လှချင်တိုင်း လှနေတဲ့
ဒေါနတောင်ခြေ ရွာငယ်လေးက
ငယ်ငယ်ရွယ်ရွယ်နဲ့ သူပုန်ဖြစ်ခဲ့ရတဲ့ ကျနော်
ဘဝပေးအသိနဲ့
တော်လှန်သူတွေကို ချစ်တယ်
တော်လှန်ရေးကြီးကို ချစ်ခဲ့တယ်။
မသိစိတ်မှာကြောက်စိတ်တွေသာ ကြီးစိုးပေမယ့်
သိစိတ်မှာ တစစီကြေမွသွားအောင်…။
မိုးတည
တောင်ယာတဲဝမှာ
အရိပ်မည်းတွေ ထိုးကျခဲ့တယ်
အပါးကို သွေးစိမ်းရှင်ရှင်ကျ အသားတွေ အထပ်ထပ်မွန်း
အမိုးကို ဘက်နက်ပြပြီး အလှည့်ကျ စနစ်နဲ့
ကျနော်ကတော့
ရှင်လျက်နဲ့ သေခဲ့ရပေါ့၊
တကောင်ကြွက် အဖော်မဲ့ဘဝဖြစ်အောင်
အိပ်မက်နဲ့ အတွေးတွေကြား တုန်လှုပ်ခြောက်ခြားနေရအောင်
ဝတ်စုံတွေမြင်တိုင်း ပုန်းအောင်းနေတတ်အောင်
သေနတ်နဲ့ ဘက်နက်တွေမြင်တိုင်း သွေးပျက်ထိတ်လန့်နေရအောင်
ရူးသွပ်သူ လူတစုက
ကျနော့် ငယ်ဘဝကို မညှာမတာ ခြေမွခဲ့တယ်။
တသသ
အမှတ်တရပန်းချီကား
အမိုးနဲ့အပါး အချစ်ဆုံးသား ကျနော်
အဖော်က မိုးမခ
ဒေါနတောင်တန်းကြီးနဲ့ 
မြူတလှည့် မိုးတလှည့် စိုလဲ့နေတဲ့ တောင်ယာတွေ
တံပိုးသံနဲ့ ရိုးရာတေး ကျောက်ဆောင်ကြားက ငါးလေးတွေ
သစ်သီးတွေစား လှည့်စားတတ်တဲ့ ရှဥ့်ငယ်တွေ
တတောလုံးမွှေး တတောင်လုံးသင်း
ပွင့်ချင်တိုင်းပွင့်နေတဲ့ ပန်းရိုင်းတွေ
တခါတခါ ပြည့်ပြည့်ဝဝ
တခါတခါလည်း မပြည့်မဝ
ဒါပေမယ့်လည်း
အမြဲတမ်း ရှင်းသန့်တဲ့ လရောင်တွေ
ကျနော်...
သူတို့နဲ့ပဲ ရင်းနှီးရ
သူတို့နဲ့ပဲ ပျော်ခဲ့ရတယ်။
တောင်ယာတွေကို သိပ်ချစ်လို့
သူပုန်ဖြစ်ခဲ့ရသူဆိုရင်
သင်တိုင်းဖြူမက လွဲလို့။
ကျနော်ကတော့
တော်လှန်သူဘဝကို
နောက်ဆုံးထွက်သက်အထိ ဆက်ချစ်နေပါဦးမယ်။ ။
ခိုင်မာကျော်ဇော
(၁၉၉၉ ခုနှစ်က ရေးခဲ့တဲ့ ကဗျာပါ၊ ဒီကဗျာနဲ့ ကော်သူးလေရဲဘော်များကို ဂုဏ်ပြုပါတယ်)
No comments:
Post a Comment