Thursday, April 21, 2011

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - နိဂုံးပိုင်း

နောက်ဆုံးတော့ KIA ဌာနချုပ်ဘက်တက်မယ့် တောင်ခြေဘက်ရောက်ခဲ့ပြီး တာပိန်မြစ်တဖက်ကမ်းမှာ KIA တပ်မဟာ ၃ စခန်း ရှိတယ်။ တပ်မဟာမှူး ဗိုလ်မှူး ဇော်အင်း၊ ဒု-တပ်မဟာမှူး ပန်းအောင်နဲ့ ဗိုလ်မှူး ဆင်ဝါးနော်တို့ လာကြိုနေကြတာ တွေ့ရတယ်။ တပ်ကို တလမ်းလုံး ဦးဆောင်လာခဲ့တဲ့ ဦးဇော်မိုင်းက ...

“ခင်ဗျားတို့ ပါကျောင်ကို လိုက်ခဲ့ပါလား။ နားပြီးမှ ကျနော်တို့လိုက်ပို့ ပေးပါမယ်” လို့ ပြောပါတယ်။

ကျနော်တို့က “မနားတော့ဘူး … ပါတီကို အမြန်ရောက်တဲ့လမ်းကပဲ သွားချင်တယ်” ပြောလို့ ဗိုလ်မှူးဇော်အင်းထံ အပ်ခဲ့ပါတယ်။ တပ်မဟာ ၄ မှာ တရက် နှစ်ရက်နေပြီး တပ်ရင်း ၁ ကို ပို့ပေးပါတယ်။

တပ်ရင်း ၁ မှာ အနေရအထိုင်ရခက်တဲ့ ကိစ္စတခု ကြုံခဲ့ရတယ်။ တညနေ တပ်စုမှူးတယောက်က လမ်းလျှောက်ရအောင်ပါလို့ ခေါ်ထုတ်လာပြီး ကျောက်တိုင် တတိုင်ကို ပြပါတယ်။



နောက်မှ အဲဒါ “ဗိုလ်မှူးကြီးဇော်ဒန် အထိမ်းအမှတ် ကျောက်တိုင်လေ။ ခင်ဗျားတို့နဲ့တိုက်လို့ ကျသွားတာ” လို့ ပြောတော့ မျက်နှာပူသွားပါတယ်။ တခြားကျသွားတဲ့ KIA တွေရဲ့နာမည်တွေ ရေးထိုးတာလည်း တွေ့ရတော့ အနေရအထိုင်ရ အတော်ခက်နေမိတယ်။

မောင်လှဝင်းက ငှက်ဖျားပြန်ထလာလို့ တော်တော်နဲ့ ဆက်မထွက်ဖြစ်ပါ။ သက်သာလာမှ ရွာတရွာ လိုက်ပို့ပေးပါတယ်။ ဒီရွာမှာလည်း ဘားအံ ကုလားရွာလို အဖြစ်အပျက်တခု ကြုံခဲ့ရပါသေးတယ်။ ရန်သူ့တပ် ဝင်လာပြီဆိုလို့ ဆင်းပြေးရပါတယ်။ ရဲဘော် ၂ ယောက် ပါမလာပြန်လို့ တခေါက်ပြန်တက်ပြီး သူတို့ပစ္စည်းတွေ ကူသိမ်းပေး၊ ကူယူပေးလာရာက မောင်လှဝင်းဖိနပ်ပါ ပါလာလို့ သူ့ခမျာ ဖိနပ်မပါဘဲ ပြေးလိုက်လာရတာကို သတိရမိတယ်။

နောက်မှသိရတာက ရွာထဲ ဝင်လာသူတွေဟာ စစ်တပ်မဟုတ်။ တခြားရွာက အရပ်သားတွေ … တဲ့။ (ဗမာပြည်မြောက်ပိုင်းက တောင်ပိုင်းအထိကြုံရတဲ့ ပြည်တွင်းစစ်ရဲ့ပုံရိပ်တွေပါ) နောက်တော့ ကျနော်တို့ကို လွယ်ဂျယ်အထိ လိုက်ပို့ပေးပါတယ်။

ဒီကမှ တဆင့်ပြီးတဆင့်လာကြရာ ပါတီနယ်မြေ ကွန်ဟိုင်းရွာကို ညနေစောင်းမှာ ရောက်ပါတယ်။ တွေ့လိုက်ရတာက အင်းစိန်ထောင် ၅ ဆောင်မှာ မြင်ခဲ့ရဖူးတဲ့ ပြည်သူ့တပ်မတော်ဝတ်စုံ ဝတ်ထားတဲ့ ပြည်သူ့တပ်မတော်သားတွေပါ။ ဒီမှာတော့ ကြယ်နီတလက်လက် …။

အမောပြေသွားပါပြီ။

နိဂုံး

ကျနော်တို့အတွေ့အကြုံတွေကို ဝေမျှတာပါ။ တခြားအသေးစိတ်အချက်အလက်တွေ အများကြီး ကျန်ပါသေးတယ်။ ကျနော်တို့တတွေ ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ မရောက်လိုက်ရတဲ့ တိုင်း/ဒေသဆိုလို့ ၂ ခု၊ ၃ ခုပဲ ကျန်ပါတယ်။ ခိုအောင်းပြီး နေမယ်ဆိုလည်း နေလို့ရပါတယ်။

ဒီနေရာမှာ ကြွင်းကျန်ခဲ့တဲ့ အတုယူဖွယ် UG လုပ်ဟန်တခုကို မိတ်ဆက်ပေးချင်ပါတယ်။ UG ရဲဘော်တယောက်ဟာ ဒေသစိမ်းထဲ တိုးဝင်လာတဲ့ ဒုက္ခရောက်နေတဲ့ ရဲဘော် ၂ ယောက်ကိုတွေ့တော့ ပါတီဆီသွားမယ့်သူတွေလို့ ခန့်မှန်းမိတယ်။ ဒါ့ကြောင့် အဲဒီရဲဘော် ၂ ယောက်နဲ့ကပ်လိုက်ပြီး လိုအပ်တဲ့ အကူအညီတွေ တလျှောက်လုံး ပေးသွားတာပဲ။ သူကိုယ်တိုင်က ရဲဘော်ဖြစ်တယ်ဆိုတာ လုံးဝ ထုတ်မပြောဘဲ ကူညီသွားခဲ့တာ ဖြစ်တယ်။ ဒီလုပ်ဟန်ကို ကျနော်တို့ အတုယူသင့်တယ်။

ဒီနေ့အခြေအနေ အချက်အလက်တွေနဲ့ မတူတာတွေ ရှိပါတယ်။ သို့သော် U/G လုပ်ကြတော့မယ်ဆိုရင် နေရအောင် နေရပါတော့တယ်။ နေရအောင်လည်း ကြိုးစားကြရမှာပါ။

မတူတဲ့အကြောင်းအချက်အောက်မှာ စစ်အာဏာရှင်စနစ်ကို ရွံ့မုန်းနေကြတဲ့ ပြည်သူတွေကြားမှာ ဖြစ်အောင်နေထိုင် လုပ်ကိုင်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ရဲဘော် ချစ်ကြည်

No comments: