Tuesday, November 11, 2008

သတင်း (ဘီဘီစီ)

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့ကို ရွှေတိဂုံစေတီရင်ပြင်တွင်

၂၀၀၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - AP)


၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦး ထောင်ဒဏ် ၆၅ နှစ်၊

မစုစုနွေး ထောင်ဒဏ် ၁၂ နှစ်ခွဲ


နိုဝင်ဘာ ၁၁ ရက် ၂၀၀၈ ခုနှစ်

ဘီဘီစီ မြန်မာပိုင်း ညပိုင်းအစီအစဉ်


မြန်မာနိုင်ငံ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ မနီလာသိန်း နဲ့ မမာမာဦး တို့အပါအ၀င် ၁၄ ဦးကို အင်းစိန်ထောင် တရားရုံးက ထောင်ဒဏ် ၆၅ နှစ်အထိ အပြစ်ဒဏ်တွေ ဒီကနေ့ ချမှတ်လိုက်ပါတယ်။


သူတို့အမှုမှာလိုက်ပါခဲ့တဲ့ ရှေ့နေတဦးနဲ့ မိသားစုဝင်တွေရဲ့အပြောအရ သူတို့ကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ အရ စွဲဆိုချက် ၄ ခုမှာ အမြင့်ဆုံးပြစ်ဒဏ် ၁၅ နှစ်စီနဲ့ စုစုပေါင်း နှစ် ၆၀၊ နောက်ထပ် အမှုတခုအတွက် ၅ နှစ် ထောင်ဒဏ် စီရင်ချက်တွေချခဲ့တာလို့ ဆိုပါတယ်။ ဒီ ၁၄ ဦးထဲမှာပါတဲ့ ကိုဇော်ဇော်မင်းရဲ့ဇနီး ဒေါ်ဋ္ဌေးဋ္ဌေးဝင်း က …


“ဘာဆက်လုပ်ရမလဲဆိုတော့လည်း သူတို့ကိုလိုက်တဲ့ ရှေ့နေတွေကလည်း အကုန်လုံးက အဖမ်းခံထားရတယ် ဆိုတော့ ဘယ်လိုဆက်လုပ်ရမှန်းတောင် မသိသေးဘူးပေါ့နော်၊ ဒါပေမယ့် ကျမတို့ဘက်ကတော့ အယူခံကတော့ မ၀င်တော့ပါဘူး၊ အကုန်လုံးကတော့။ သူတို့လုပ်ချင်တာ သူတို့လုပ်နေမှာပဲလေ”


ဒီလိုစီရင်ချက်မချခင်ကတည်းက တရားရုံးရဲ့မျှတမှုကို အယုံအကြည်မရှိတဲ့အတွက်ဆိုပြီး ၈၈ ကျောင်းသား ခေါင်းဆောင်တွေက သူတို့ရှေ့နေတွေဆီက ပါဝါ လို့ခေါ်တဲ့ ကိုယ်စားအကျိုးဆောင်ပေးဖို့ ပန်ကြားလွှာတွေကို ရုပ်သိမ်းခဲ့တာမို့ ရှေ့နေမပါဘဲ စီရင်ချက်ချခံရတာဖြစ်ပါတယ်။


ဒီကနေ့ အင်းစိန်ထောင်မှာ စီရင်ချက်ချခဲ့အထဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၁၄ ဦးနဲ့အတူ စုစုပေါင်း လူ ၃၀ ကျော်ပါဝင်ခဲ့ပါတယ်။ သူတို့ကို မနှစ်က လောင်စာဆီဈေးနဲ့ အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် လူထု ဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့တာနဲ့ စပ်ဆက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


၈၈ ကျောင်းသားခေါင်းဆောင်တွေကို အခုလို နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေးခဲ့တာဟာ မြန်မာစစ်အစိုးရ အနေနဲ့ သူတို့အပေါ် ဆန့်ကျင်တဲ့သူတွေကို သီးခံမှာမဟုတ်ဘူးဆိုတာကို ထင်ထင်ရှားရှား ပြသလိုက်တာလည်း ဖြစ်ပါတယ်။


မအူပင်အကျဉ်းထောင်မှာ ပြောင်းရွှေ့ဖမ်းဆီးထားတဲ့ ကိုမင်းကိုနိုင် အပါအ၀င် ၉ ဦးကိုလည်း တရားရုံးက မကြာခင် အမိန့်ချလိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း ရှေ့နေတွေက ပြောပါတယ်။


အင်းစိန်ထောင်ထဲက တရားရုံးမှာ ဒီကနေ့ ထောင်ဒဏ်တွေ စီရင်ခံရသူတွေထဲမှာ မနှစ်တုန်းက ရန်ကုန်မြို့ မြရိပ်ညို ဟိုတယ်ရှေ့မှာ အစိုးရဆန့်ကျင်ရေး ပိုစတာတွေကပ်လို့ အဖမ်းခံခဲ့ရတဲ့ မစုစုနွေးနဲ့ ကိုဘိုဘိုဝင်းလှိုင် တို့ လည်း ပါဝင်ပါတယ်။


မစုစုနွေးကို စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ခွဲ နဲ့ ကိုဘိုဘိုဝင်းလှိုင်ကိုတော့ ထောင်ဒဏ် ၈ နှစ် အပြစ်ပေးလိုက်တဲ့ အကြောင်း သူတို့မိသားစုဝင်တွေက ပြောပါတယ်။


မစုစုနွေးဟာ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ မြန်မာအစိုးရကို တရားစွဲဆို အနိုင်ရခဲ့ဖူးသူအဖြစ် ထင်ရှားတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ဖြစ်ပါတယ်။


No comments: