Monday, November 18, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း - ၃ (မင်းကျော်ခိုင်)

ကျနော်တို့လည်း ကျောင်းသူနှစ်ယောက်ကို သူတို့ထမီ ယောင်္ကျားလေးတွေပုဆိုး ကတောင်းကျိုက်သလို ကျိုက်ခိုင်းပြီး ရှေ့က သူများတွေဖြတ်သလိုသာ ဖြတ်တော့ဆိုပြီးပြောတော့ သူတို့လည်း ကွိကွိကွကွ အိအိအအ အော်သံတွေနဲ့ မျှော့တောကြီး ဖြတ်ကြတာပေါ့။ ဟိုဘက်ကမ်းရောက်မှ ကျနော်တို့က ပါလာတဲ့ မီးခြစ်နဲ့ မျှော့ကြီးတွေကို အပူမြိုက်ပြီး ခွာချပေးကြရတယ်။ 

အားလုံး အိုကေပြီ။ မျှော့ကွင်းကြီးကျော်ခဲ့ပြီးမှ ကားလမ်းဖြတ်ဖို့ တဖက်လမ်းကနေ လမ်းကြောင်းရှင်း အချက်ပြမယ့် မွန်ပြည်သစ်ကရဲဘော်ရဲ့ အချက်ပေးသံကို မျှော်ရတယ်။ နာရီဝက်လောက်အကြာ ရဲဘော်ရဲ့ အချက်ပေး လက်ခေါက်မှုတ်သံကြားတော့ ကျနော်တို့ရန်ကုန်အုပ်စုက ရှေ့ဆုံးကနေ ပြေးကူးကြတယ်။ ကျနော်တို့နောက်က ကျန်အုပ်စုတွေကလည်း တန်းစီပြီး လိုက်ကူးကြတာပေါ့။ ဖြစ်ချင်တော့ လူအုပ်ကြီး ၃ ပုံ ၁ ပုံ ကူးပြီးတော့မှ ရဲဘော်လေးရဲ့ဟာ လမ်းမှားသွားပြီ၊ ဒီလမ်းက ရွာအဝင်လမ်း မဟုတ်ဘူး၊ တောထဲဝင်တဲ့လမ်းဆိုလို့ နောက်ထပ် ကိုက်တရာသာသာလောက်ဝေးတဲ့ လမ်းအမှန်ရောက်အောင် ဝရုန်းသုံးကား ပြေးကြရပြန်တယ်။ 


ရွာအဝင်လမ်းမှန်ပြီဆိုတော့မှ အားလုံးသက်ပြင်းတွေချကြရင်း ဝမ်းတွေကလည်း ဆာလောင်နေကြပြီလေ၊ ကားလမ်းကူးဖို့စောင့်နေတဲ့ တနေ့လုံးက ဘယ်သူမှ ဘာမှ မစားကြရသေးဘူးလေ။ ရွာရောက်ဖို့ဆက်လျှောက်လာကြရင်း လမ်းဘေးမှာ ဘယ်သူပိုင်မှန်းမသိတဲ့ ကြံခင်းကြီး သွားတွေ့ကြတော့ ကျနော်တို့လည်း ကြံစုပ်ရလည်း ကောင်းတာပဲဆိုပြီး ကြံခင်းထဲဝင်စားမယ်လုပ်တော့ ဗိုလ်မှူးထွန်းအောင်က ခင်ဗျားတို့ဆာနေတာတော့ သိပါတယ် ဒါပေမယ့် နောက်နာရီဝက်လောက်ဆို ဒူးယားရွာကိုရောက်တော့မှာ ရွာရောက်မှပဲ ထမင်းစားကြတာပေါ့လို့ပြောပေမယ့် ကျနော်တို့က နားမထောင် ကြံပဲအရင်စားမယ်လို့ပြောတုန်း ကြံခင်းထဲက ဦးလေးကြီးတယောက်ပေါ်လာပြီး သြော် ကျောင်းသားတွေလား... စားနိုင်ပါတယ်၊ ကြိုက်သလောက်သာစားကြဆိုပြီး ကြံချောင်းလတ်လတ်ဆတ်ဆတ်တွေ ခုတ်ပေးလို့ ကျနော်တို့ အားရပါးရ ကြံရည်စုပ်ခဲ့ကြတာပေါ့။ 

တခြားအုပ်စုက တယောက်မှ ကြံမစုပ်ကြလို့ ကျနော်တို့ နားမလည်ခဲ့တာ ရွာထဲရောက်လို့ ထမင်းစားကြတော့မှပဲ သူတို့ ဘာကြောင့်မစားလဲဆိုတာ သိလိုက်ရတော့တယ်။ ရွာထဲရောက်တော့ သူကြီးအိမ်မှာ ကျနော်တို့အုပ်စုကို နေရာချပေးတယ်၊ ဒူယားရွာသူကြီးအိမ်ပေါ့၊ ကျနော်တို့ကို သူကြီးမိသားစုက သူ့အိမ်ကြက်နှစ်ကောင်ရိုက်သတ်ပြီး ဘူးသီးနဲ့ ကာလသားချက် ချက်ကျွေးတယ်၊ တကယ်တမ်း ဆာဆာနဲ့စားတော့ စားမရဘူး၊ ကျနော်တို့ ကြံ အလွန်အကျွံစုပ်ခဲ့ကြတဲ့ ပါးစပ်တွေက စပ်ပူထူပြီး ဘယ်လိုမှ စားမရဘူး၊ အဲဒီကျမှ တခြားသူတွေ ဘာလို့ ကြံကိုမစုပ်ခဲ့ကြတာလဲဆိုတာ သဘောပေါက်ရပါတော့တယ်၊ အတွေ့အကြုံတွေပေါ့လေ ...။ 

ဒူးယားရွာအကြောင်းပြောရရင် အဲဒီအချိန်တုန်းက ဒူးယားရွာအကြောင်း မသိသေးပါဘူး၊ နောက်ပိုင်းကျမှ ကွယ်လွန်သူ ဆရာမြသန်းတင့် ကိုကိုးကျွန်းမှာ သူ တကျွန်းချခံခဲ့ရတုန်းက ဖြစ်ရပ်မှန်အကြောင်းကို အခြေပြုရေးခဲ့တဲ့ သူ့ရဲ့နာမည်ကျော် ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ဝတ္ထုထဲက ကျွန်းကနေလွတ်အောင် ပင်လယ်ကိုဖြတ်ကူးခဲ့တဲ့ နာမည်ကျော် သူ့ဇာတ်ကောင် သံချောင်း (သံချောင်းဆိုတဲ့ ဇာတ်ကောင်က ကိုကိုးကျွန်းမှာ ဆရာမြသန်းတင့်၊ ဆရာဗန်းမော်တင်အောင်တို့နဲ့အတူ တကျွန်းချခံခဲ့ရတဲ့ တကယ်လည်း ကျွန်းကနေ ဖောင်ဖွဲ့ပြီး ပင်လယ်ပြင်ကြီးကို လွတ်အောင်ဖြတ်ကူးနိုင်ခဲ့တဲ့ ကေအန်ယူ က ဆရာမန်းငြိမ်းမောင်ရဲ့အကြောင်းပါ)။

ဖြစ်ချင်တော့ ဆရာမန်းငြိမ်းမောင်ဟာ ကိုကိုးကျွန်းကနေ ပင်လယ်ကိုလွတ်အောင်ဖြတ်ကူးနိုင်ခဲ့ပေမယ့် သူ့ဖောင်ကပ်ပြီး သူချစ်တဲ့ ကရင်ပြည်နယ်ကိုပြန်ဖို့ ခေတ္တနားခိုခဲ့တဲ့ ဒူးယားရွာ၊ ရွာသူကြီးကပဲ သူ့ကို အိမ်မှာချော့ခေါ်ထားရင်း စစ်အုပ်စုကို သတင်းပေးလိုက်လို့ ဆရာမန်းငြိမ်းမောင် တဖန်ပြန်အဖမ်းခံလိုက်ရတဲ့ ဒူးယားရွာနဲ့ ရွာသူကြီး။ ဒါပေမယ့် ကျနော်တို့တည်းခိုခဲ့တဲ့ ဒူးယားရွာသူကြီးတော့ ဟုတ်ဟန်မတူပါဘူး၊ သူ့မတိုင်ခင်တုန်းကပါ။ ရွာရဲ့သမိုင်းကြောင်းလေး နောက်မှသိရလို့ ပြန်မျှဝေတာပါ...။ 

နောက်နေ့ ဒူးယားကနေ ဆက်ထွက်ကြရပြန်တယ်။ ရက်ကလည်း တော်တော်ရလာပြီ၊ ၂ ပါတ်နီးပါးရှိခဲ့ပြီပေါ့။ ဒူးယားကနေထွက်တာနဲ့ ရွာချင်း တော်တော်အဆက်ပြတ်သွားပြီ။ တောကလည်း နက်သထက်နက်လာပြီ။ တောနက်လာတဲ့အပြင် ရေစီးသန်တဲ့ တောင်ကျချောင်းတွေ မြောင်းတွေ တော်တော်ဖြတ်ရတယ်၊ ရေကကြည်နေပေမယ့် တော်တော်အေးတယ်၊ ရေညှိတွေအပြည့်ကပ်နေတဲ့ ကျောက်တုံးတွေပေါ် ချော်လဲမကျဖို့ တော်တော်သတိထားပြီး လျှောက်ကြရတယ်။ ဆာလာတဲ့အခါ တောထဲက တောငှက်ပျောသီးတွေ ခူးစားကြရတာ၊ တောငှက်ပျောသီးက အခွံနွှာလိုက်ရင် အထဲမှာ အမဲရောင်ငှက်ပျောစေ့တွေအပြည့်ပဲ၊ အသားက နည်းတယ်။ 

ညဘက် စမ်းချောင်းဘေး စခန်းချအိပ်ကြရတဲ့အခါ တောင်ကျချောင်းရေစီးသံတွေဟာ တကယ့်ကို ချောက်ခြားစရာအသံတွေ။ ဂျီဟောက်သံတွေ၊ မြွေတွန်သံတွေ၊ ဝက်ဝံအော်သံတွေ၊ ဒေါင်းတွန်သံ အိုးဝေ အိုးဝေ ဆိုတဲ့အသံကြားရတဲ့အခါကျတော့ ဒို့ကျာင်းသားတွေအတွက် အောင်နမိတ်ကွဆိုပြီး အချင်းချင်းအားပေး အားတက်ကြတာတွေလည်း ရှိခဲ့ကြပါတယ်။ တခါတလေ ချောင်းတွေက နည်းနည်းကျယ်တယ်၊ ပေ ၅ဝ ကျော်လောက်အထိကို ကျယ်တယ်။ အဲဒီအခါ အားကောင်းမောင်းသန် အမျိုးသားတွေက နွယ်ကြိုးပင်တွေခုတ်ပြီး တယောက်က တဖက်ကမ်းကူး သစ်ပင်ကြီးတပင်မှာ နွယ်ကြိုးကို ခိုင်အောင်ချည်ပေးထားတယ်၊ ကျနော်တို့ ကျန်လူအားလုံးက ချောင်းကိုဖြတ်ပြီးတန်းထားတဲ့ နွယ်ကြိုးကို သေသေချာချာ မလွတ်တမ်းကိုင်ပြီး ဖြည်းဖြည်းချင်း ကူးကြရတယ်။ 

ဒီလိုနဲ့ လမ်းခရီးမှာ တော်တော်ရေစီးကြမ်းတဲ့ ချောင်းကြီးတခုကိုဖြတ်ရတော့မယ့်နေရာ ရောက်လာတယ်။ တောနက်လွန်းတော့ နေရောင်သိပ်မမြင်ရဘူး။ ထုံးစံအတိုင်း ရေကူးကျွမ်းကျင်တဲ့ အမျိုးသား ၄ ယောက်က တော်တော်ကြီးတဲ့ ဝါးပိုးဝါး (ကျနော့်အထင် ယောက်ျားကြီး ၁ ယောက်ရဲ့ ပေါင်လုံးလောက်လို့ ပြောရမယ်ထင်တယ်) အဲဒီတော်တော်ကြီးတဲ့ ဝါးပိုးဝါးကြီး ၂ လုံးခုတ်ပြီး ရေစီးသန်လှတဲ့ ချောင်းကို ဟိုဘက်ကမ်း ဒီဘက်ကမ်း ကန့်လန့်ဖြတ်ပြီး ခုတ်ချလိုက်တယ်။ နောက် ရေကူးကျွမ်းတဲ့ အမျိုးသားတွေက အမျိုးသမီးတွေဦးစားပေးပြီး ကူးခိုင်းတယ်။ နှစ်ယောက်က ချောင်းထဲဆင်းပြီး ကန့်လန့်ဖြတ်ခုတ်လှဲထားတဲ့ ဝါး ၂ လုံးကို ရေလယ်ကနေ ထိန်းထားပေးရင်း တယောက်ယောက်များ တခုခုဖြစ်ခဲ့ရင်ကူညီဖို့ အသင့်စောင့်ပေးနေကြတယ်။ 

အမျိုးသမီးတွေ တယောက်ချင်းစီ တန်းထားတဲ့ဝါးကို ကိုင်ပြီးကူးကြတော့ အစပိုင်းတော့ ချောချောမောမောပါပဲ။ လူကလည်း များ၊ တယောက်ချင်းစီ သတိထားပြီးကူးကြရတာဆိုတော့ အချိန်ကြာလာတာနဲ့ ရေထဲကလူတွေလဲ နည်းနည်းတော့ပမ်းလာကြပြီ။ အမျိုးသမီးတွေ ကုန်ကာနီးလောက်မှာ တယောက်က ချောင်းကိုဖြတ်ကူးနေတုန်း ဝုန်း ဖြောင်း... ဖြောင်း... ဘောင်း ဆိုတဲ့အသံကြီး ကြားလိုက်ရပြီး ချောင်းကို ကန့်လန့်ဖြတ်တန်းထားတဲ့ ဝါးပိုးဝါးကြီး ၂ လုံးပူးဟာ အလယ်ခေါင်ကနေ ရေစီးဒဏ်ကိုမခံနိုင်တော့ဘဲ ကွဲထွက်သွားပါတော့တယ်။ 

ဝါးကိုကိုင်ထားတဲ့ လူနှစ်ယောက်လည်း ဘေးကိုလွင့်ထွက်သွားတာ မြင်လိုက်ရတယ်။ ရေကူးကျွမ်းတဲ့သူတွေဆိုပေမယ့်လည်း မနည်း အသက်လုပြီး နီးစပ်ရာကမ်းကို သေလုမျောပါး ကူးသွားကြတာကြည့်နေတုန်း ရေလယ်မှာ ချောင်းကိုဖြတ်နေဆဲဖြစ်တဲ့ မိန်းကလေးကလည်း ကြောက်တာရော၊ လန့်သွားတာရောပေါင်းပြီး ငယ်သံပါအောင် အော်လိုက်တဲ့အသံနဲ့ ကွဲထွက်သွားတဲ့ ဝါး ၂ လုံးကြားကနေ ရေစီးနဲ့မျောပါသွားတာ မြင်လိုက်ရတယ်...။ 

ကျနော့်မျက်စေ့အောက်မှာပဲ အဲဒီအမျိုးသမီးဟာ ငယ်သံပါအောင်အော်လိုက်တဲ့ သူ့အသံနဲ့အတူ မိနစ်ပိုင်းလေးအတွင်းမှာ အလွန်သန်လှတဲ့ရေစီးနဲ့အတူ ပျောက်သွားတာ ခုထိ စိတ်မကောင်းစွာ ပြန်မြင်မိတယ်၊ ရေစီးနေတဲ့ချောင်းနောက် ကိုက်တရာအကွာလောက်မှာက တောင်အောက်ကိုစီးသွားမယ့် ရေတံခွန်ကြီး ရှိနေတယ်။ သူ့အသက်ရှိလှ ၂ဝ ပေါ့၊ မော်လမြိုင် ကျောင်းသူလေးပါ... ...။ 

ဆက်ပါဦးမည်။

မင်းကျော်ခိုင်


 

No comments: