Friday, March 6, 2009

စစ်အုပ်စုသက်တမ်းရှည်နေသရွေ့ - ၁၆



“သားကြီး ကိုစိုး ဘယ်လိုဖြစ်သွားတာတုန်း၊
သားဟာ အင်မတန် နူးညံ့သိမ်မွေ့တဲ့ကလေးပါ။
ခုတော့ သိပ်ပြီး ကြမ်းတမ်းခက်ထန်နေရောပါလား သားရယ် …
သားကြီးရဲ့စိတ်တွေ ပြန်ပြီးနူးညံ့သိမ်မွေ့လာအောင်
ညညမှာ ပုတီးစိပ်ပါ၊
ပုတီးနဲ့အတူ သား ပူဇော်ရှိခိုးဖို့ ဆရာတော် (ဝေဘူ)ဘုရားရဲ့
ပုံတော်လည်း ထည့်ပေးလိုက်တယ်”
၅၃ ရက်ပြည့်တဲ့နေ့
ဒုတိယ အသုတ်က ၄၆ ရက်
တတိယ အသုတ်က ၃၉ ရက် ရှိတဲ့နေ့ …

မိုးရာသီတွင်းဆိုတော့ ကားလမ်းကရေကျော်ပြီး ကားသွားလို့ မရ၊ နံက်စောစော ထောင်မှူးကြီးရယ်၊ ထောင်မှူးတယောက်နဲ့ ဝါဒါ ၂ ယောက် ကားလမ်းအတိုင်း နေဗီစခန်းဘက် ထွက်သွားကြကြောင်း ကင်းက သတင်းပို့ပါတယ်။

ညတာရှည်ခဲ့သလို နေ့တာလည်း ရှည်လာပြန်ပါပြီ၊ ဇူလိုင် ၃ဝ ရက်ညနဲ့ ဇူလိုင် ၃၁ ရက်နေ့တာဟာ အရှည်ဆုံးလို့ ကျနော်တို့ မှတ်ယူထားလိုက်ကြပါတယ်။

စိတ်တွေစောနေရတဲ့နေ့ … စိတ်တွေလောနေရတဲ့နေ့။

ရန်သူက တမင်များ လုပ်နေကြရော့သလား။

၆။ ရဲဘော် မောင်မောင်စိုး (ကိုလတ်) ပထမ အသုတ်ဝင်

သူက ကျောက်ဆည်သား၊ ဗိုလ်သိန်းတန်ရဲ့တူဖြစ်တယ်။ ဒီ အချိန်က အသက် ၂၄ နှစ်ပဲ ရှိသေးတယ်။ မျက်လုံးပြူးပြူး၊ ဆံပင် တိုတို ထောင်ထောင်၊ နှုတ်ခမ်းမွှေး ရေးရေး၊ အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို စဉ်းစားမိတိုင်း ပြတ်ပြတ်ထင်ထင် မြင်မိတယ်။

သူက ရဲဘော်တိုင်းနဲ့ တည့်တဲ့သူ … အသက်က ငယ်ငယ်၊ ဟန်ဆောင်မှု မရှိ၊ ရိုးကလည်း ရိုးသား၊ အဆင်းရဲအပင်ပန်းခံတဲ့ လုပ်ဟန်ကလည်းရှိလေတော့ သူ့ကို မချစ်သူ၊ မခင်သူ မရှိ … ။

သူ ဆယ်တန်းအောင်တော့ ရန်ကုန်တက် အလုပ်,လုပ်၊ တဖက်မှာ လုပ်သားကောလိပ် ဆက်တက်တယ်။ ရန်ကုန်မှာနေပေမယ့် အပျော်အပါး မရှိ၊ အားချိန်မှာ အပြင်စာကို သဲသဲမဲမဲ ဖတ်နေတတ်တယ်။ နိုင်ငံရေးဘက် စိတ်ဝင်စားလာရာက ငယ်ငယ်ရွယ်ရွယ် ထောင်ထဲရောက်လာသူပါ။

အားကစားလည်း နားမလည် အချိန်မပေးနိုင်ခဲ့ ...။ ကျွန်းမှာပြောစမှတ်ပြုပလောက်တဲ့အဖြစ်တခုက တခါမှာ ဘော်လုံးကစားကြတော့ လူမပြည့်လို့ သူ့ကို ဝင်ကစားခိုင်းတယ်။ တဖက်အသင်းက ဂိုးရှူးမယ်အလုပ် သူက စိုးရိမ်သွားပြီး ဘော်လုံးကို ပြေးကောက်ယူလိုက်တယ်။

“ဘာလုပ်တာလဲ၊ ပင်နယ်လ်တီ … ပင်နယ်လ်တီ” လို့ ဝိုင်းအော်ကြတော့ …

“ကျနော်က ဘက် (Back) လေ … ကိုင်တာပေါ့” လို့ ပြန်ပြောသူ …။

သူက အနုပညာဘက်မှာတော့ အစွမ်းအစပြနိုင်တယ်။ ဝါသနာလည်းပါ၊ အာရုံလည်း စိုက်လေ့ရှိတယ်။ သီချင်းတွေ စပ်ခဲ့တယ်။ (လွတ်မြောက်နယ်မြေအငြိမ့်စင်မှာ ဆိုခဲ့ ကခဲ့ကြတဲ့ “ဟို ရှေ့ဆီ ရိုးမစွန်းဆီ နေဝန်းနီ ပေါ်လာပြီ” ဆိုတဲ့ အငြိမ့်သီချင်းနဲ့ “အနုပညာ သမိုင်းကြောင်း” … ဆိုတဲ့ သီချင်းလေးဟာ သူ စပ်ခဲ့တာပါ။ ကျနော်သယ်လာတဲ့ ဒီသီချင်း ၂ ပုဒ်ကို ပြည်သူ့အသံက လွှင့်ခဲ့တယ်ဆိုတာ သူသိရင် ဘယ်လောက် ပီတိဖြစ်မယ် မသိ)

စာပေဝါသနာပါတော့ (ဗန်းမော်)ဦးတင်အောင်တို့၊ ဦးမြသန်း(တင့်)တို့နားမှာ တွေ့နေရတတ်တယ်။ နေတာက ဦးတင်အောင်တို့ အဆောင် ၄ မှာ။ ပထမ အသုတ်က ဝင်ခွင့်ရခဲ့သူဆိုတော့ အဆောင် ၉ ကို ပြောင်းလာတယ်၊ ရောက်လာတာနဲ့ သူ့ အိပ်ရာခြေရင်း ခါးပန်းမှာ မြေဖြူနဲ့ စာတကြောင်း ကောက်ရေးလိုက်တယ်။

‘ငါ့ ဘဝမှာ တိုက်ပွဲများနဲ့ ပြည့်လျှမ်းနေပါစေ …’ တဲ့။

ဒီလို ကမ္ဗည်းထိုးပြီး တိုက်ပွဲဝင်ခဲ့သူပါ၊ ဒီ စာတန်းဟာ ပြည်သူ့အသံကလွှင့်တဲ့ မာ့က်စ်ရဲ့အတ္ထုပ္ပတ္တိထဲက စာသားဖြစ်ပြီး သူသိပ်ကြိုက်တဲ့ တိုက်ပွဲခေါ်သံ ဖြစ်ပါတယ်။

တိုက်ပွဲရက်အတွင်းမှာ ‘ကိုယ်ထူကိုယ်ထ ရိုက်ချိုးကြ’ ဆိုတဲ့ သီချင်းကို စပ်ဆိုပေးခဲ့တယ်။ ဒီ သီချင်းဟာ (ဗိန်းဗောင်းသံနဲ့) အားမာန်ပါလှတာမို့ တိုက်ပွဲတွင်းမှာ ဂီတဝိုင်းက မကြာခဏ တီးမှုတ် ဖျော်ဖြေပေးခဲ့ရတယ်။

ရဲဘော် ထွန်းမြင့်တို့ကျသွားတော့ မကျဆုံးခင်မှာ ခြေဖျားလက်ဖျားတွေ အေးစက်နေတတ်တယ်ဆိုတာ သူ သိသွားပါတယ်။ ဒီအခါ သူက “ကျနော့် ခြေတွေလက်တွေ အေးလာရင် ကျနော့်ကို သတိပေးပါ” လို့ ပြုစုသူ ရဲဘော်ကို မှာထားတယ်။ သူကိုယ်တိုင်လည်း သတိထားနေဟန် ရှိပါတယ်။ ဘာကြောင့်လဲ … လို့ ရဲဘော်တွေ စဉ်းစားမရ ပဟေဠိ ဖြစ်ခဲ့ကြရတယ်။

ဇူလိုင် ၃၁ ရက်နေ့၊ တိုက်ပွဲဝင်ရက် ၅၃ ရက်ပြည့်ခဲ့ပြီ၊ ရာသီဥတုက ကြည်ကြည်လင်လင် …။

နံက်ပိုင်းမှာပါပဲ။ ကျနော်က တိုက်ပွဲဆောင် ၂ ဘက်ရောက်နေစဉ် ရဲဘော်တယောက် သုတ်သီးသုတ်ပြာ ဝင်လာတယ်။
“ကိုလတ် … ကိုလတ်” လို့ပြောတာနဲ့ တိုက်ပွဲဆောင် ၁ ဘက်ပြေးဝင်လိုက်တော့ ကိုလတ် တယောက်ရယ် … လေ၊ မျက်နှာတချက် တင်းလိုက်တာ တွေ့ရတယ်။ ညာဘက်လက်က တဖြည်းဖြည်းရွေ့လာကာ အလေးနီပြုထားလိုက်ရင်း မျက်နှာဟာ ပြေလျှော့ကျသွားပါတယ်။

အော် … ကိုလတ်ရယ်၊ တကယ့်ကို ကဗျာတပုဒ်ပါလား၊ ကျနော်တို့မှာ ငိုဖို့မျက်ရည်တွေ မကျန်တော့ဘူး … လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ဒီအထင် မှားပါတယ်။

ထုံးစံအတိုင်း စွဲချက်တွေတင်၊ ကြွေးကြော်သံတွေတိုင်ပြီးပြန်အလာ လမ်းမှာတင် ဦးမြသန်း(တင့်) က “ကိုလတ်ဟာ ကျနော့် အသဲနှလုံးပါဗျာ”လို့ တုန်တုန်ယင်ယင်ပြောရင်း မျက်ရည်ကျနေတာ တွေ့လိုက်ရတယ်။

မလညပ ရဲဘော် ရခိုင်အမျိုးသား ကိုရန်ရွှေက “ကျသွားတဲ့ ခင်ဗျားတို့ရဲဘော်အားလုံးကို အာဇာနည် သူရဲကောင်းတွေအဖြစ် ကျနော်အလေးပြုပါတယ်။ ဒါပေမယ့် ကိုလတ်ကျတော့ မေ့မရအောင်ကို လုပ်သွားတတ်တယ်။ ကျတာတောင် အလေးနီပြုသွားရှာတယ်” … တဲ့။

(သူဟာ ဒီ ခံစားချက်တွေနဲ့ ထောင်ကလွတ်တော့ ရခိုင်ပြည်ပြန်ပြီးပြည်နယ် ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ် တောခိုခဲ့ရာက ကျဆုံးသွားခဲ့တယ်။ သူနဲ့အတူ ကျွန်းပြန် မလညပ ရဲဘော် ရခိုင်အမျိုးသား ကိုသိန်းမြလည်း တခြားတိုက်ပွဲတပွဲမှာ ကျဆုံးသွားရှာတယ်)

ကိုလတ်ကတော့ တိုက်ပွဲအတွင်းမှာ မှတ်တမ်းအများဆုံး ရေးသွားသူပါ။ စာအုပ်ပါးပါး တအုပ်စာလောက် ရှိပါမယ်။ စာဟန်တွေက ရာဘင်ဒြာနတ်တဂိုးရဲ့ရေးဟန်တွေ ထုံမွှမ်းနေတာ တွေ့ရတယ်။ ဆိုပါတော့ … “နီရဲတဲ့ ငါ့ နှလုံးသားကို လက်ဖဝါးမှာတင်ပြီးသကာလ ညင်သာသော ခြေလှမ်းများဖြင့် မိခင်ပါတီထံ ချဉ်းကပ်ကာ ပူဇော်ပါအံ့” … စသည်။

သူဟာ ရက် ၄ဝ တိုက်ပွဲအပြီး အိမ်ကိုစာရေးခွင့်ရတော့ မိဘတွေဆီ စာရေးပါတယ်။ မိဘတွေက သိပ်ပြည့်စုံကြပုံ မရဘူး။ ဒီကြားက မိဘမေတ္တာနဲ့ “ငါ့သား ဘာလိုသလဲ။ ဘာပို့ပေးရမလဲ”လို့ ရေးရှာ မေးရှာပါတယ်။ ဒီတော့ သူက “ကျနော် ဘာမှ မလို၊ လိုတာရှိရင်လည်း သူတို့ဖမ်းထားတာပဲ၊ သူတို့ပဲ ဖြေရှင်းပေးရမယ်။ မပေးရင် တိုက်ပွဲဆင်ပြီး တောင်းရမှာပေါ့ …”လို့ စာပြန်လိုက်တယ်။

သူ့အိမ်က ပို့လိုက်တဲ့ ပစ္စည်းတချို့နဲ့ ရေးလိုက်တဲ့စာတစောင် တိုက်ပွဲကာလမှာ ရောက်လာပါတယ်။ ဒါပေမယ့် တိုက်ပွဲကာလအတွင်းမှာ ရောက်လာတဲ့ စာမှန်သမျှနဲ့ ပစ္စည်းတွေကို ပါတီက လက်မခံပါဘူး။ တိုက်ပွဲပြီးမှ လက်ခံယူလိုက်တော့ …

သူ့အမေက ဒီလိုရေးထားတာ တွေ့ရတယ်။ “သားကြီး ကိုစိုး ဘယ်လိုဖြစ်သွားတာတုန်း၊ သားဟာ အင်မတန် နူးညံ့သိမ်မွေ့တဲ့ကလေးပါ။ ခုတော့ သိပ်ပြီး ကြမ်းတမ်းခက်ထန်နေရောပါလား သားရယ် … သားကြီးရဲ့စိတ်တွေ ပြန်ပြီးနူးညံ့သိမ်မွေ့လာအောင် ညညမှာ ပုတီးစိပ်ပါ၊ ပုတီးနဲ့အတူ သား ပူဇော်ရှိခိုးဖို့ ဆရာတော် (ဝေဘူ)ဘုရားရဲ့ ပုံတော်လည်း ထည့်ပေးလိုက်တယ်” လို့ ရေးပါတယ်။

ဒီ သိမ်မွေ့နူးညံ့တဲ့ ကျောင်းသားလေးကို ဆူးတောင်ကြီးတွေပေါက်လာအောင် စစ်အစိုးရက လုပ်ပေးလိုက်တာပါ … လို့ အမေ့ကို ပြောချင်လိုက်တာ။

ဒီစာနဲ့ ဒီပစ္စည်းလေးတွေအပြင် ကိုလတ် ထောင်မကျမီရိုက်ထားတဲ့ ဓာတ်ပုံလေးတပုံလည်း ပါလာတယ်။ စမတ်ကျကျ ဘလေဇာဝတ်၊ လည်စည်းစီး၊ ဆံပင်ရှည်ရှည် မျက်လုံးမျက်ဖန် ကောင်းကောင်းနဲ့ ကိုယ်တပိုင်း ဓာတ်ပုံလေးကြည့်ပြီး ကျနော်တို့အဆောင်မှ အသက်အငယ်ဆုံး မောင်လှဌေးက “ဟာ … ကိုလတ်က လူချောပဲ” လို့ လွှတ်ခနဲ ပြောထွက်လာပါတယ်။

သူ့နာမည်ရင်းက မောင်မောင်စိုး။ ရဲဘော်တွေက ‘ကိုလတ်’ လို့ပဲခေါ်တဲ့ကိစ္စ တခါမေးကြည့်ဖူးတယ်။
“မသိဘူးဗျ၊ သူငယ်ချင်းတွေကခေါ်၊ ရဲဘော်တွေက ဆက်ခေါ်နဲ့ တွင်သွားတာပဲ … ” လို့ ဖြေတယ်။

ကိုလတ် ခေါ် ရဲဘော်မောင်မောင်စိုးအတွက် သူကြိုက်လှတဲ့ “ငါ့ဘဝမှာ တိုက်ပွဲများနဲ့ ပြည့်လျှမ်းနေပါစေ …” ဆိုတဲ့ ဆန္ဒပြုကြွေးကြော်သံလေးပဲ ရွေးလိုက်ရပါတယ်။
(ဆက်လက်ဖော်ပြပါမယ်)


No comments: