်းလိုက်ပြီး
လက်ညှိုးငေါက်ငေါက်ထိုးကာ စွဲချက်တွေ တင်ကြတယ်။
၇။ ရဲဘော် လေးမောင် (တတိယသုတ်)
သူ အခြေခံ ကျန်းမာရေး မကောင်းတာရေးခဲ့ပြီ၊ ဒါပေမယ့် အလုပ်ကြမ်းအလုပ်ဖြစ်တဲ့ ထင်းအဆိုင်းမှာ သူ လိုက်တယ်။ တခါတရံ ဖိုကြီးမှာ တာဝန်ယူပါတယ်။ ဟင်းကတော့ ကောင်းကောင်းမွန်မွန် မချက်တတ်၊ ဒါကြောင့် ထမင်းဖိုဘက်မှာ လှေလှော်တက် (ယောင်းမ)တချောင်းနဲ့ ထမင်း အိုးမွှေနေတာ တွေ့ရပါတယ်။
အညာအခေါ် မိုးဗြဲဒယ်အိုးကြီး ၂ လုံးကို လူ ၂ ယောက် တလှည့်စီ ချွေးတလုံးလုံးနဲ့ အားစိုက်ခွန်စိုက် ချက်ရတာပါ။ ကျန်းမာရေးအတွက်ရယ်၊ အပိုကိစ္စလို့ ယူဆလာတာရယ်ကြောင့် သူအလွန်ကြိုက်တဲ့ ဆေးလိပ်ကို ဖြတ်ပါတယ်။
သူက ကဗျာဆရာ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်တို့နဲ့ တခေတ်တည်းသမား (၅၆/၅၇ ခုနှစ်) စာအလွန် ဖတ်သူ … သူ့ဆီမှာ အင်္ဂလိပ်စာအုပ်တွေကလည်း တပုံကြီး … အမြဲတမ်း ဆေးလိပ်တတို၊ စာတအုပ်နဲ့ တွေ့ရလေ့ ရှိတယ်။
ကဗျာရေးတော့ (မန်း)တက္ကသိုလ်စာစောင်တွေနဲ့ အထူးသဖြင့် ‘ရှုမဝ’မှာဖြစ်တယ်။ တခါတရံ အဖွင့်ကဗျာအဖြစ် ပါတတ်တယ်။ သူ့ရဲ့ကဗျာတွေ စုစည်းပြီး ‘နွေဦးချောင်းနဲ့ ပန်းလောင်းလှေ’ အမည်နဲ့ စာအုပ်ထုတ်ဖို့ ၆၃ ခုနှစ်မှာ ဝိုင်းပြီးလုံးပမ်းခဲ့ကြဖူးတယ်။ စာစီပြီး ရိုက်နေဆဲတန်းလန်း ပုံနှိပ်စက် မီးလောင်တဲ့အထဲ ပါသွားခဲ့လို့ မထုတ်ဖြစ်လိုက်ပါ။
တခါမှာ ‘အညာမြေ ခေတ်ကဗျာများ’ စုပေါင်းစာအုပ် မန္တလေးမှာ ထုတ်ဖြစ်ခဲ့ကြတယ်။ ဒီအထဲမှာပါတဲ့ သူရဲ့ကဗျာ ၂ ပုဒ်ကို ဆရာ ရန်အောင်က မဂ္ဂဇင်းတစောင်မှာ စာရှည်ရှည်ရေးပြီး ချီးမွမ်းခဲ့ဖူးတယ်။ ထောင်ထဲနဲ့ ကျွန်းမှာ လည်း တောက်လျှောက် ကဗျာတွေစပ်ခဲ့တယ်။
ဒါပေမယ့် တိုက်ပွဲဝင်နေတုန်းကာလမှာတော့ မှတ်တမ်းလည်း မရေး၊ ကဗျာလည်း မစပ်ခဲ့ပါ။ ဒါကလည်း သူ့အယူအဆနဲ့သူပါ။ လုပ်စရာမရှိတော့ ဆေးလိပ်ပြန်သောက်ပါတယ်။ Striker တွေ ဆေးလိပ်ပြတ်သွားတော့ တခြားအဖွဲ့အစည်းတွေက လှူပါတယ်။ နောက်ဆုံးမှာ ပွတ်ချွန်းပဲ သောက်ကြရပါတယ်။
အားလပ်တဲ့အချိန်တွေမှာ သူ့အနားသွားပြီး စကားပြောမိပါတယ်၊ သူ့ထုံးစံအတိုင်း ခပ်အေးအေးပါပဲ။ (မဲကြီး ကျအပြီး) အပြင်က ရဲဘော်ဘော်တွေ ရေဖြတ်ပြီး ဝင်သင့်၊ မဝင်သင့် သူ့ကို ဆွေးနွေးကြည့်လိုက်တော့ နည်းနည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။
နောက်မှ “ပါတီကော်မတီနဲ့ မောင်ရင်တို့ အပြင်ကလူတွေက အခြေအနေ ပိုသိပါတယ်။ သင့်မယ်ထင်သလို လုပ်ကြပါ” … ဒါပဲ ပြောတယ်။
သူ့အနေနဲ့ စာဖတ်တဲ့အခါ ဖတ်၊ ဘေးနားက ရဲဘော်တွေနဲ့ စကားပြောတဲ့အခါပြောရင်း တိုက်ပွဲကာလကို ဖြတ်သန်းနေပါတယ်။
တမြို့တည်းသားလည်း ဖြစ်၊ သူနဲ့ ရေရှည်တလျှောက်လုံးလည်းနေလာသူဖြစ်လို့ သူ့အကြောင်းနဲ့ သူ့စရိုက်ကို အတော်အတန် သိပါတယ်။
စောစောပိုင်း စာပေသမားသက်သက်ဘဝတုန်းက အရက်ကြိုက်သူ။ မမူးလျှင် လူအေး မူးလျှင်‘ဂျီ’ကျပြီး ထိန်းရခက်သူ၊ ခင်သည်ဆိုသူများပင် အဝေးက ရှောင်ကြရသူ။
နောက်ပိုင်း (၆၂/၆၃) နိုင်ငံရေးဘက် စိတ်ညွတ်လာချိန်ကစပြီး မူးတာ နည်းသွားတယ်။ ကျနော်နဲ့ အတူနေစဉ်မှာတော့ အပေါင်းအသင်းတွေ ဆွဲခေါ်သွားလို့၊ တကြိမ် နှစ်ကြိမ် မူးပြန်လာတာ တွေ့ဖူးတယ်။ မရမ်းတော့ပါ။ တဟီးဟီးပဲ ရယ်နေပါတော့တယ်။
တခေတ်က သူတို့စုံတွဲအကြောင်း မန္တလေးတက္ကသိုလ်မှာ ပြောစမှတ်လေးတွေ အတော်အတန်ရှိခဲ့တယ်။ အချစ်သည်းကြတဲ့အကြောင်း၊ ကျီးကန်း ဘဲဥချီလာပြီ အပြောခံရတဲ့ အကြောင်း … စသည်။
၆၃ ခုနှစ်က ဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂလုပ်ငန်းတွေလုပ်ရင်း ဗောဓိကုန်း ‘သပြေ’ ရိပ်သာမှာအတူနေစဉ်က ကြည်အောင်တို့လူစု ရွှေမန်းဆောင်ကပြန်လာပြီး …
“ခင်ဗျားကို မှာလိုက်တယ်။ စောင့်နေကျနေရာက စောင့်ပါတဲ့”
“ဟုတ်မှလည်း လုပ်ပါ၊ ကိုရင်တို့ ချောက်ချတာ များပြီ၊ မယုံဘူး”
“သဘောပဲလေ၊ တာဝန်အရ ပြောတာ”
သူ နာရီဝက်ခန့် ချီတုံချတုံ ဖြစ်နေပါတယ်။ သူ မနေရဲတော့ပါ။ တိုက်ပုံလေး ပခုံးပေါ်ပစ်တင်ပြီး ထွက်သွားပါတယ်။ အိမ်ရှေ့ဆိုင်မှာထိုင်နေတဲ့ မြင်းခြံသားနှစ်ယောက် ထလိုက်သွားပါတယ်။ သူတို့ ပြန်လာတော့ ကြေညာချက်တခု ထုတ်ပြန်လိုက်ကြတယ်။
“ရွှေမန်းဆောင်ရှေ့ တမာပင်ရိပ်မှာ မဟူရာကျောက်တိုင်ကြီး တတိုင်စိုက်ထူပြီးစီးကြောင်း …” တဲ့။
လူအေးဖြစ်ပေမယ့် လူရင်းချင်းဆိုရင် အပေါင်းအသင်းတွေကို စ,တတ် နောက်,တတ်သလို သူများက စ,ရင်လည်း လုံးဝ စိတ်ဆိုးတတ်သူမဟုတ်၊ တဟဲဟဲ … နဲ့ ပါပဲ။ ဒါက သူ့ နောက်ကြောင်း။
ရဲဘော် ထွန်းမြင့်၊ ရဲဘော် စိန်ချင်းတို့အကြောင်း၊ ကိုယ်ရေးရာဇဝင်၊ နိုင်ငံရေး ဖြတ်သန်းမှု … စသည်တွေ ဖတ်ပြပြီးတော့ သူ့အနား တခေါက်ပြန်တယ်။ ရဲဘော် ထွန်းမြင့်က သူနဲ့ တဆောင်တည်းသားမို့ နေ့စဉ်နေထိုင်မှု ဘဝအကြောင်း သူက ပိုသိပါတယ်။
ကျနော်ဖတ်ပြတဲ့အထဲ မပါတာလေးတွေ သူက ဖြည့်စွက်ပြောပြနေပါတယ်။ အချုပ်ကတော့ …
“သူက လူအေးပဲ၊ သူက စကား စပြောခဲတယ်။ တခြားလူက လာပြောရင်တော့ လေးလေးစားစား နားထောင်တယ်။ တက်တက်ကြွကြွ ပြန်ဆွေးနွေးတတ်တယ်။ သူ့မိသားစုအတွက် စိတ်မကောင်းစရာပဲ …”တဲ့။
ပြောနေတာက ပြတ်တောင်းပြတ်တောင်း … သူ့မှာ ခွန်အားသိပ်မကျန်တော့ပါ၊ ဒါကို ရုပ်ရည်နဲ့ အသံက ဖော်ပြနေပါတယ်။
ပွတ်ချွန်းလေးကို တချက်တချက် ရှူနေရတာလည်း ပါ,ပါမယ်။ မန္တလေးမှာ အတူနေစဉ်ကလို အားရပါးရ အခိုးတွေရှိုက်သွင်းနေတာမျိုး မဟုတ်၊ ရှူတယ်ဆိုရုံမျှသာ …
တကြိမ်မှာတော့ ပွတ်ချွန်းတိုလေး ပါးစပ်ကအဖြုတ် ရင်ဘတ်ပေါ် ပြုတ်ကျသွားပါတယ်။ ‘အား’ ခနဲအော်ပေမယ့် သူ့လှုပ်ရှားမှုက နှေးနေပေပြီ။ ခါမထုတ်နိုင်တော့ပါ။ ကြောင်ကြည့်နေရာက ကျနော်ပဲ လက်နဲ့တောက်ထုတ်လိုက် ရပါတယ်။ ဒီအဖြစ်ကြောင့် ကျနော် မျက်ရည်ဝိုင်းမိတယ်။
ကိုလတ်က သူ့ကို အင်မတန် ချစ်တယ်။ အကိုကြီးတယောက်လို တွယ်တာတယ်။ သူ မရှင်းတဲ့ သဘောတရားကိစ္စ၊ စာပေရေးရာတွေကို စိတ်ရှည်လက်ရှည် ရှင်းပြတတ်သူမို့ လေးလည်း လေးစားတယ်။ သူကလည်း လူငယ်ဖြစ်တဲ့ ကိုလတ်ကို သံယောဇဉ်ကြီးတယ်။
ကိုလတ်ကျသွားတာမှာ သူ အတော် စိတ်ထိခိုက်ပုံပေါ်တယ်။
တိုက်ပွဲဝင်ရဲဘော်အားလုံးကို “ဒီနေ့ တိုက်ပွဲပြီးမယ်။ လက်မှတ်သွားယူနေပြီ”လို့ ပြောထားပြီးသားဖြစ်တယ်။ ဒါပေမယ့် ဒါကို သူ မစောင့်နိုင်တော့ပါ။ နေ့လည်ခင်းမှာ သူ ကျဆုံးသွားပါတယ်။
သူ့ ကဗျာစာအုပ် (ပုဒ်ရေ ၃-၄ဝ ခန့်)က ကျနော့်လက်ထဲမှာပါ။ ဒီ အထဲက “ရန်သူ့နှလုံး အိမ်တွင်း၊ စိုက်သွင်းထားတဲ့ ဓားမြှောင်နီ” စာကြောင်းလေး ရွေးထုတ်လိုက်မိတယ်။
နောင်မှာ ရဲဘော် ရန်ရွှေကပဲ ပြောပါတယ်။ သူနဲ့ ကိုသိန်းမြ ခွဲမထွက်ခင်က မလညပ ဆောင် (အခန်း-၅) မှာနေရတော့ ကိုလေးမောင်တို့နဲ့ အခန်းချင်းကပ် ဖြစ်ပါတယ်။ ပိုရင်းနှီး ပိုသိတာလည်း ပါနိုင်ပါတယ်။
“တချို့လူတွေက ပြောတဲ့နေရာမှာ ကောင်းကြတယ်။ တချို့ကြတော့ အလုပ်လုပ်တဲ့နေရာမှာမှ ကောင်းတတ်ကြတယ်။ ကိုလေးမောင်တို့၊ ကိုလတ်တို့ကတော့ ပြောတဲ့အတိုင်း လုပ်တတ်ကြလို့ ကျနော် လေးစားတယ် …” တဲ့။
၈။ ရဲဘော် ထွန်းဝင်း (ဒုတိယသုတ်)
ပုသိမ်နယ်၊ ငပုတောသား ဖြစ်တယ်။ ရန်သူ့ တပ်ထဲဝင် ယူဂျီလုပ်ရာက အဖမ်းခံရသူ၊ စွယ်စုံ ထူးချွန်သူတယောက်ပါ။ အားကစားသမား (အပြေး၊ ဘောလုံး)၊ လက်မှုပညာသည်၊ (ကျွန်းပါတီ ဂီတဝိုင်းအတွက် တယော၊ မယ်ဒိုလင်၊ ဒုံမင်း ... စတာတွေဟာ အဓိက သူလုပ်တာပါ။)
တီးဝိုင်းအတွင်းမှာ တူရိယာတခုခု တီးမယ့်သူလိုနေရင် ဝင်တီးခတ်ပေးတတ်သူ … ဒါတင်လားမဟုတ်သေး။ ဆေးထိုးရာမှာ ဆရာဝန်၊ ဆေးကျောင်းသားတွေထက် ပိုင်နိုင်ကျွမ်းကျင်သူလည်း ဖြစ်တယ်။ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ … ၂ (ကျနော်တို့ရဲ့)အဖွဲ့မှူး ဖြစ်တယ်။
ကြံ့ခိုင်သန်မာသွက်လက်သူဖြစ်ပြီး တောတိုးရာမှာ ကျွမ်းကျင်လှတယ်။ ရခိုင်ကျင်ကိုင်ပွဲ (သူ့အတန်းတွင်) မဲကြီးကိုနိုင်ပြီး တံခွန်စိုက်ခဲ့သူလည်း ဖြစ်တယ်။ အဆင်းရဲ အပင်ပန်းခံနိုင်တဲ့ဘက်မှာ သူနဲ့ မဲကြီးက ဘက်ညီတယ်။ စကားသိပ်မပြောလှ။
ကျနော်ပြောခဲ့တဲ့အတိုင်းပဲ ပုံမှန်အားဖြင့်ဆိုရင် အားကစားသမား၊ အလုပ်ကြမ်းသမားတွေဟာ အစာငတ်ခံတိုက်ပွဲတွေမှာ အကျမြန်တယ်။ မဲကြီး၊ ကိုစိန်ချင်း၊ ကိုထွန်းဝင်းတို့ဟာ ကျစ်လစ်ကြံ့ခိုင်သူတွေ ဖြစ်တယ်။ သူတို့တတွေ ကျန်းမာရေး ကျဆင်းသွားပုံက သိပ်သိသာ၊ သိပ်မြန်ဆန်လွန်းတယ်။
တိုက်ပွဲပြီးမယ့် အဲဒီနေ့မှာပဲ ထောင်အာဏာပိုင်တွေကို စောင့်ရင်း … ကိုလတ်၊ ကိုလေးမောင်တို့ ကျသွားခဲ့ပါပြီ။ အချိန်ကလည်း တရွေ့ရွေ့နဲ့ ညနေစောင်းခဲ့ပြီ၊ ၅ နာရီလောက်ကျမှ စာရွက်ကလေးတရွက်ကိုင်ပြီး သူတို့ ရောက်လာကြပါတယ်။
ဒီ အချိန်မှာပဲ “အားလုံး … သတိ”ဆိုတဲ့ အသံထွက်လာခဲ့တာပါ။ ပွဲပိတ်အနေနဲ့ အင်တာနေရှင်နယ်သီချင်းကို ရင်ပွင့်မတတ် ဟစ်ကြွေးလိုက်ကြပါတယ်။
သီချင်းသံစဲပြီး “သက်သာ”ဆိုတဲ့ အမိန့်ပေးသံ မရောက်ခင် ၉ ဆောင်ဘေးမှာ သတိအနေအထားရပ်နေတဲ့ ရဲဘော်တွေကြားထဲက တယောက်ဟာ ယိမ်းယိုင်သွားလို့ ဘေးနားရှိ ရဲဘော်တယောက်က ဆွဲထိန်းထားလိုက်တာ တွေ့ရတယ်။
သူကတော့ ရဲဘော် ထွန်းဝင်းနဲ့ တပ်ထဲမှာ အတူနေ၊ အတူ ယူဂျီလုပ်ခဲ့တဲ့ နှုတ်ခမ်းမွှေးကားကားနဲ့ ကိုတေဇပါ။ “သက်သာ” ဆိုတဲ့အသံလည်း ပေါ်လာရော ကျနော်တို့တတွေ ထောင်မှူးကြီးနဲ့အဖွဲ့ကို ဝိုင်းလိုက်ကြတယ်။ သူတို့ကို အတင်းအထိုင်ခိုင်းလိုက်ပြီး လက်ညှိုးငေါက်ငေါက်ထိုးကာ စွဲချက်တွေတင်ကြတယ်။
ရဲဘော် ထွန်းဝင်းကို သတ်တာ … (စစ်အစိုးရ၊ စစ်အစိုးရ)
ရဲဘော် ၈ ယောက်ကို သတ်တာ … (စစ်အစိုးရ၊ စစ်အစိုးရ)
ဖိနှိပ်ချုပ်ခြယ်မှု … (အလိုမရှိ၊ အလိုမရှိ)
ကိုယ်ထူကိုယ်ထ … (ဖျက်သိမ်းပစ်၊ ဖျက်သိမ်းပစ်)
သူ့ရဲ့တိုက်ပွဲဝင်မှတ်တမ်းထဲက ရွေးထုတ်ပြီး ကျောက်တိုင်ပေါ်မှာ ကမ္ဗည်းတင်လိုက်ကြတာက …
‘ငါတို့ကွန်မြူနစ်တွေဟာ ကိုယ့်ကိုယ်ကိုယ် လေထီးစစ်သားလို သဘောထားရမယ်။ ပါတီကပေးတဲ့ တာဝန်ကို ကျရာနေရာ ရောက်ရာအရပ်မှာ ထမ်းဆောင်နိုင်ရမယ်’ … တဲ့။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment