Thursday, November 14, 2013

အမေရိကရောက် ကျနော် ဒုက္ခသည် (ထက်ရာဇာ)

ထိုင်း-မြန်မာနယ်စပ်မှာ ၅ နှစ်လောက်နေပြီးတော့ ၂၀၀၉ နှစ်စပိုင်းလောက်မှာ အမေရိကနိုင်ငံမှာ ဒုက္ခသည်အဖြစ် ပြောင်းရွှေ့ အခြေချနေထိုင်ခွင့်ပြုကြောင်းကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ အမေရိကန်သံရုံးကနေ ကျနော့်ဆီကို စာပို့လာခဲ့ပါတယ်။ တဆက်တည်းမှာပဲ အမေရိကကိုထွက်ရမယ့် ရက်စွဲနဲ့ အမေရိကကိုစီးရမယ့် လေယာဉ်လက်မှတ်လည်း တခါတည်း ပါလာပါတယ်။ 

ဒီလိုနဲ့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလလည်လောက်မှာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ နို့ဖိုးဒုက္ခသည်စခန်းနဲ့ အုံးပြန့် ဒုက္ခသည်စခန်းမှာရှိတဲ့ ကျနော် အပါအဝင် ဒုက္ခသည်အဖြစ် နေထိုင်ခွင့်ပြုတဲ့ အယောက် ၁၀၀ နီးပါးကို စခန်းတွေကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘုံမိလေဆိပ်ကို ဘတ်စ်ကားယာဉ်တန်းတွေနဲ့ ပို့ဆောင်ခဲ့ပါတယ်။ လမ်းတလျှောက်လုံး ဒုက္ခသည်တွေအားလုံးဟာ တယောက်နဲ့တယောက် နောက်လိုက် ပြောင်လိုက်နဲ့ ဘန်ကောက်လေဆိပ်ကို ရောက်လာကြပါတော့တယ်။ 

ဘန်ကောက်လေဆိပ်ကနေ လေယာဉ်ပေါ်ကိုတက်ခါနီးမှာတော့ ဒုက္ခသည်တွေရဲ့ အမူအယာတွေက ပြောင်းလဲသွားခဲ့ပါပြီ။ ကိုယ့်မြေကိုယ့်ရေကို ထားခဲ့ရခဲ့တဲ့အပြင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ထိုင်းနိုင်ငံကိုစွန့်ခွာပြီး တခါမှမသိတဲ့ အမေရိကဆိုတဲ့ တိုင်းပြည်ကို သွားကြရတော့မယ်လေ။ ကျနော်ကိုယ်တိုင်လည်း စိတ်ထဲမှာ ယောက်ယက်ခတ်နေတယ်ဆိုတာ ဝန်ခံပါတယ်။ အမေရိကဆိုတာက ရုပ်ရှင်ထဲမှာမြင်ဖူးတယ် စာအုပ်ထဲမှာ ဖတ်ဖူးတယ် ဒါပဲ။ ခုတော့ ဘာမှန်းမသိတဲ့တိုင်းပြည်တခုကို အပြီးသွားရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားတာတော့ အမှန်ပဲ။ 


ဒီလိုနဲ့ ကျနော်တို့ဒုက္ခသည်တွေအားလုံးကို ထိုင်းလေကြောင်းလိုင်းနဲ့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လေဆိပ်ကို ပို့လိုက်ပါတယ်။ အဲဒီအချိန်မှာတော့ ဒုက္ခည်တွေအားလုံးရဲ့မျက်နှာမှာ အားငယ်စိတ် စိုးရိမ်ပူပန်မှုစိတ် မမြင်ရသေးတဲ့ အနာဂတ်ကိုတွေးနေတဲ့စိတ်တွေကြောင့် တယောက်နဲ့တယောက်တောင် စကားမပြောနိုင်တော့ကြပါဘူး။ နာရီအနည်းငယ်အကြာမှာတော့ ကျနော်တို့ ဒုက္ခသည်တွေအားလုံး ကိုရီးယားလေကြောင်းလိုင်းပေါ်ကို ရောက်ရှိလာခဲ့ကြပါပြီ။ 

ခဏအကြာမှာတော့ ကိုရီးယားလေယာဉ်မယ်လေးက စတင်ကြေငြာပါတယ်။ မကြာခင်မှာ လေယာဉ်ထွက်တော့မှာဖြစ်ကြောင်းနဲ့ အမေရိကနိုင်ငံအထိ ၃ ရက်နီးပါး မနားတမ်းပြန်သန်းမှာဖြစ်တဲ့အတွက် ခရီးသည်တွေအားလုံး လေယာဉ်ပေါ်ကတိုက်တဲ့ ဖျော်ရည် အချိုရည်များနဲ့ ကျွေးသမျှ အစားအစာမှန်သမျှကိုစားဖို့ တိုက်တွန်းတဲ့အကြောင်း ကြေငြာတာပါ။ ကျနော်ကလည်း အင်္ဂလိပ်လိုက ခုလိုမပြောနိုင်သေးပေမယ့် မတတ်တခေါက်နဲ့တော့ သူပြောတဲ့အဓိပ္ပာယ်ကို နားလည်လိုက်မိပြီး သူပြောတဲ့အတိုင်း ရေနဲ့ အချိုရေတွေများများသောက် ကျွေးသမျှ အကုန်စားပြီး ဘာဖြစ်လာမလဲဆိုတဲ့ အနာဂတ်ကို အစားအသောက်တွေနဲ့ မေ့ပြစ်ခဲ့ပါတယ်။ 

ဒါပေမယ့် ထူးခြားတာတခုက ကျနော်တို့နဲ့ပါလာတဲ့ ကရင်ဒုက္ခသည်တွေဟာ လေယာဉ်ပေါ်က ကျွေးသမျှ တိုက်သမျှကို လေယာဉ်မယ်လာပေးတာနဲ့ ခါးခါးသီးသီး ငြင်းဆန်ကြတော့တာပါပဲ။ တယောက်မှကို မတို့မထိဘဲ ငြင်းဆန်းကြတာပါ။ အဆိုးဆုံး ရေလာပေးရင်တောင် မသောက်ကြပါဘူး။ လေယာဉ်မယ်တွေကလည်း သူတို့ ဘာများမှားလို့လဲဆိုတဲ့အတွေးနဲ့ အချိုဆုံးအပြုံးကိုပြုံးပြီး တိုက်ကျွေးလေ သူတို့က ခါးခါးသီးသီး ငြင်းဆန်နေကြလေပါပဲ။ 

နောက်မှ အမေရိကရောက်ပြီး တော်တော်လေးကြာတော့မှာ သူတို့တွေးကြတာက ကျွေးသမျှစား တိုက်သမျှသောက်ပြီးလို့ ပိုက်ဆံမပေးနိုင်ရင် လေယာဉ်ကိုထိုးရပ်ပြီး ဒုက္ခသည်စခန်းကို ပြန်ပို့မှာကြောက်လို့ဆိုတဲ့အကြောင်း သူငယ်ချင်း ကရင်ဒုက္ခသည်တဦးက ရယ်မောပြီး ပြောပြပါတယ်။ 

ဒီလိုနဲ့ အမေရိကန်နိုင်ငံ နယူးယောက်ဆိုတဲ့ မြို့တော်လေဆိပ်ကြီးကို ရောက်ရှိလာကြပါတော့တယ်။ လေဆိပ်ထဲကနေ ဆေးလိပ်သောက်ဖို့ အပြင်ကိုထွက်လိုက်တဲ့အခါမှာတော့ ဘဝမှာ တခါမှမကြုံဖူးတဲ့ အအေးဓာတ်က မျက်နှာကိုဖြတ်ရိုက်လိုက်သလို ရုပ်ရှင်ထဲမှာသာတွေ့ဖူးတဲ့ ၄ လက်မလောက်ရှိတဲ့ နှင်းထုကြီးက စတင်နှုတ်ဆက်လိုက်တာ ခံလိုက်ရတာပါပဲ။ 

ခဏအကြာမှာတော့ အမေရိကန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံးကလူတွေ ရောက်လာခဲ့ပြီး အခြေချခွင့်ရတဲ့ စတိတ်အသီးသီးကလူတွေကို လေယာဉ်တွေခွဲပြီး လူစုခွဲလိုက်တဲ့အခါမှာတော့ ဒုက္ခသည်တော်တော်များများဟာ အားငယ်စိတ်လေးရှိလို့ တယောက်နဲ့တယောက် လူခွဲခံလိုက်ရတဲ့အခါမှာတော့ တယောက်နဲ့တယောက် ဖက်ပြီးငိုကြ တောက်ခေါက်တဲ့သူက တောက်ခေါက်နဲ့ အဲဒီမြင်ကွင်းကိုကြည့်ပြီး ကျနော်လည်း သတ်မှတ်ရာလေယာဉ်နဲ့ အခြေခြခွင့်ရတဲ့ စတိတ်ကို စီးနင်းလိုက်ပါခဲ့ပါတော့တယ်။ 

ကျနော်ရောက်တဲ့မြို့က ဘိုအိုင်းစီး လို့ခေါ်ပြီး စတိတ်ကတော့ အိုင်ဒါးဟိုး စတိတ်ပါ။ လေဆိပ်ကိုရောက်တော့ ည ၉ နာရီခွဲနေပြီး လာကြိုတဲ့သူကတော့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီက လက်ထောက် ဒုက္ခသည်မန်နေဂျာ ကရင်မလေး မြင့်မြင့်ပဲ ဖြစ်ပါတယ်။ သူ့ကားနဲ့ ကျနော်တို့ကိုကြိုပြီး ကျနော်တို့နေရမယ့်အိမ်ကို ပို့ပေးခဲ့ပါတယ်။ အိမ်ရောက်တော့ ထမင်းပေါင်း အိုးတအိုးရယ်၊ ဆန်တအိတ်ရယ်နဲ့ ရေခဲသေတ္တာထဲမှာတော့ ကြက်ဥ၊ နွားနို့၊ ဒိန်ခဲ၊ ပန်းသီး စဖြင့် အမေရိကန်စာတွေ အပြည့်ဖြည့်ထားပေးတာကိုလည်းတွေ့ရတဲ့အပြင် oven ထဲမှာလည်း ၅ ပေါင်လောက်ရှိတဲ့ ကြက်ကင်ကြီးတကောင် ထည့်ပေးထားပါတယ်။ 

ကျနော်တို့လည်း ခရီးပန်းလာတာရယ်၊ အမေရိကကို ဘယ်လိုဖြတ်သန်းရမှာလဲဆိုတဲ့ အတွေးအမျိုးမျိုးကြောင့် ထမင်းလည်း မစားဖြစ် အိပ်လည်း မအိပ်ဖြစ်ပါဘူး။ မနက် ၁၀ နာရီလောက်မှာတော့ လူက ဘယ်လိုမှမခံမရပ်နိုင်အောင် အိပ်ချင်လာတောင်ကြောင့် အိပ်ပျော်သွားပြီး ည ၁၀ နာရီကျော်လောက်ပြန်နိုးလာပြီး တညလုံး အိပ်လို့မရတော့ပြန်ပါဘူး။ မိုးလင်းအိပ်၊ မိုးချုပ်အိပ်ယာထတဲ့ဒဏ်ကိုခံပြီးမှ အမေရိကနဲ့ စတင်အသားကျသွားပါတော့တယ်။ (မှတ်ချက် - ထိုင်းနှင့် အမေရိက က ၁၂ နာရီ ကွာပါတယ်၊ ထိုင်းမှာ နေ့လည် ၁၂ နာရီဆို အမေရိကမှာ ည ၁၂ နာရီပါ။) 

အမေရိကန်နိုင်ငံကတော့ ကျနော့်ကို စတင်စိန်ခေါ်ခဲ့ပါပြီ။ 

ဆက်လက် ဖော်ပြပါမည်။

ထက်ရာဇာ 
(ခေတ္တ) အမေရိက

သရုပ်ဖော်ပုံကို ဒီက ယူပါတယ်။


 

No comments: