Monday, February 25, 2013

သေတွင်း (သားကြီးမောင်ဇေယျ)

ငါတို့ဟာ...
သေတွင်းထဲမှာ
မွေးခဲ့ရ၊

ငါတို့ဟာ...
သေတွင်းထဲက ရွှံ့နဲ့ 
အိုးပုတ်၊ ချိုးရုပ်
လုပ်ခဲ့ရ၊

ငါတို့ဟာ...
သေတွင်းနံရံ
မှန်လိုကြည့်ခဲ့ရ ၊

ငါတို့ဟာ...
သေတွင်းထဲကကြွက်
မကျက်တကျက် စားခဲ့ရ၊


ငါတို့ဟာ...
သေတွင်းထဲကမျက်နှာ
ဥပေက္ခာပြုခဲ့ရ၊

ငါတို့ဟာ...
သေတွင်းထဲက လက်တစ်ဖက်
ဆုပ်လျက်ပြုတ်ထွက်ခဲ့၊

ငါတို့ဟာ...
သေတွင်းထဲက ခရီး
မငြီးတမ်းသွားခဲ့ရ၊

ငါတို့ဟာ...
သေတွင်းဝက
တိမ်ပြေးတစ်အုပ်
ငုတ်တုတ်ငေးခဲ့ရ၊

ငါတို့ဟာ...
သေတွင်းဝက အိမ်လား
အိမ်ဟာ သေတွင်းလား
မစဉ်းစားခဲ့ရ၊

ငါတို့ဟာ...
သေတွင်းထဲမှာ
ဘယ်လိုနည်းနဲ့မှ
မသေခဲ့ကြ။ ။

သားကြီးမောင်ဇေယျ (မြန်မာ ကဗျာဆရာ)


 

No comments: