လက်ဖက်ရည် … ကော်ဖီ … အိုဗာတင်း … မိုင်လို …
အီကြာကွေး စားမလား … ပူပူလေး
စမူဆာ … နွားနို့ …
ပူတယ်နော် … ပူပူလေး ရမယ်…
ကားဂိတ်၊သင်္ဘောဆိပ်နှင့် မီးရထား ဘူတာတို့တွင် အော်ဟစ်ရောင်းချနေသော အသံမဟုတ်ပါ။ ထိုနေရာများမှာကဲ့သို့လည်း အော်ကြီးဟစ်ကျယ်မဟုတ်။ လေသံက နွေးနွေးလေး။
ထိုလေသံနွေးနွေးလေး ထွက်ပေါ်နေသည့်နေရာကား ရန်ကုန်ပြည်သူ့ဆေးရုံကြီး လူနာဆောင်များထဲမှာပင် ဖြစ်သတည်း။
သည်းခြေရောင်နေသော အရှိန်ကြောင့် ထိုလေသံနွေးနွေးကလေးကို အဆက်မပြတ်ကြားနေသဖြင့် မျက်လုံးတွေကို ဖွင့်မိသည်။ ဟိုက် … တယောက်တည်းမဟုတ်။ သုံးယောက်ကြီးများပါလား။ လူနာကုတင်များ၏ ခြေရင်းဘက် အလယ်စင်္ကြံတလျှောက် ခေါက်တုံ့ခေါက် ပြန်လျှောက်ရင်း ဈေးရောင်းနေသူများ။ သို့သော်လည်း လက်ထဲတွင်တော့ ဘာမှမပါ။
နောက်မှသိရသည်ကား ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ စားသောက်ဆိုင်များ၊ ဆေးရုံကြီးဝင်းအပြင်ဘက်ရှိ ဆိုင်များမှ နံနက်စောစော ဆေးရုံတံခါးဖွင့်ချိန် (မဖွင့်သေးသော်လည်း သူ့လူနှင့်သူ ဝင်ခွင့်ရနေသူများ) ဝင်လာပြီး စားသောက်လိုသည့် အရာမှန်သမျှ မေးမြန်းသည်။ အလိုရှိသည်ဆိုပါက ဆိုင်သို့ပြေးယူပေး၏။ ငွေ လက်ငင်းပေးလိုက်စရာမလို။
ရန်ကုန်ဆေးရုံကြီးသို့ ပထမဆုံး အကြိမ်တက်ရောက်ဖူးသောကျနော့်အဖို့ အရာအားလုံး အသစ်လိုခံစားနေရသည်။ တိုင်းပြည်ကြီး ဘယ်လောက်တိုးတက်နေသည်ကို ကျနော် မသိ။ ဆေးရုံမှာတော့ လူနာစောင့်ထားရန် မလို။ လူနာစောင့်ထားပြီး အနီးအနား ပြေးဝယ်ခိုင်းစရာလည်း မလို။ နံနက်ခင်းအစားအစာတွေက ဆေးရုံကြီးအတွင်းရှိ လူနာဆောင် ခန်းမထဲအထိ ပျံသန်းလာနေကြပြီ မဟုတ်ပါလား။
“ကဲ … အင်္ဂါသားတွေတော့ အထူးသတိထားပါ တဲ့။ ဂျာနယ်ထဲမှာ ပါလာပြီ”
တွေးနေလို့မှ မဆုံးသေး။ လေသံနွေးနွေးဖြင့်ဝင်လာသော ဂျာနယ်အရောင်းသမားကို အင်္ဂါသားကျနော် ယောင်ရမ်းပြီး လှမ်းကြည့်မိ လိုက်၏။
အော် … ဆေးရုံ၊ ဆေးရုံ။ ကျနော်ကတော့ အညာဆန်သင်္ဘောကြီးနှင့် ခရီးသွားနေတာလားဟု ကိုယ့်ကိုယ်ကို ပြန်မေးနေရတော့သည်။
ကျနော် ဆေးရုံရောက်နေသည်မှာ ၂ ရက်ရှိပြီ။ လက်ကောက်ဝတ်မှ ဒရစ်ပိုက်ကလည်း မဖြုတ်ရသေး။ ရောဂါကတော့ နည်းနည်း သက်သာလာ၏။
ခက်သည်က ညဘက်။
သွင်းထားသော အကြောဆေးပုလင်းကုန်ကာနီးအထိ သူနာပြုတယောက်မှ ရောက်မလာ။ ဟော … ကုန်ပြီ။ မလာသေး။ သွေးတွေက ပိုက်ထဲပြန်ဝင်နေပြီ။ လက်မောင်းအောင့်လာ၏။ မနေနိုင်တော့။ သူနာပြုဆရာမကား ထမီအနားခတ်သံပင် မကြားရသေး။
ထိုစဉ် တဖက်ကုတင်မှ သူနာပြုဆရာမကို လှမ်းမြင်လိုက်သဖြင့် အားတက်ကာ လက်ယပ်လှမ်းခေါ်မိသည်။ မတွေ့။ နှစ်ကြိမ် လက်ကိုပြနေရဆဲ။ သုံးကြိမ်မြောက်တွင် အနှီသူနာပြုဆရာမက ကျနော်လက်ပြသည်ကို တွေ့သွားသည်။ သို့သော်လည်း ကျနော့် အထင်ဟုပဲ ဆိုရမည်။ မသိမမြင်သလို အိုက်တင်လုပ်ကာ တဖက်လှည့် သွားတော့၏။
တော်ပါသေးသည်။ ဘေးကုတင်မှ လူနာစောင့်က အတွေ့အကြုံရှိနေသဖြင့် ကမန်းကတန်း ဖြုတ်ပေးသည်။ နောက်တနေ့ ထိုလူနာစောင့်နှင့် စကားစမြည်ပြောရင်း တဖက်ကုတင်မှ ညတုန်းက သူနာပြုဆရာမလေးအကြောင်း ကျနော်က စကား စလိုက်မိသည်။
“ဟာ … ဒီသူနာပြုဆရာမလေးက ဒီဆေးရုံက မဟုတ်ဘူး”
“ဗျာ … ဒီဆေးရုံကမဟုတ်ရင် သူက ဘာလို့ ဒီဆေးရုံမှာ အလုပ်လာဆင်းနေရတာလဲ”
“ဒီလို ဆရာရဲ့၊ သူက စပါယ်ရှယ်နာ့စ်လေ။ ဒီတော့ ဆရာလက်ပြတာကို မြင်ချင်လည်းမြင်နိုင်တယ်။ မမြင်တာလည်း ဖြစ်နိုင်တယ်။ သူတို့က သူတို့လူနာလောက် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး”
အော် … ဟု စိတ်ထဲမှာပင် ကျနော် ရေရွတ်မိတော့သည်။ ခေတ်ကြီးကား အပြောင်းအလဲ မြန်ပါဘိ။ သူနာပြုတွေမှာလည်း သူ့လူနာ၊ ကိုယ့်လူနာ။ သူ့ဆေးရုံ၊ ကိုယ့်ဆေးရုံ ရှိနေကြပါဘိတကား။
ကျနော် မညံ့ပါ။ စစ်အာဏာရှင်များ ဖိနှိပ်အုပ်ချုပ်နေသောနိုင်ငံတွင် နိုင်ငံရေးအရ အပေးအယူမလုပ်သော်လည်း ရာထူးဂုဏ်သိန်နှင့် ကိုယ်ကျိုးစီးပွားအတွက် အရာရာ အပေးအယူလုပ်နေကြသည် မဟုတ်ပါလား။ ထို့ကြောင့် အဆိုပါ နိုင်ငံသားဖြစ်နေသည့် ကျနော်သည် လည်း မညံ့ပါ။
ထိုနေ့ည။
နေ့လည်က မိတ်ဆွေတယောက် ရောက်လာကာ အားပေးစကားပြောရင်းပေးခဲ့သည့် ကိတ်မုန့် ၂ ဘူးကို အသုံးချရတော့သည်။ တဘူးကို ဘေးကုတင်ရှိ လူနာများအားပေးလိုက်ပြီး ကျန်တဘူးကို သူ့လူနာ၊ ကိုယ့်လူနာဖြင့် ညဘက် အလုပ်လာဆင်းကြသည့် စပါယ်ရှယ် နာ့စ်မလေးများကိုပေးရန် ဘေးကုတင်မှ လူနာစောင့်ကို အကူအညီတောင်းလိုက်သည်။
ကျနော့် အစီအစဉ်ကား ပီပြင်လိုက်သည့် ဖြစ်ခြင်း။
တဖက်ကုတင်မှ စပါယ်ရှယ်နာ့စ်မလေးသည် ထိုညက ၅ ကြိမ်တိတိ ကျနော့်ကို လှည့်လှည့်ကြည့်နေသည်။
ဟင့်အင်း … ကျနော့်ကိုကြည့်တာမဟုတ်။ ကျနော့်လက်မောင်းထဲ သွင်းထားသည့် အကြောဆေးပုလင်းကို လှမ်း လှမ်းကြည့်နေခြင်းပင်။
အော် တလုပ်စားဖူး၊ ကိတ်ကျေးဇူး နှင့် အားလုံးကောင်းသော ညပေတကား။
မြူစွမ် ရမယ် … ခေါက်ဆွဲထုပ် ရမယ် ...
ကြက်ဥဟပ်ဘွိုင်တွေ ရမယ် …
ဆေးရုံရောက်နေသည်မှာ ၄ ရက်ရှိနေပြီမို့ ဆေးရှိန်ဖြင့်မှိန်းနေသော်လည်း ထိုအသံကြားတော့ ဗိုက်ထဲက ဆာတာတာဖြစ်လာသည်။ မယုံမရှိပါနှင့်။ နာရီလည်းကြည့်စရာမလို။ နံနက် ၁ဝ နာရီကျော်ပြီ။
သို့နှင့် လူနာစောင့်မရှိသောကျနော့်အဖို့ နေ့လယ်စာစားရန် ပြင်ရတော့သည်။ လေသံနွေးနွေးဖြင့် လာအော်နေသူဆီမှလည်း မှာမစားချင်။ လမ်းလျှောက်နိုင်ပြီး ထမင်းပို့ချိန်ရောက်နေပြီမို့ ကိုယ့်ဘာသာ အပြင်ထွက်စားဖို့ စိတ်ကူးလိုက်သည်။
“ကိုမောင်တောက် …
ကိုမောင်တောက် … ရှိလား”
နာမည်က ကျနော့်နာမည်။ ခေါ်နေသူက အခန်းဝမှာ။ လှမ်းကြည့်ပြီး လက်မြှောက်ပြလိုက်တော့ ထိုသူလျှောက်လာသည်။ အသိအကျွမ်းထဲကလည်း မဟုတ်။ သူလို ကိုယ်လို လူတယောက်ပင်။
“ခင်ဗျားကို သွေးစစ်ဖို့လာတာ”
အနားရောက်ရောက်ချင်းပြောလိုက်သော သူ့စကားကြောင့် အပြင်ထွက်မည့် ကျနော့်အစီအစဉ်တွေ အလိုလို ခေတ္တရပ်ဆိုင်းသွားရတော့သည်။ သည်တော့မှ ထိုသူသည် ဆေးရုံဝန်ထမ်းတဦးဖြစ်ပြီး ဓာတ်ခွဲခန်းကျွမ်းကျင်သူလည်းဖြစ်ကြောင်း တပြိုင်တည်း သိလိုက်ရသည်။
ထို့နောက် လက်ထဲတွင်အသင့်ပါလာသောကရိယာများဖြင့် ကျနော့်ဆီမှ သွေးကို ဖောက်ထုတ်ယူရင်း …
“ခင်ဗျားကိုစစ်ရမယ့်ရောဂါတွေက အများကြီးပဲ”
သူ့လေသံက နွေးလှ၏။
“တချို့ဆိုရင် ကျနော်တို့ဆေးရုံမှာတောင် စစ်ဖို့မလွယ်ဘူး”
ပိုပြီးနွေးလာသော သူ့လေသံ။
“အပြင်ဓာတ်ခွဲခန်းမှာက ပစ္စည်းလည်းစုံ အဆင့်လည်းမြင့် …၊
သူ့စကားကို ဖြတ်ထားသော်လည်း သူ့လေသံနွေးနွေးကိုဖြင့် ကျနော် ခံစားနေရဆဲ။
“အပြင်ဓာတ်ခွဲခန်းက အဆင့်မြင့် ပစ္စည်းစုံသလောက် ဈေးကလည်းကြီးပါ့ ဗျာ …
သူ့စကားတွေထဲက အကောင်းဆုံး လေသံနွေးနွေး။
ကျနော်ကတော့ ပုလင်းလွတ်ထဲသို့ ကျနော်ဆီမှသွေးတွေကို ကျွမ်းကျင်စွာ ပြောင်းထည့်နေသည့် သူ့ကိုကြည့်ရင်း …
“အပြင်ဆေးခန်းမှာစစ်ရင် ဘယ်လောက်ကျနိုင်လဲဗျ …”
သူက ကျနော့်ကို မကြည့်ဘဲ …
“ငါးရာလောက်ပါပဲ၊ ဒီထက်များပါဘူး”
“ကောင်းပြီလေ”
ကျနော့်စကားဆုံးတော့ ရပ်စောင့်နေသလိုလို၊ ပစ္စည်းတွေစစ်နေသလိုလိုနှင့် ၇ စက္ကန့်လောက်ကြာတော့ ကျနော့်အနားက သူထွက်သွားတော့သည်။ ကျနော် သူ့ကိုလှည့်မကြည့်ဖြစ်။
ဆက်လက်ဖော်ပြပါမယ်။
ရေစီးသံဂျာနယ်
အတွဲ ၄ အမှတ် ၈
ဇူလိုင်လ ၁၆ ရက် ၂၀၀၁ ခုနှစ်
No comments:
Post a Comment