Wednesday, March 4, 2009

ရဲဘော်မြင့်ဇော် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အမှတ်တရ


ရဲဘော်မြင့်ဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ)

(၁၉၆၄-၁၉၉၇)

ပါတီဝင်အမှတ် (၇၁၁၉၁)


ရဲဘော်မြင့်ဇော်သည် အဘ ဦးကြည်ထွန်း၊ အမိ ဒေါ်ကြည်တို့မှ ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ခရမ်းမြို့နယ်၌ မွေးဖွားခဲ့သည်။ မွေးချင်း ၆ ယောက်အနက် ပဉ္စမမြောက်သားဖြစ်သည်။


၁၉၆၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ခရမ်းမြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၈ဝ ခုနှစ်တွင် အခြေခံပညာအထက်တန်းကျောင်း အောင်မြင်ခဲ့သည်။ မိဘ၏လယ်ယာလုပ်ငန်းတွင် ၂ နှစ် လုပ်ကိုင်ခဲ့ပြီး ခရမ်းမြို့နယ်တွင် အခြေခံပညာမူလတန်းပြဆရာအဖြစ် ၄ နှစ် လုပ်ကိုင်ခဲ့သည်။


၁၉၈၆ ခုနှစ်တွင် တက္ကသိုလ် စာပေးစာယူသင်တန်းဖြင့် သိပ္ပံဘွဲ့ (ရူပဗေဒ) ရရှိခဲ့ပြီးနောက် ခရမ်းမြို့နယ် တိုးကြောင်စုကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် မူလတန်းပြ ကျောင်းဆရာအဖြစ် ၂ နှစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။


၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့ပြီး ခရမ်းမြို့နယ် အထွေထွေသပိတ်ကော်မတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မြန်မာပြည်လူငယ်ကျောင်းသားတပ်ဦး (ခရမ်းမြို့နယ်) ၏ နာယက အဖြစ် လည်းကောင်း ပါဝင်လှုပ်ရှားခဲ့သည်။


ထို့နောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသို့ ပါတီဝင်အမှတ် (၇၁၁၉၁) ဖြင့် ဝင်ရောက်ခဲ့သည်။


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင် ဟံသာဝတီအရှေ့ခြမ်း (၄) မြို့နယ် တာဝန်ခံအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖြစ် လည်းကောင်း၊ ပါတီတာဝန်များကို ထမ်းဆောင်ခဲ့သည်။


ထို့နောက် ၁၉၈၉ ခုနှစ်တွင် ရန်ကုန်တိုင်း ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၁၉၉ဝ နှစ်ဦးတွင် ရန်ကုန်တိုင်း ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ ၁၉၉ဝ ခုနှစ် ဇူလိုင်လတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးမှ ဌာနချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်းခံရသည်။


၁၉၉၁ ခုနှစ် နိုဝင်ဘာလတွင် လက်နက်ကိုင်တော်လှန်ရေးနယ်မြေသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကူးပြောင်းသည့်အခါတွင် ပါတီဗဟိုကော်မတီ ဥက္ကဋ္ဌတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။


လက်နက်ကိုင်တော်လှန်ရေးနယ်မြေတွင် မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် (မဒမခ) တပ်ပေါင်းစု၏ တွဲဘက်အထွေထွေ အတွင်းရေးမှူး တာဝန်ကို ၁၉၉၄ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိလည်းကောင်း၊ မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်များအဖွဲ့ချုပ် (မဒမခ)၏ အထွေထွေအတွင်းရေးမှူး တာဝန်ကို ၁၉၉၅ ခုနှစ်မှ ကျဆုံးချိန်အထိလည်းကောင်း၊ နိုင်ငံရေးအံတုမှုကော်မတီ (PDC)၏ အထွေထွေ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၉၆ ခုနှစ်မှ ကျဆုံးချိန်အထိ နိုင်ငံရေးအံတုမှုကော်မတီ၏ တာဝန်ခံအဖြစ်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB)၏ အတွင်းရေးမှူးအဖွဲ့ဝင် အဖြစ်လည်းကောင်း တာဝန်များကို ကျဆုံးချိန်အထိ ထမ်းဆောင်ခဲ့သည်။


တော်လှန်ရေးတာဝန်များအား ထမ်းဆောင်နေစဉ်အတွင်း ၁၉၉၇ ခုနှစ် မတ်လ ၅ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၅ဝ မိနစ်တွင် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ငှက်ဖျားရောဂါဖြင့် ကျဆုံးခဲ့ပါသည်။


No comments: