Monday, November 17, 2008

ဘလော့ဂါ နေဘုန်းလတ်ကို ဖားအံထောင်ကို ပို့လိုက်ပြီ

ဘလော့ဂါ နေဘုန်းလတ်ကို ဖားအံထောင်ကို ပို့လိုက်ပြီ

ဗကသခေါင်းဆောင်တွေကို ထောင်ဒဏ် ၁၀ နှစ်ကျော်၊

ကိုထင်ကျော်က ထောင်ဒဏ် ၁၂ နှစ်ခွဲ ... တဲ့


ဘီဘီစီ (မြန်မာပိုင်း)

နိုဝင်ဘာလ ၁၇ ရက် ၂၀၀၈ ခုနှစ်၊ ညပိုင်းအစီအစဉ်


ဖမ်းဆီးထားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ဆက်တိုက်ချနေတဲ့နေရာမှာ ဒီကနေ့မှာ တော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်းတို့ကို ထောင်ဒဏ် ၁၀ နှစ်ကျော်စီ ချမှတ်လိုက်ပါတယ်။


နောက်တခါ မနှစ်က ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆက်တိုက်ဆန္ဒပြတောင်းဆိုခဲ့သူ ကိုထင်ကျော် ကိုလည်း ထောင်ဒဏ် ၁၂ ခွဲ ချမှတ်ခဲ့ပါတယ်။


နောက်မြောက်ဥက္ကလာက သံဃာတော် ဦးစန္ဒာဝရ ကိုလည်း ထောင် ၈ နှစ်ချလိုက်ပါတယ်။


ဒီကနေ့ထောင်ချခံရသူ အနည်းဆုံး ၉ ဦးရှိတယ်လို့ သိရပါတယ်။ မနေ့တုန်းကလည်း ထောင် ၆၅ နှစ်ကျော်စီ ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး အပါအဝင် လူပေါင်း ၂၀ ကျော်ကို ဝေးလံတဲ့ ဒေသက ထောင်အသီးသီးကို ပို့ခဲ့ပါတယ်။


ဒီနေ့မှာလည်း ထောင်ဒဏ် အနှစ် ၂၀ ကျော်ချခံထားရတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်နဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ကိုဉာဏ်လင်းတို့ ကို ဖားအံထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။


No comments: