Monday, December 1, 2008

ထိန်လင်း (ကျနော်နှင့် အပိုင်းအစများ)

ကျနော်နှင့် အပိုင်းအစများ


(ထိန်လင်း)


ကျနော့်မှာ အလေ့အထတစ်ခု ရှိပါတယ်။ အဲဒီ အလေ့အထက ပစ္စည်း အတိုအထွာကလေးတွေကို စုဆောင်းတတ်တဲ့ အလေ့အထပါ။ တံဆိပ်ခေါင်း ကလေးတွေ တွေ့ရင် စုမယ်၊ မှတ်တမ်းမှတ်ရာကလေးတွေ တွေ့ရင် သိမ်းမယ် စသဖြင့်ပေါ့။


ဒါကြောင့်ပဲထင်ပါရဲ့ ကျနော့်အိပ်ခန်း၊ ကျနော့်စာကြည့်ခန်းတွေမှာ အတိုအစ ကလေးပေါင်းများစွာ ရှုပ်ထွေးနေလေ့ရှိပါတယ်။


အလုပ်လုပ်တဲ့အခါမှာဆိုရင်လည်း လုပ်ငန်းကြီးကြီးမားမားကို ထူထောင်လုပ် ကိုင်တာမျိုးမဟုတ်ဘဲ အရောင်းအဝယ်ကလေး လုပ်လိုက်၊ စာအတိုအထွာကလေးတွေ ရေးလိုက်၊ ကလေးတွေကို စာသင်ပေးလိုက် စသဖြင့် တိုတိုထွာထွာပေါင်းများစွာကိုသာ လုပ်လေ့ရှိပါတယ်။


စာရေးတဲ့အခါကျတော့ရော … ။ ကလေးစာပေဆိုလည်း ရေးလိုက်၊ ဆောင်းပါးဆိုလည်း ရေးလိုက်၊ ကဗျာဆိုလည်း ရေးလိုက်နဲ့ တခုခုကို သတ်သတ်မှတ်မှတ် ဇောက်ချရေးလေ့ရေးထ မရှိပြန်ဘူး။


မိတ်ဆွေတချို့က “သေးသေးကလေးတွေ လုပ်မနေစမ်းပါနဲ့ကွာ၊ မှတ်မှတ်သားသား ကျန်ရစ်လောက်အောင် ကြီးကြီးမားမား လုပ်စမ်းပါ”လို့ ပြောပေမယ့် ကျနော်ကတော့ စာအတိုအထွာတွေ စုံနေအောင် ရေးနေဆဲပါ။


ဒါကြောင့် တချို့က “သေးသေးမွှားမွှားကလေးတွေနဲ့ ရှုပ်နေတဲ့လူ” လို့ ကျနော့်ကို ကင်ပွန်းတပ်ပါတော့တယ်။ နေရာစုံမှာ အတိုအထွာတွေ၊ အပိုင်းအစတွေနဲ့ နေသားကျနေတဲ့ ကျနော်ကတော့ စုဆောင်းဆဲ၊ လုပ်ဆောင်ဆဲပါပဲ။


ကျနော့်မှာရှိတဲ့ ပစ္စည်းအပိုင်းအစ အတိုအထွာကလေးတွေဟာ ပုံစံမျိုးစုံဆိုတော့ သပ်သပ်ရပ်ရပ် ရှိချင်မှရှိပါလိမ့်မယ်။ သိမ်းဆည်းဖို့ ခက်ခဲတာမျိုးလည်း ရှိတတ်တော့ အမြင်ရှုပ်ထွေးမှုတွေလည်း ရှိနေနိုင်ပါတယ်။


ဒါပေမယ့် ကျနော် လိုအပ်တဲ့အခါဖြစ်ဖြစ်၊ တခြားသူတွေ လိုအပ်တဲ့အခါဖြစ်ဖြစ် ကျနော်က ထုတ်ပေးလို့ ရနိုင်ပါတယ်။ ဒါက ကျနော့်ဝါသနာဖြစ်သလို ကျနော့် တပ်မက်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေသေချာချာ ကောက်ချက်မချဖြစ်ပေမယ့် ကျနော်က အဲဒီအလေ့အထကို ကြိုက်နေတာ အမှန်ပါပဲ။


ပစ္စည်း သေးသေးမွှားမွှားကလေးတွေ စုတတ်တဲ့၊ စာတိုပေစကလေးတွေ မဖြစ်စလောက် ရေးတတ်တဲ့ ကျနော်ဟာ လုပ်ဆောင်မှုပိုင်း ကျတော့လည်း သမိုင်းတွင်လောက်တဲ့ လုပ်ဆောင်မှုကြီးတွေ မလုပ်ဆောင်နိုင်ဘဲ လုပ်ရပ် တိုတိုထွာထွာကလေးတွေသာ လုပ်ဆောင်ဖြစ် ပါတယ်။


ဦးနှောက်ကို အနိုင်ကျင့်ပြီး စဉ်းစားပြန်တော့လည်း ကျနော်က သူများတွေသိပြီးတဲ့၊ သူများတွေ စဉ်းစားပြီးတဲ့ အကြောင်းအရာ အတိုအထွာကလေးများသာ စဉ်းစားဖြစ်ပါတယ်။ ဒါတွေနဲ့ပဲ နီးစပ်ရာကို ပြောပါတယ်။ နီးစပ်ရာအတွက် ရေးပါတယ်။


‘လောကကြီး’ဆိုတဲ့အကြောင်းကို ကြီးကြီးကျယ်ကျယ်တွေးတောမယ်ဆိုရင် ကျနော်တို့အတွက် တကယ်ပဲ အလှမ်းဝေးတယ်လို့ ထင်စရာပါ။


ဘာကြောင့်လဲဆိုတော့ သိပ်ပြီး ကျယ်ဝန်းတယ်၊ သိပ်ပြီး နက်ရှိုင်းတယ် မဟုတ်လား။ အနန္တစကြဝဠာလို့ ခေါ်တွင်ထားတဲ့ နယ်ပယ်ကြီးထဲမှာ ကျနော်တို့ရဲ့နေမိသားစုဟာ အပိုင်းအစကလေးတခုသာဖြစ်ပါတယ်။


အဲဒီ နေမိသားစုထဲမှာ ကျနော်တို့နေထိုင်ရာ ကမ္ဘာကြီးက အပိုင်းအစကလေးတခု၊ မဟာလူသားဆိုတဲ့ ကျနော်တို့က ကမ္ဘာကြီးရဲ့အပိုင်းအစ၊ ကျနော်တို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေက ကျနော်တို့ဘဝရဲ့ အပိုင်းအစ …


ဒီတော့ လောကကြီးဟာ အပိုင်းအစပေါင်းများစွာနဲ့ ဖွဲ့တည်ထားတဲ့ အရာတခုလို့ ကင်ပွန်းတပ်ရင် မဖြစ်ပေဘူးလား။ ဒါဆိုရင် အပိုင်းအစကလေးတွေဟာ တန်ဖိုးရှိရှိသုံးစွဲလို့ မရနိုင်ပေဘူးလား။


ဆင့်ကဲဖြစ်စဉ် သီအိုရီ (Evolution Theory) အရ ကမ္ဘာပေါ်မှာ လူတွေမဖြစ်ပေါ်ခင်ကတည်းက အတောင်ပေါက်ပြီး ကောင်းကင်မှာ ပျံဝဲသွားလာနေတဲ့ ငှက်ဆိုတဲ့ သတ္တဝါရှိနေတာပါ။


ဒါကြောင့်ပဲ ငှက်ဆိုတာ လူတိုင်း မြင်တွေ့နေကျ အကောင်တကောင်အဖြစ်ထက်ပိုပြီး ဘယ်သူကမှ ထူးထူးခြားခြား မကြည့်ပါဘူး။


ဒါပေမယ့် အဲဒီငှက်ကို ဂရုတစိုက်ကြည့်လိုက်မိတဲ့သူက လေယာဉ်ပျံတီထွင်ဖို့ စိတ်ကူးရရှိသွားပါတယ်။ ငါးကိုကြည့်ပြီး ရေငုပ်သင်္ဘော တီထွင်နိုင်တဲ့အထိ စိတ်ကူး ရသွားတယ်။ ကြီးမားတဲ့တီထွင်မှုတွေဟာ စိတ်ကူးအပိုင်းအစကလေးတွေက စတင်တာပါ။


ထူးချွန်ထင်ရှားသူများဟာလည်း လုပ်ရပ်သေးသေးမွှားမွှားကလေးတွေကပဲ စတင်ခဲ့တာဖြစ်ပါတယ်။ ဘယ်သူကမှ စစချင်းကြီးမားတဲ့ လုပ်ရပ်ကို မလုပ်ဆောင်နိုင်ပါဘူး။ သူတို့ရဲ့ အားသာချက်က ကြုံလိုက်တဲ့ အခွင့်အလမ်း၊ ကိုယ်ရတဲ့ အတွေးစိတ်ကူးကို အရအမိဆုပ်ကိုင် ရင်း လုပ်ဆောင်လိုက်ခြင်းပါပဲ။


လုပ်ရပ်အစိတ်အပိုင်း၊ ဖြစ်ရပ်အစိတ် အပိုင်းပေါင်းများစွာ ပေါင်းစပ်ထားရာ ဘဝဆိုတဲ့သတ်မှတ်မှုအောက်မှာ ရှင်သန်လာရသူများ အတွက် ဘယ်သူဟာ သူဌေးဖြစ်ဖို့ မွေးဖွားလာတယ်၊ ဘယ်သူဟာ သမ္မတဖြစ်ဖို့ မွေးဖွားလာတယ်၊ ဘယ်သူဟာ အတွေးအခေါ် ပညာရှင်ဖြစ်ဖို့ မွေးဖွားလာတယ်ဆိုတာ မရှိပါဘူး။


အခြေအနေပေးမှု၊ ရွေးချယ်မှု၊ အားထုတ်မှု စတဲ့ အချက် အလက်ပေါင်းများစွာ ပေါင်းစပ်ပြီးမှသာ ကွဲပြားသွားတာဖြစ်ပါတယ်။


လူတိုင်းအနေနဲ့ ငွေကြေးချမ်းသာတဲ့ဘဝမျိုးရရှိအောင် ကြိုးပမ်းနိုင်ပါတယ်၊ အောင်မြင် ထင်ရှားသူတဦးဖြစ်အောင် အားထုတ်နိုင်ပါတယ်။ အများအတွက် ပံ့ပိုးကူညီနိုင်သူဖြစ်အောင် လုံ့လပြုနိုင်ပါတယ်။ ခိုင်မာတဲ့ စိတ်ဆန္ဒကသာ အဓိကကျပါတယ်။


အောင်မြင်တဲ့စီးပွားရေးသမားတဦးဟာ မကြီးမားတဲ့လုပ်ဆောင်မှုတရပ်ကို ပထမဆုံး စတင်ရပါတယ်။ ရေကူးတတ်လိုသူဟာလည်း ဦးဆုံးလုပ်ဆောင်မှုအဖြစ် ရေထဲကို စတင်ဆင်းရပါတယ်။ ကိုယ်က ဘယ်ကိုသွားမလဲ၊ သွားမယ့်ဘက်ကို ဦးတည်တဲ့ ခြေလှမ်းတရပ်ကို စတင်လှမ်းလိုက်ဖို့ အရေးကြီးပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် သေးသေးမွှားမွှားကလေးတွေကနေ ကြီးမားတဲ့အဆင့်ထိ တိုးမြှင့်လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ ဗျည်းအက္ခရာက စတင်သင်ကြားခြင်းမရှိဘဲ ဘာသာဗေဒပါမောက္ခဖြစ်ချင်လို့ မရသလို လုပ်ငန်းကြီးကြီးမားမားကို စစချင်း လုပ်ဆောင်ဖို့ မလွယ်ပါဘူး။


ဒါကြောင့် အပိုင်းအစကလေးတွေကို ဂရုစိုက်ရမယ်လို့ ယူဆပါတယ်။


ကျနော့်မှာ အပိုင်းအစ အတိုအထွာကလေးတွေ အများကြီးရှိပါတယ်။ အဲဒီ အပိုင်းအစကလေးတွေထဲက တချို့ကို ကျနော့်မိတ်ဆွေတွေကို ပေးပါတယ်။ တချို့ကိုတော့ ကိုယ့်ဘာသာ သိမ်းထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပိုင်းအစကလေးတွေကို ကျနော် မက်မောနေမိပါတယ်။ ဘာတွေက ဘယ်လောက်အသုံးဝင် မဝင် ဆိုတာကိုတော့ ကျနော် မပြောနိုင်ပါ။ ။


ရေစီးသံဂျာနယ်

အတွဲ ၆ အမှတ် ၁

မေလ ၁ ရက် ၂၀၀၂ ခုနှစ်


No comments: