Saturday, November 23, 2013

နှလုံးသားဒိုင်ယာရီ (၁၇) - အုပ်ကြီးဖေ

၂၅-၂-၂၀၀၂ 

ဘဝတွင် ဝမ်းအကျင့်၊ နှုတ်အကျင့်ကိုဖျောက်ရန် ခက်ခဲသည်ဟုဆိုရမည်။ တော်လှန်ရေးနယ်မြေ ကျင်လည်နေထိုင်စဉ်ကာလ ထမင်းကိုသာ အားပြုစားသောက်တတ်ကြသည်။ နံနက် ၄ နာရီထိုးသည်နှင့် အိပ်ယာမှထကာ ချက်ပြုတ်ကြပြီး ၆ နာရီထိုးသည်နှင့် နံနက်စာကိုစားသောက်တတ်ကြသည်။ ညနေစာကိုတော့ ၃ နာရီထိုးသည်နှင့်စားသောက်ပြီးဖြစ်သည်။ ထိုမှာ နိစ္စဓူဝဖြေရှင်းရသော ဝမ်းရေးဖြစ်သည်။ 

သာစည်ဘူတာအနီး ရွှေဝတ်မှုံတည်းခိုခန်းရောက်တော့လည်း နံနက် ၆ နာရီထိုးသည်နှင့် ဝမ်းမီးက ပူလောင်ထကြွသောင်းကျန်းနေတော့သည်။ မုန့်ပဲသရေစာ မစားတတ်၊ မတင်းတိမ်၍ဖြစ်မည်။ ဝမ်းမီးငြိမ်းစေရန်အတွက် ထမင်းဆိုင်ရှာတော်ပုံဖွင့်ရသည်။ ဘူတာနှင့်မနီးမဝေးနေရာတွင် ထမင်းဆိုင်ကိုရှာတွေ့လိုက်သည်။ “မခိုင်” မြန်မာထမင်းဆိုင်ဟူ၍ ဖြစ်သည်။ 

ကျနော်လည်း ထမင်းဆိုင်ထဲသို့ဝင်ရောက်သွားပြီး “အစ်မရေ အမဲသားဟင်းနဲ့ ထမင်းတစ်ပွဲချပေးပါ” ဟုဆိုတော့ ဆိုင်ရှင်က အံ့သြနေပုံရသည်။ ခဏအကြာ “မောင်လေးရေ ထမင်းက အခုမှချက်တုန်းရယ်” ဟုဆိုလာသည်။ ကျနော်ကလည်း “အစ်မရေ ထမင်းကြမ်းရှိရင်လည်း ဖြစ်ပါတယ်ဗျာ” ဟု ထပ်မံတောင်းဆိုလိုက်သောကြောင့် မနေ့ညကကျန်သော ထမင်းကြမ်းနှင့် အမဲသားဟင်းတစ်ပွဲ လာရောက်ချပေးသည်။ မျက်နှာရှေ့ကျရောက်လာသော ထမင်းနှင့်ဟင်းကို မြိန်ယှက်စွာ စားသောက်လိုက်ရမှ မီးကိုရေနှင့်ငြှိမ်းသကဲ့သို့ ဝမ်းသည်လည်း ငြိမ်သက်သွားရလေတော့သည်။ 


ထို့အတူ ဈေးသို့လိုအပ်သောပစ္စည်းများ သွားရောက်ဝယ်ယူရာတွင်လည်း “ဘယ်နှဘတ်လဲ၊ တစ်ကီလိုဘယ်လောက်လဲ” စသည့်စကားလုံးများက အလိုလိုပြုတ်ကျသွားတတ်သည်။ သတိထားစောင့်ထိန်းခဲ့သော်လည်း နှစ်ရှည်လများစွဲမြဲခဲ့သော နှုတ်အကျင့်ကား ဖျောက်ရန်အတော်ပင်ခက်ခဲလွန်းသည်ဟု ဆိုရမည်။ 

သာစည်မှတစ်ဆင့် ပျဉ်းမနားဘက်သို့ နယ်မြေစည်းရုံးရေးသွားရန်အတွက် စနည်းနာရပြန်သည်။ စစ်အစိုးရမှ ၂၀၀၂ ခုနှစ်စပိုင်းတွင်ပင် နေပြည်တော်စီမံကိန်း စတင်အကောင်အထည်ဖော်နေပုံရသည်။ တည်းခိုခန်းတွင်ဆုံစည်းခဲ့သော တပ်ကြပ်ကြီးထံမှ အချို့အကြောင်းအရာများကို သိခွင့်ရခဲ့သောကြောင့်ဖြစ်သည်။ ထိုတပ်ကြပ်ကြီးနှင့်ကျနော်မှာ မိတ်ရင်းဆွေပမာ ခင်မင်ခဲ့ကြသည်။ သူ့ဘဝ၊ ကိုယ့်ဘဝဖလှယ်ခဲ့ကြသည်။ သူ့ဖြတ်သန်းမှု အတွေ့အကြုံများကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့သော်လည်း ကျနော့်ဘက်တွင်တော့ ဝှက်ဖဲများရှိနေသည်ဟု ဆိုရမည်။ 

ပျဉ်းမနားဘက်သို့လှည့်မည့်ခြေဦးကို နောက်သို့ခေါက်ကာ ရန်ကုန်ဆင်းရန်အတွက် ဆုံးဖြတ်လိုက်ရတော့သည်။ နောက်တစ်နေ့ ရွှေဝတ်မှုံတည်းခိုခန်းမှ ဘူတာသို့ဆင်းလာခဲ့သည်။ ရထားလက်မှတ်ဝယ်ရန် တန်းစီမည်ဟုစဉ်းစားသော်လည်း ယခင်ကြုံတွေ့ဖူးသောအတွေ့အကြုံအရ မဝယ်ဖြစ်၊ အခြေအနေကိုလေ့လာတွေးတောနေစဉ် အသက် ၂၀ ကျော်ခန့်ကောင်လေးတစ်ယောက် ကျနော့်အနား ရောက်လာသည်။ “အကို ဘယ်သွားမလို့လဲ” ဟု မေးလာသည်။ ကျနော်ကလည်း “ရန်ကုန်ဆင်းမလို့ ညီလေး” ဟုဖြေလိုက်သည်နှင့် “လက်မှတ်မဝယ်ရသေးဘူးလား၊ ကျနော် ဝယ်ပေးမယ်၊ အခုချက် ချင်းရစေရမယ်” ဟု ဆိုလာသည်။ 

ကျနော်လည်း အခက်တွေ့နေစဉ်ကူညီဖြေရှင်းမည့်သူရောက်လာသော ကြောင့် အဆင်ပြေသွားတော့သည်။ ထိုကောင်လေးထွက်သွားပြီး ၁၀ မိနစ်ခန့်အကြာတွင် လက်မှတ်တစ်စောင်ကိုဆွဲကိုင်ပြီး ကျနော့်ထံပြန်ရောက်လာခဲ့သည်။ လက်မှတ်ဖိုးကျသင့်ငွေထက် ၃၀၀ ကျပ်ပိုပေးလိုက်ရသည်။ ဘူတာရုံအတွင်း ရထားဆိုက်ရောက်တော့မည်ဖြစ်သောကြောင့် ခရီးသည်များ၊ ဈေးသည်များနှင့် ကုန်စိမ်းသည်များ ယောက်ယက်ခတ်နေကြသည်။ 

ရန်ကုန်သို့ထွက်ခွာမည့်ရထား ဆိုက်ရောက်လာခဲ့သည်။ ကျနော်လည်း ကိုယ်တက်ရမည့် အတွဲနံပါတ်၊ ခုံနံပါတ်တို့ကိုရှာရန်အတွက် တွဲပေါ်သို့လှမ်းတက်လိုက်သည်။ လိုက်ပါစီးနင်းရမည့် အတွဲအတွင်းသို့ ကြည့်လိုက်သောအခါ လူငယ်အများစုမှာ ဆံပင်ခပ်တိုတိုနှင့် တစ်ပုံစံတည်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မိမိထိုင်မည့် ခုံနံဘေးရှိလူကိုမေးကြည့်လိုက်မှ ထိုလူငယ်များမှာ ရန်ကုန်ဗိုလ်ရွေးသို့သွားမည့် ဗိုလ်လောင်းလေးများဖြစ်နေကြောင်း သိလိုက်ရသည်။ တပ်မတော်သားများနှင့်ကျနော် အတော်ရေစက်ဆုံသည်ဟု ဆိုရမည်ဖြစ်သည်။ တွဲပေါ်တွင် ဗိုလ်လောင်းလေးများအားအုပ်ချုပ်သော တပ်မတော်မှဆရာကြီးများအား တွေ့လိုက်ရသည်။ ကျနော် သူပုန်တစ်ယောက်ဆိုသည့် အနေအထားမျိုးမရှိစေရန်အတွက် ပိပိရိရိမှင်သေသေနှင့်လိုက်ပါလာခဲ့ရသည်။ ရထားပေါ် ၂ နာရီခန့်စီးနင်းပြီးနောက် အတွဲထဲသို့ ထမင်းကြော်ရောင်းသည့် ကောင်လေးတစ်ယောက်ရောက်လာခဲ့သည်။ 

“ထမင်းကြော် ရမယ်၊ ထမင်းကြော် ရမယ်” ဟု အော်နေသည့်လူငယ်လေး ဝမ်းရေးအတွက် မရှက်မကြောက် ကြုံရာကျဘမ်းအလုပ်ကိုလုပ်ကိုင်ရင်း လောကဓံကိုရင်ဆိုင်နေသော လူတစ်ယောက်ဟု ကျနော့်စိတ်ထဲမှ ချီးကျူးနေမိခဲ့သည်။ သူ့အသံကြောင့် ဗိုလ်လောင်းလေးတစ်ယောက်မှ “ထမင်းကြော်တစ်ပွဲ ပေးပါ” ဟုဆိုလိုက်သည်နှင့် ထမင်းကြော်ထည့်ထားသောဘန်းကို ဗိုလ်လောင်းလေးမျက်နှာရှေ့တည့်တည့်သို့ ထိုးပေးလိုက်လေသည်။ 

ဗိုလ်လောင်းလေးမှာ စားသောက်ပြီး၍ ငွေရှင်းရန်အိတ်မှငွေကိုနှိုက်လိုက်သောအခါ ငွေကားမရှိတော့ပေ။ ပြာပြာသလဲရှာဖွေသော်လည်း မတွေ့သောကြောင့် ဒေါသဖြစ်သွားသည်ဟု ထင်သည်။ တစ်ဆက်ထည်း ထမင်းကြော်ရောင်းသည့်ကောင်လေးကို လက်ညှိုးဖြင့်ထိုးရင်း “မင်း ငါ့ပိုက်ဆံနှိုက်ထားတယ် မဟုတ်လား၊ ငါ့ငွေပြန်ပေး” ဟု ဆိုလိုက်သည်။ ထမင်းကြော်သည်ကလည်း “ခင်ဗျားတို့ စားပြီးငွေမပေးချင်တိုင်း အဲဒီလိုမပြောနဲ့၊ ကျနော်တို့က မရှိလို့ဈေးရောင်းစားနေတာ၊ သိက္ခာမဲ့တဲ့အလုပ်မျိုး ဘယ်တော့မှမလုပ်ဘူး” ဟု ပြောပြောဆိုဆို ထမင်းကြော်ဘန်းကိုအောက်သို့ချပြီး ပုဆိုးနှင့်အင်္ကျီများကို ခါပြလေသည်။ 

ထိုအဖြစ်အပျက်တို့ကို ဘေးမှထိုင်ကြည့်နေသော စစ်သားကြီးတစ်ဦးမှ ထမင်းကြော်ရောင်းသည့် ကောင်လေးကို “ညီလေး မင်း ရိုးရိုးသားသားလုပ်စားတာကိုတော့ အကို မပြောလိုပါဘူး၊ သူတပါးပစ္စည်းယူတာတော့ ဘယ်ကောင်းမလဲကွာ၊ သူလည်း နှမြောရှာမှာပေါ့၊ ပြန်ပေးလိုက်” ဟု ဆိုလိုက်သည်။ 

ထမင်းကြော်သည်ကလည်း ခေသူမဟုတ်၊ “ခင်ဗျားတို့ကလည်း လူတစ်ယောက်ကို စွပ်စွဲဖို့ပဲသိကြတယ်၊ ကျနော့်ဆီမှာ ဘာမှမရှိဘူး၊ အကုန်လှန်ပြပြီးပြီပဲဗျာ၊ ပိုက်ဆံမပေးလဲနေပါတော့၊ ကျနော် သွားတော့မယ်” ဟုဆိုကာ လှည့်အထွက် စစ်သားကြီးမှ ထမင်းကြော်သည်လက်ကိုဖမ်း၍လိမ်လိုက်ရာ လက်ညှိုးနှင့် လက်မအကြား ကျစ်လစ်နေသော ထောင်တန်တစ်ရွက်ထွက်ကျလာသည်။ ထွက်ကျလာသည်နှင့် ဗိုလ်လောင်းလေးများလည်း ဝိုင်း၍ဆွမ်းကြီးလောင်းလိုက်ရာ ထမင်းကြော်သည်၏အော်သံမှာ ငယ်သံပါလေတော့သည်။ 

ဘူတာသို့ရောက်သောအခါ ရဲလက်သို့အပ်ရန် သွားရောက်အကြောင်းကြားကြတော့သည်။ ဝတ်စုံပြည့်နှင့် ရဲ ၅ ယောက် တွဲအတွင်းသို့ နံပါတ်တုတ်နှင့် လက်ထိပ်ကိုဝှေ့ယမ်း၍ဝင်လာသည်ကို တွေ့လိုက်ရသည်နှင့် ကျနော့်ရင်တို့သည်လည်း မဆီမဆိုင် တဒိုင်းဒိုင်း တုန်လှုပ်မြည်ဟီးပါလေတော့သည်။ 

ဆက်ပါအုံးမည်။ 

အုပ်ကြီးဖေ 
၂၂-၁၁-၂၀၁၃ 


 

No comments: