Saturday, November 23, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၄ (မင်းကျော်ခိုင်)

တကယ်တမ်း ကျနော်တို့အုပ်စုကြီး ဓနိတောရွာကနေ ခရီးဆက်ကြတုန်းက ခြေလျှင်ခရီး မဟုတ်ခဲ့ပါဘူး၊ ကုန်တင်စက်လှေတွေနဲ့ပါ။ မွန်ပြည်သစ်တပ်ဖွဲ့က ပင်လယ်ပြင် ကုန်သည်တွေဆီကနေ ချောဆွဲလာတဲ့ ကုန်တင်စက်လှေ ၆ စီးနဲ့ပါ။ စက်လှေတွေက တော်တော်ကြီးပါတယ်။ ကျနော်က သင်္ဘောစီးဖူးတယ်ဆိုတာ ရန်ကုန်နဲ့ ဓနုဖြူ သင်္ဘောပဲ စီးခဲ့ဖူးတာ။ ခုဟာက ကုန်တင်တဲ့စက်လှေတွေဆိုတော့ သင်္ဘောဝမ်းဗိုက်ထဲ ကုန်တွေထားတဲ့နေရာမှာ ကျနော်တို့လူတွေထိုင်ပြီး လိုက်ခဲ့ရတာဆိုတော့ သက်တောင့်သက်သာရှိလှတာတော့ မဟုတ်ဘူး။ ကုန်ပစ္စည်းတွေဆိုရင်တော့ ကုန်တွေ အထပ်ထပ်ဆင့်တင်ပြီး အလေးချိန်စီးပေမယ့် ခု လူတွေဆိုတော့ အလေးချိန်တွေက ကုန်တွေလောက် မများတော့ဘူးလေ၊ အဲဒီတော့ စက်လှေက ပင်လယ်ပြင်လှိုင်းလုံးတွေကြားမှာ အနည်းနဲ့အများတော့ လူးပြီပေါ့။ ဒါတောင် ရာသီဥတုကောင်းမယ့်အချိန်စောင့်ပြီး ထွက်ကြတာပါ။ 

ကျနော်တို့ လှိုင်းမူးပြီးအန်လိုက်ကြတာ ပြောရရင် တချို့များ မစင်(ချီး) ပါအန်ထွက်တဲ့အထိပါပဲ။ တသက်နဲ့တကိုယ် အဲလောက်အထိ ပင်လယ်လှိုင်းမူးပြီးအန်ခဲ့တာ တသက်မမေ့နိုင်အောင်ဖြစ်ခဲ့ရတယ်။ စက်လှေ ၆ စီးမှာ တစီးကို လူ ၅ဝ စီတင်ပြီး သွားခဲ့ရတဲ့ ပင်လယ်ခရီးကြမ်းပါပဲ။ ဓနိတောရွာကနေ ညဥ့်နက်သန်းခေါင်ကျော်မှာ စထွက်ခဲ့ကြတာ ၇ နာရီလောက် ပင်လယ်လှိုင်းမူးပြီး စီးခဲ့ကြပြီးမှ ဒူးယားရွာကိုသွားလို့ရမယ့် ပင်လယ်ကမ်းစပ်ကိုရောက်ကြတယ်၊။ ကျနော်တို့အားလုံးက သင်္ဘောဝမ်းဗိုက်ထဲကနေ မူးလိုက် အန်လိုက်နဲ့လိုက်ခဲ့ရတာဆိုတော့ ဖြတ်ခဲ့ရတဲ့ ပင်လယ်လမ်းခရီးတလျှောက် ရှုခင်းတွေကြည့်ဖို့ဆိုတာတော့ စဉ်းစားသာကြည့်ပါတော့...။ ဘယ်နေရာတွေကနေဖြတ်ပြီး ဘယ်နေရာကိုရောက်တယ်ဆိုတာလဲ မသိခဲ့ရတဲ့ မမေ့နိုင်တဲ့ ပင်လယ်ခရီးကြမ်းပါပဲ။ 


ပင်လယ်ကမ်းစပ်ကိုရောက်လို့ သင်္ဘောဝမ်းတွင်းကနေလည်းထွက်လိုက်ရော မြင်ရတဲ့ရှုခင်းတွေက ပြောမပြနိုင်လောက်အောင် တော်တော်လှတဲ့ ပင်လယ်ကမ်းခြေရှုခင်းကို တွေ့လိုက်ရတယ်။ ကမ်းစပ်က သောင်ပြင်မှာ ဂဏန်းကောင်ငယ်ငယ်လေးတွေ အများကြီး ဘေးတိုက်သွားနေကြတာ၊ သောင်ပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ လှပတဲ့ ခရုကမာကောင်အခွံလေးတွေမှ အများကြီး... ကျနော်တို့မြန်မာပြည်မှာ အဲလိုလှတဲ့ ပင်လယ်ကမ်းခြေတွေတွေ့ရတော့ ပင်လယ်ကမ်းရိုးတန်းရှည်ကြီးနဲ့ နယ်နိမိတ်ရှိထားတဲ့ ကျနော်တို့နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ ပင်လယ်ကမ်းခြေတွေ အများကြီးရှိတယ်ဆိုတာ သိလိုက်ရတဲ့အပြင် ဘာကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်ကို ရောက်သွားခဲ့သလဲဆိုတာကိုလဲ ကျနော်တို့အချင်းချင်း ဆွေးနွေးဖြစ်ကြတယ်။ 

ကျနော်တို့နိုင်ငံဟာ ပင်လယ်ကမ်းရိုးတန်းအရှည်ကြီးရှိတဲ့နိုင်ငံပါ။ အပန်းဖြေစရာ ပင်လယ်ကမ်းခြေဆိုလို့ ငပလီ၊ မောင်းမကန်၊ ချောင်းသာ... ဒါပဲရှိတယ်။ တကယ်ဆို သဘာဝကြီးကပေးထားတဲ့ ကျနော်တို့နိုင်ငံရဲ့ ရှည်လျားလှတဲ့ကမ်းရိုးတန်းတွေဖြစ်တဲ့ တနင်္သာရီကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်းတွေမှာ အပန်းဖြေစရာ ကမ်းခြေတွေအဖြစ် ဖန်တီးလိုက်ရင် တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေ ပိုလို့တောင်ရနိုင်ပါတယ်။ ဒါပေမယ့် အဲဒီနေရာတွေဟာ ငါးဖမ်းလှေတွေဆီကနေ ဆက်ကြေးအကောက်ကောက်ဖို့ စစ်အုပ်စုရဲ့ ခွင်နေရာတွေဖြစ်နေတာသိရတော့ စိတ်ထဲတော်တော်နာကျည်းရတယ်၊ 

အမှန်အတိုင်းပြောရရင် ပြည်သူတွေမှာ နှစ်ဖက်နာတယ်၊ စစ်အုပ်စု ရွာထဲဝင်လာရင် ရွာကရှိသမျှ ထုတ်ကျွေး ထုတ်ပေးရတယ်၊ ကိုယ့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ရွာထဲဝင်လာပြန်လည်း ရှိသမျှ ထုတ်ပေးထုတ်ကျွေးရပြန်တယ်၊ အဲဒါတွေဟာ ပြည်တွင်းစစ်ရဲ့ ရလာဒ်တွေ၊ မြန်မာပြည်လွတ်လပ်ရေးရခဲ့တဲ့သက်တမ်းနဲ့ ညီမျှနေတဲ့ ပြည်တွင်းစစ်၊ ကျနော်တို့ မြန်မာပြည်ပြည်တွင်းစစ်ဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်ပဲ၊ ကမ္ဘာ့သမိုင်းမှတ်တမ်းမှာ မကောင်းတဲ့နေရာမှာမှ သွားတင်နေတဲ့ ကျနော်တို့မြန်မာပြည်ပြည်တွင်းစစ်ပါပဲ။ မပြီးဆုံးသေးတဲ့ ကျနော်တို့ မြန်မာပြည်ပြည်တွင်းစစ်ဟာ အခုဆို ၆၅ နှစ်ရှိခဲ့ပြီ။ 

ကျနော်တို့ခရီးလမ်းအကြာင်း ပြန်ဆက်ရရင် မော်လမြိုင်က ကျောင်းသူလေးကိုဆုံးရှုံးခဲ့ပြီးတော့ ကျနော်တို့အုပ်စုကြီးမှာပါလာတဲ့ ဦးပဉ္ဇင်း ၂ ပါးကနေပဲ ချောင်းဘေးကနေ သရဏဂုံတင်ပေးပြီး အားလုံးက ပြုသမျှကုသိုလ်အမျှပေးဝခဲ့ကြပါတယ်။ 

ရှေ့ခရီးဆက်ကျတော့ မှောင်ကလည်းမှောင်လာ၊ တောကလည်းနက်သထက်နက်လာတော့ တယောက်ပုခုံး တယောက်မလွတ်တမ်းကိုင်ပြီး တယောက်ချင်း တန်းစီချီတက်ကြရတယ်။ တယောက်ချင်းတန်းစီမသွားလို့လည်း မရဘူးလေ၊ တောင်ပါတ်လမ်းလိုဖြစ်နေတာရယ် လမ်းကကျဉ်းနေတာရယ်၊ မိုးရွာထားလို့ တောင်ပေါ်လမ်းဟာ ရွံ့တွေအလူးလူးဖြစ်နေတာလည်းပါတယ်၊ မီးမသုံးတာက စစ်အစိုးရရဲ့တပ်တွေကိုရှာင်ရတာမို့လို့ လို့ ဗိုလ်မှူးထွန်းအောင်က ပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တောင်အောက်ငုံ့ကြည့်လိုက်ရင် အသဲအေးစရာ နက်ရှိုင်းလှတဲ့ချောက်ကြီးကို မှောင်ရီဝိုးတဝါးမှာမြင်ရတာ အသဲတယားယားပါပဲ... ...။ 

ဆက်လျှောက်ကြရင်း ကျနော်တို့နင်းမိတဲ့အရာတွေက ရွံ့နဲ့လည်းမတူ နည်းနည်းထူလပျစ်ကြီးနင်းမိသလိုခံစားရလို့ မေးကြည့်တော့မှ ကျနော်တို့နင်းမိတဲ့အရာတွေက တောင်ပေါ်မှာ သစ်ဆွဲ၊ ကြိမ်ဆွဲတဲ့အခါခိုင်းတဲ့ ဆင်တွေရဲ့မစင် (ဆင်ချီးတုန်း) တွေလို့ သိလိုက်ရတယ်။ (နောက်ပိုင်း အဲဒီဆင်ချီးတွေနင်းခဲ့လို့ ကျနော်တို့ ဆင်ဝဲတွေပေါက်ကြတာ ရေးဦးမှာပါ)။ 

ည ညဥ့်နက်လာတော့ ထုံးစံအတိုင်းရွာမနီးတော့ တွေ့ရာစမ်းချောင်းဘေးမှာပဲ စခန်းချအိပ်ကြတယ်၊ တောကောင်ဟောက်သံ၊ ဂျီတောက်သံ၊ တောဝက်သံ၊ ဒေါင်းတွန်သံ၊ တောကြက်တွန်သံတွေဆိုတာ အရင်က စာအုပ်ထဲပဲ ဖတ်ဖူးတာ ကိုယ်တွေ့ကြားရတာ အဲဒီတောလမ်းခရီးကြမ်းကျမှပါပဲ။ 

နောက်နေ့မနက်လင်း လူစစ်ပြီး ခရီးဆက်ကြတော့ လမ်းမှာ အလေ့ကျပေါက်နေတဲ့ တောငှက်ပျောသီး၊ တောငှက်ပျောပင်တွေကိုခုတ်ပြီး အူတိုင်ကို အစိမ်းဝါးစားကြရင်း ခရီးဆက်ကြတယ်။ တောထဲမှာ လူကြီး ၄ ယောက် လက်နှစ်ဖက်ချိတ်ထားနိုင်လောက်တဲ့အရွယ် ပင်စည်ရှိတဲ့ သစ်ပင်ကြီးတွေ အများကြီးတွေ့ရတယ်၊ မေးကြည့်တော့ ကျွန်းပင်တွေလို့ ပြောတယ်။ တခါမှ မမြင်ဖူးတဲ့ ကျွန်းပင်အမြင့်ကြီးကြည့်ပြီး စိတ်ထဲ တမျိုးခံစားရတာအမှန်ပါ။ 

နောက် နာရီဝက်လောက်ခရီးဆက်မိတော့ ဆင်အော်သံတွေ ကြားရတယ်။ တွေ့ပါပြီ ဆင်တွေ... ခုတ်လှဲပြီးသားကျွန်းသစ်တွေကို ဆင်တွေနဲ့ ဆွဲနေကြတာ။ အဲဒီသစ်တွေက စစ်အုပ်စုရဲ့ သစ်တွေမဟုတ်ဘူး၊ မွန်ပြည်သစ်ရဲ့ သစ်တွေ၊ တဖက်နိုင်ငံကိုရောင်းဖို့တဲ့... ... အဖွဲ့ရန်ပုံငွေအတွက်။ ကျနော် တွေသွားတယ်၊ လှပတဲ့ ကျနော်တို့တိုင်းပြည်ရဲ့ ပင်လယ်ကိုလည်း တွေ့ခဲ့ပြီးပြီ။ ခုလည်း ကျနော်တို့တိုင်းပြည်ရဲ့ တောနက်ကြီးထဲက အဖိုးတန် ကျွန်းသစ်ရတနာတွေ... ဒါတွေအားလုံးဟာ တိုင်းပြည်အတွက် ပြည်သူတွေအတွက်အသုံးမချနိုင်ပဲ ပြည်တွင်းစစ်အတွက် လက်နက်တွေအတွက်ဆိုတာ သိလိုက်ရတော့... ကျနော်တို့ထွက်လာခဲ့တဲ့ စစ်အာဏာရှင် အပြုတ်တိုက်ရေးလမ်းစဉ်မှာ နှစ်ဖက်ဒဏ်ခံနေရတဲ့ ကျနော်တို့ ကျေးလက်ပြည်သူလူထုတွေရဲ့ဘဝ၊ မြို့ပေါ်ကပြည်သူတွေမှာလည်း အာဏာရှင်တွေရဲ့ ဖိနှိပ်မှုခံနေရတဲ့ဘဝတွေ ပြန်တွေးရင်း... ကျနော်တို့နိုင်ငံကို ပြည်တွင်းစစ်ကင်းမဲ့တဲ့နိုင်ငံအဖြစ် စိတ်ကူးပုံဖော်ကြည့်မိတယ်၊ အဲဒီညက အိပ်လို့မရခဲ့တဲ့ ညတညပါပဲ...။ 

ဆက်ပါဦးမည်။ 

မင်းကျော်ခိုင်


 

No comments: