(က)
တကယ်ကတော့ ကျွန်တော်၏ စာပေဘဝသည် စစ်ပြီးခေတ်မှ ပီသထင်လင်းလာသည်ဟု ဆိုနိုင်သည်။ စစ်မဖြစ်ခင် ကျောင်းသားဘဝ ကတော့ ကဗျာရေးလိုက်၊ ဝတ္ထုရေးလိုက်၊ ဆောင်းပါးရေးလိုက်၊ ဟိုစမ်းစမ်း သည်စမ်းစမ်း။ မြန်မာနိုင်ငံသို့ အာရှစစ်ကြီးဝင်ရောက်လာ၍ အင်္ဂလိပ်နယ်ချဲ့စနစ်ကို တွန်းလှန်သော တော်လှန်ရေး။
တစ်ဖန် စိုးမိုးချုပ်ချယ်ထားသော ဂျပန်ဖက်ဆစ်၊ စစ်ဝါဒီများ၏လက်အောက်မှ လွတ်မြောက်ရန် ရုန်းကန်သော ဖက်ဆစ်ဆန့်ကျင်ရေး တော်လှန်ရေးတို့ဖြင့် ကျွန်တော်တို့၏ ပွင့်သစ်စဘဝများကို များစွာရိုက်ခတ်ခဲ့သည်။
ထို့ကြောင့်ပင် ကျွန်တော်သည် သမိုင်းခေတ်များအကြောင်း ဖွဲ့နွဲ့ဖော်ပြရာတွင် စစ်နှင့် တော်လှန်ရေးဟူသော စကားရပ်ကို သုံးစွဲခဲ့သည်။
သမိုင်းခေတ်အသီးသီးရှိ မျိုးဆက်များသည် အနည်းနှင့်အများ စစ်နှင့် တော်လှန်ရေးကို ဖြတ်သန်းခဲ့ရသည်ဟု ကျွန်တော်ခံစားရသည်။ ယင်း ခံစားသည့်အတိုင်း ကျွန်တော် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
စစ် နှင့် တော်လှန်ရေး
စစ်ဆိုသည်မှာ ကမ္ဘာစစ်၊ ပြည်တွင်းစစ် လက်နက်ဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ရသော စစ်များကို ဆိုလိုသည်။ တော်လှန်ရေး ဆိုသည်ကား တစ်ခေတ်သို့ ကူးပြောင်းသွားအောင် ပြောင်းလဲစေသော လှုပ်ရှားမှုကို တော်လှန်ရေးဟု နားလည်ထားသည်။
တော်လှန်ရေးဆိုသည်မှာ လက်နက်ကိုင် တော်လှန်ရေးကိုသာ ပြောလိုခြင်းမဟုတ်။ စာပေ တော်လှန်ရေး၊ အနုပညာ တော်လှန်ရေး စသော ယဉ်ကျေးမှုရေးရာ တော်လှန်ရေးများ ဆိုင်သည်ဟု ကျွန်တော် နားလည်ထားသည်။
စစ်မဖြစ်မီခေတ် ၁၉၄ဝ ဝန်းကျင်က စစ်ကိုင်း ဂုဏ်ရည်မဂ္ဂဇင်းတွင် ကျွန်တော် စာပေတော်လှန်မှုဟု ခေါင်းစဉ်ဖြင့် စာတစ်ပုဒ်ရေးခဲ့ဖူး သည်။ သမိုင်းခေတ်အတွင်းတွင် ပါဝင်ခဲ့သော မျိုးဆက်သားတို့သည် အသက်အရွယ်အားဖြင့် ခြားနားချင်ခြားနားမည်။
သမိုင်းခေတ် အတွေ့အကြုံ သဘာဝချင်း ခြားနားချင် ခြားနားမည်။ သို့သော် သူတို့သည် လှုပ်ရှားမှုတစ်ရပ်ရပ်၏ ရိုက်ခတ်ချက်ကို ထိတွေ့ရမည်မှာ မလွဲပေ။ ယင်းတို့သည် သမိုင်းလှုပ်ရှားမှုများဟု ကျွန်တော် ပြောချင်သည်။ သမိုင်းခေတ်တစ်ခေတ်နှင့် တစ်ခေတ် ဆက်စပ်ဆင့်ပွားကာ ပေါ်ထွန်းနေခဲ့သည်ဟု ခံစားမိသည်။
အတိတ်မှ ပစ္စုပ္ပန် ပေါ်ထွန်းလာသည်။ ပစ္စုပ္ပန်မှ အနာဂတ် ပေါ်ထွန်းလာရသည်။ အတိတ်မရှိဘဲ ပစ္စုပ္ပန်မရှိနိုင်။ ပစ္စုပ္ပန်မရှိဘဲ အနာဂတ် ရောက်ရှိမလာပေ။ ယင်းသို့ ဆက်စပ်မှုရှိသည်။ အတိတ်ကို ကောင်းစွာမသိလျှင် ပစ္စုပ္ပန်ကို ဖွဲ့စည်းတည်ထောင်ရန် ခက်ပေမည်။
ပစ္စုပ္ပန်ကို ဖွဲ့စည်းတည်ထောင်မှသာလျှင် အနာဂတ်သည် ပေါက်ဖွားလာနိုင်သည်။ ထို့ကြောင့်ပင်လျှင် ငယ်စဉ်ကျောင်းသားဘဝကတည်း က ရှေးအခေါ် ရာဇဝင်၊ ယခုအခေါ် သမိုင်းပညာကို စာအုပ်များဖြင့်သင်ကြားရသည်။
မိဘမရှိဘဲ သားသမီး မပေါ်ထွန်းနိုင်၊ သားသမီးသည်လည်း ထို့အတူပင်၊ မြေးများကို ပေါက်ဖွားပေးကြရသည်။ ယင်းသို့ဖြင့် သမိုင်းသည် ဆက်စပ်နေသည်။ သမိုင်းသည် မဆုံး။
(ခ)
ခေတ်ကို မည်သို့ သတ်မှတ်ကြမည်လဲ။ ခေတ်ကို မည်သို့ သိရှိကြမည်လဲ။ ယင်းသည် သမိုင်းဗေဒ ပညာရပ်တစ်ရပ် ဖြစ်သည်။
သမိုင်း မသိသူသည် (သို့) အတိတ် မသိသူသည် မိဘမဲ့သားသမီးနှင့် တူပေလိမ့်မည်။ မိဘ၏ အမျိုးအမည် သဘာဝမသိဘဲ လမ်းပေါ် တွင် စွန့်ပစ်ခြင်းခံရသော မိဘမဲ့သားသမီးနှင့် တူပေလိမ့်မည်။ ယင်း အတွေးအခေါ်များဖြင့် ကျွန်တော်သည် မိမိဖြတ်သန်းခဲ့သော သမိုင်းခေတ်များ အတွေ့အကြုံအရ သုံးသပ်ရင်း တွေ့ရှိလာရသည်ဟု ဆိုရပေမည်။
သမိုင်းခေတ်များကို ဖြတ်သန်းရင်း အစဉ်အလာကို၊ သဘောကို ထိတွေ့လာရသည်။ ပထမသော် အစဉ်အလာကို ကောင်းစွာမသိ။ သာမန်အားဖြင့်သာ သိရသည်ဟုဆိုရပေမည်။ သို့သော် ပထမမျိုးဆက်၊ ဒုတိယမျိုးဆက်၊ တတိယမျိုးဆက် စသည်အားဖြင့် ဖြတ်သန်း သွားရင်း အစဉ်အလာ၏ စွမ်းအင်အကျိုးကျေးဇူးကို ထိတွေ့ခံစားလာရသည်။
ကျွန်တော်တို့ ပထမမျိုးဆက် ဆိုပါတော့။ စာပေမျိုးဆက်သည် ကျွန်တော်တို့အရင် တစ်ခေတ်မှ ဆင်းသက်လာသည်။ ကျွန်တော်တို့ အရင် အစဉ်အလာ သမိုင်းခေတ်မှ ဆင်းသက်လာသည်။ စာပေသည်လည်း ထို့အတူ။ စာပေသည်လည်း အစဉ်အလာရှိသည်။ ကျွန်တော်တို့သည် စာပေသစ်အကြောင်း ရေးသောအခါ ယင်းသို့ အစဉ်အလာမှ ဆင်းသက်လာသည့် သဘောကို ဖော်ပြခဲ့သည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ကျွန်တော်တို့ အရင်ခေတ်က အစဉ်အလာကို ထူထောင်သူဖြစ်သည်။ ဂန္တဝင် အစဉ်အလာမှပင် ဆင်းလာသည်။ သို့သော် သူက သူ၏ အစဉ်အလာဟောင်း၊ သူ၏ ခေတ်ပြိုင်ခေတ်ကို အကျိုးမပြုသော အဟောင်းများကို မဆက်ခံ။ သူ၏ ခေတ်ပြိုင်ခေတ် အမျိုးသားရေးလှုပ်ရှားမှုကို အကျိုးပြုသော အစဉ်အလာကိုကား ဆက်ခံသည်။ အစဉ်အလာကောင်းကို ဆက်ခံသည်။ အမွေအနှစ် ကောင်းပေါ်မှာ တိုးပွားအောင် ပြုလုပ်သည်။ အမွေဆိုးကို ဆက်ခံမည်ဆိုလျှင် အဆိုးကိုသာ ရရှိလိမ့်မည်။
အမွေကောင်းကို ဆက်ခံလျှင် အကောင်းကို ရရှိလိမ့်မည်။ ထို့အတူပင် ခေတ်ပြိုင်လှုပ်ရှားမှုတွင် ကိုယ်တိုင် ပါဝင်နေသောအခါ မိမိသည် မည်သည့်အစဉ်အလာကို ဆက်ခံရမည်ကို သိသင့်သည်။ စဉ်းစားစရာ အချိန်များရှိသည်။
သို့သော် နောက်တစ်ခေတ်သို့ ကူးပြောင်းမည်ရှိသောအခါ ယခင် မိမိဆက်ခံလာဖူးသော သမိုင်းခေတ်၏ အကျိုးကျေးဇူးကို သိရမည်။ သို့သော် အကျိုးကျေးဇူးကို သိရှိသူလည်း ရှိမည်။ ကျေးဇူးကန်းသူလည်း ရှိမည်။ ယင်းသည် သဘာဝပင်။
အစဉ်အလာမရှိသူ (သို့) အစဉ်အလာကောင်းကို မသိသူ (သို့) အစဉ်အလာကို ကောင်းစွာမဆက်ခံသောသူ သည် လက်ငင်းတွင် အသစ်ကို ရရှိနိုင်မည် မဟုတ်ပေ။
ကတ္တရာလမ်းပေါ်တွင် မော်တော်ကားစီးလျက် လမ်းဘေးမြေကြီးပေါ်တွင် တအိအိသွားနေသော လှည်းကို ခေတ်မမီကောင်းလားဟု ကဲ့ရဲ့နေခြင်းသည် အစဉ်အလာကို မသိသူဖြစ်သည်။ လှည်းပေါ်ပြီးမှ မော်တော်ကားအထိ အဆင့်ဆင့် ကူးပြောင်းလာခြင်း ဖြစ်သည်ကို သူသိမှသိပါလေစ။ လှည်းမရှိဘဲ မော်တော်ကား ပေါ်လာခြင်းမဟုတ်။
အတိတ်မရှိဘဲ ပစ္စုပ္ပန်သက်သက် တည်ရှိနေခြင်း မဟုတ်ပေ။ ယင်းသို့ အဆင့်ဆင့် ကျေးဇူးတရားသည် သမိုင်းခေတ် မျိုးဆက်တို့ ဆင့်ပွားဆက်ခံလာသော အစဉ်အလာ သဘောတရားကို သိမှုဖြစ်သည်။ ယင်းအသိတရားဖြင့် မျိုးဆက်ကွာဟခြင်းကို နီးစပ်အောင် ဆောင်ရွက်နိုင်ပေသည်။
(ဂ)
အကြောင်းအမျိုးမျိုးကြောင့် သမိုင်းခေတ်တစ်ခေတ်တွင် မျိုးဆက်ကွာဟခြင်း ရောဂါကို ကောင်းစွာ ဖတ်ရှုလေ့လာနိုင်သည်။ အနည်းဆုံး သမိုင်းခေတ်တွင် ကျေးဇူးပြုသည့်အမှုကို သိရှိနိုင်သည်။
သမိုင်းတစ်ခေတ်နှင့် တစ်ခေတ် ဆက်စပ်နေကြသည်။ မျိုးဆက် တစ်ခေတ်နှင့်တစ်ခေတ် ဆက်စပ်နေသည်ကို သမိုင်းခေတ် အတွေ့အကြုံများဖြင့် သိရှိနိုင်သည်။ ကျွန်တော်သည် သမိုင်းခေတ်တို့၏ မျိုးဆက်ခေတ်များကို ဖြတ်သန်းလာရင်း မျိုးဆက်တစ်ခေတ်နှင့် တစ်ခေတ် ကျေးဇူးပြုမှုကို ထိတွေ့ခံစားရသည်။
အမျိုးသား လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ညီညွတ် ငြိမ်းချမ်းရေးခေတ်တို့ကား တစ်ခေတ်နှင့်တစ်ခေတ် ကျေးဇူးပြုကြသည်။ ဆက်စပ်နေကြသည်။ မျိုးဆက်ကွာဟမှု ရှိနေလျှင် တည်ဆောက်ဆက်စပ် ပေးကြလိမ့်မည်။ ယင်းသည် သမိုင်း တာဝန်ဖြစ်သည်ဟု ခံစားမိသည်။
ဒဂုန်တာရာ
ချယ်ရီ၊ အမှတ်(၅၂)၊ ၁၉၉၉။
(ပန်းချီ-ဇော်မောင်)
No comments:
Post a Comment