Wednesday, November 20, 2013

အမေရိကရောက် ကျနော် ဒုက္ခသည် - ၂ (ထက်ရာဇာ)

ဒီလို နေ့နဲ့ည မှားတဲ့ဒဏ်ကိုခံပြီးတော့ စတင်ဒုက္ခရောက်တာကတော့ အစားအသောက်ပြဿနာပဲဖြစ်ပါတယ်။ ရောက်တာကလည်း ရက်ပိုင်းပဲရှိသေးတော့ ဘယ်မှ မသွားတတ် မလာတတ်။ နောက်တချက်က ကျနော်တို့ရောက်တဲ့အချိန်က ဘိုအိုင်စီးမြို့မှာ နှင်းက သဲသဲမဲမဲကြနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ အနည်းဆုံး ၄ လက်မလောက်ကနေ ၈ လက်မနီးပါးရှိတဲ့ နှင်းတောထဲမှာ ဘယ်မှာ ဘာဆိုင်ရှိမှန်းမသိဘဲ ကျနော်လည်း မသွားရဲတာ အမှန်ပါပဲ။ 

အဲဒီတုန်းက ဒီလောက်အေးနေတဲ့အတွက် အရက်ဝယ်ချင်ရင်တောင် ကျနော့်မှာ အိုင်ဒီကတ်ပြား မရသေးတဲ့အတွက် အရက်က ဝယ်မရ။ (အမေရိကမှာက အရက်ဝယ်ဝယ် ဆေးလိပ်ဝယ်ဝယ် အသက်ပြည့်ကြောင်း မိမိ အိုင်ဒီကတ်ပြားကိုပြပြီးမှ ဝယ်လို့ရပါတယ်။) အစားအသောက်ကလည်း သူတို့ ရေခဲသတ္တာထဲမှာထည့်ပေးထားတဲ့ အမဲသားအစိမ်းတွေကို ပြုတ်လိုက် ကျော်လိုက်နဲ့ပဲ စခန်းသွားခဲ့ရတဲ့နေ့တွေလည်း ဖြစ်ပါတယ်။


နှင်းမကျတဲ့တနေ့ ကျနော် တံခါးဖွင့်ပြီး အပြင်ကို ဆေးလိပ်သောက်ဖို့ထွက်လိုက်တော့ ဘေးအိမ်ကလူတယောက်က ကျနော့်ကို ဟိုင်း လို့ နှုတ်ဆက်ပါတယ်။ သူက ကျုးဘားနိုင်ငံကလာတဲ့ ဒုက္ခသည်တယောက်ဖြစ်ကြောင်းနဲ့ ကျနော်တို့နေတဲ့အပတ်မန့်မှာ မြန်မာလူမျိုးဒုက္ခသည်တွေ အများကြီးရှိကြောင်း ပြောပြပါတယ်။ ခဏအကြာမှာတော့ ကရင်ပုဆိုးတွေ၊ ကရင်ထမီတွေဝတ်ထားတဲ့ ကရင်ဒုက္ခသည်တွေဟာ ရှားရှားပါးပါးထွက်လာတဲ့နေရောင်ကို နေပူဆာလှုံ့ဖို့အတွက် အိမ်တွေထဲကနေ အသီးသီးထွက်လာတာကိုတွေ့ရတော့မှ ဒါဟာ ဒုက္ခသည်တွေအများဆုံးနေထိုင်တဲ့ အပတ်မန့်ဆိုတာ သတိထားမိပါတော့တယ်။ 

နောက်တရက်မှာတော့ အပတ်မန့်မှာနေထိုင်တဲ့ ကရင်ဒုက္ခသည်တယောက်ရဲ့အကူအညီနဲ့ ထိုင်းဆိုင်တဆိုင်ကိုရောက်ရှိခဲ့ပြီး အာရှအစားအစာတချို့ဝယ်ဖြစ်ခဲ့သလို ၁၀ ရက်နီးပါး အမဲသားကို ပြုတ်တလှည့် ကျော်တလှည့်စားခဲ့ရတာကို အတိုးချပြီး ထိုင်းဆိုင်က ဝယ်လာတဲ့ ငါးခူရေခဲရိုက်ကို ခရမ်းချဉ်သီးနဲ့ နံနံပင်အုပ်ပြီး အဝတီးဖြစ်ခဲ့ပါတယ်။ နောက်တရက်မှာတော့ ကေ့စ်မန်နေဂျာ ကရင်မလေး မြင့်မြင့်ရောက်လာပြီး ဆိုရှယ်ဆားဗစ်လို့ခေါ်တဲ့ ဒုက္ခသည်တွေကိုစောင့်ရှောက်တဲ့ရုံးတွေမှာ အစားအသောက်ကဒ်ပြား လိုက်လျှောက်တာတို့၊ ကာကွယ်ဆေးထိုးတာတို့ကို လိုက်လုပ်ပေးပြီး ရှေ့တပါတ်ကစလို့ အင်္ဂလိပ်စာသင်တန်းကျောင်းတက်ရမယ်ဆိုတော့ အံ့သြမိပါသေးတယ်။ 

သူ့အပြောအရ ဒီသင်တန်းကို အချိန်မှန်မတက်ဘူးဆိုရင် အစိုးရကထောက်ပံ့ထားတဲ့ အိမ်လခတွေ၊ ဖူးစတန့်လို့ခေါ်တဲ့ အစားအသောက်ဝယ်စားလို့ရတဲ့ ကဒ်ပြား စတဲ့ အစီအစဉ်တွေကို အစိုးရက အလိုလိုဖြတ်တောက်ခံရမယ်လို့ပြောတော့ လာချင်ဦးဟဲ့ အမေရိကလို့ စိတ်ထဲက တွေးရပြန်ပါတယ်။ ဒီလောက်နှင်းတွေကြနေတဲ့ကြားမှာ ဘယ်လိုလာရမှာလဲလို့မေးမိတော့ ဒီမြို့မှာရှိတဲ့ ဒုက္ခသည် ၃၀၀ ကျော်လည်း ဒီအတိုင်းပဲ နှင်းတောထဲမှာ လမ်းလျောက်လာကြတာပဲလို့ပြန်ပြောတော့ မေးမိတဲ့ကိုယ့်ပါးစပ်ကို ဖြတ်ရိုက်ချင်စိတ်ပေါ်မိပါတယ်။ 

ဒီလိုနဲ့ နှင်း ၄ လက်မလောက်ကျနေတဲ့ကြားထဲမှာ အင်္ကျီ ၅ ထပ်လောက်ဝတ်ပြီး ဘတ်စ်ကားစီးလိုက် လမ်းလျောက်လိုက်လုပ်တတ်အောင် အမေရိကက ကျနော့်ကို စတင်သင်ပြပေးခဲ့ပြီပဲဖြစ်ပါတယ်။ ကျနော်နေတဲ့အိမ်ကနေ အင်္ဂလိပ်စာသင်မယ့်ကျောင်းကို ဘတ်စ်ကား ၂ ဆင့်စီးပြီး နာရီဝက်လောက် လမ်းလျောက်ရပါတယ်။ အဆိုးဆုံးကတော့ အအေးဓာတ် ရေခဲအမှတ်အောက် နှင်းတွေတဖွဲဖွဲကျနေတဲ့ကြားထဲမှာ ဘတ်စ်ကားစောင့်ရတဲ့အခြေအနေက အမေရိကရောက်ရောက်ချင်းမှာ ကျနော့်အတွက် အခက်အခဲဆုံးနဲ့ အကြမ်းတမ်းဆုံးအခြေအနေလို့ပြောရင်လည်း မှားမယ်မထင်ပါဘူး။ 

ဒါကြောင့်လည်း ခုချိန်ထိ ခေါင်းစွပ်တွေစွပ် လက်အိတ်တွေစွပ် နှင်းစီးဖိနပ်ကြီးတွေစီးပြီး ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့လူတွေတွေ့ရင် အရမ်းကိုယ်ချင်းစာမိပါတယ်။ ကျောင်းက မနက် ၉ နာရီကနေ ညနေ ၃ နာရီလောက်အထိ တက်ရပါတယ်။ ကျောင်းမှာ သူတို့ကျွေးတဲ့ ပီဇာ၊ ဟမ်ဘာဂါနဲ့ ဆင်ဝဒ်ရှိတွေမစားချင်ရင်တော့ ကိုယ့်အိမ်ကနေ ကိုယ့်နေ့လည်စာကို ယူလာခွင့်ပြုထားပါတယ်။ ကျနော် အပါအဝင် ကရင်ဒုက္ခသည်အများစုကတော့ ကိုယ့်အိမ်ကနေ ကိုယ့်ထမင်းဘူး ကိုယ်ယူလာကြတာ များပါတယ်။ 

အဲဒီကျောင်းမှာ မြန်မာနိုင်ငံသားဒုက္ခသည်တွေအပြင် အီရန်၊ အီရတ်၊ ကျုးဘား၊ နီပေါ၊ ဆိုမာလီယာ၊ အီသရိုးပီးယား စတဲ့ ဒုက္ခအမြောက်အများလည်း လာရောက်စာသင်နေကြတာဖြစ်ပါတယ်။ များသောအားဖြင့်ကတော့ လူမျိုးတိုင်းဟာ ကိုယ့်အစားအစာကို ကိုယ့်ဖာသာကိုယ် ဘူးကိုယ်စီနဲ့ ထည့်လာကြတာကိုလည်း တွေ့ရပါတယ်။ 

တနေ့မှာတော့ ပြဿနာက စပြီဖြစ်ပါတယ်။ နေ့လည်ပိုင်းစာသင်ပြီးလို့ နေ့လည်စာစားဖို့ ထမင်းစားခန်းထဲမှာထိုင်ပြီး ထမင်း တလုပ် နှစ်လုပ်လောက်စားနေချိန်မှာပဲ ဆိုးဆိုးရွားရွား ငါးပိရည်နံ့ကြီးဟာ ထမင်းစားခန်းတခုလုံးထဲကို ပျံနှံ့လာပြီးချိန်မှာတော့ ထမင်းစားခန်းထဲမှာ နေ့လည်စာစားနေကြတဲ့ အမေရိကန် ဆရာ၊ ဆရာမတွေအပြင် ကျန်တဲ့ ဒုက္ခသည်တွေအားလုံးဟာ အခန်းပြင်ကို ထွက်ပြေးသွားခဲ့ကြပါပြီ။ အခန်းထဲမှာ ကျန်ခဲ့တာကတော့ ငါးပိရည်နံ့နဲ့ လက်ပွန်းတတီးဖြစ်နေတဲ့ ကျနော် အပါအဝင် မြန်မာနိုင်ငံသားဒုက္ခသည်တွေဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။ 

အဖြစ်ကတော့ အသက် ၆၀ နီးပါးရှိတဲ့ ကရင်လူမျိုး အဘိုးကြီးဟာ အိမ်ကထည့်လာတဲ့ ငါးပိရည်ဆန်းထားတဲ့ထမင်းကို အဖုံးဖွင့်ပြီး မိုက်ကရိုဝေ့နဲ့ ထည့်နွှေးလိုက်တဲ့အတွက် အင်မတန်မွှေးကြိုင်သင်းပျံ့လှတဲ့ ငပိရည်နံ့ဟာ အခန်းတခုလုံးကို ဖုံးလွှမ်းစေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ ဖထီးရဲ့ ငါးပိရည်နံ့ကျေးဇူးကတော့ ကျနော်တို့ကျောင်းသားတွေကို ချက်ခြင်း အိမ်ပြန်ခိုင်းလိုက်ရုံသာမက သန့်ရှင်းရေးပြန်လုပ်ရမယ့်အတွက် ကျောင်း ၂ ရက်ပိတ်ကြောင်း ကြေငြာခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးပေါ်မှာ အမေရိကန်တွေကြောက်တာဟာ ငါးပိရည်တခုသာရှိနိုင်ကြောင်းလည်း ကျနော် တွေးမိရပြန်ပါသေးတယ်။ 

ဆက်လက်ဖော်ပြပါမည်။ 

ထက်ရာဇာ 
(ခေတ္တ - အမေရိက)


 

No comments: