Thursday, January 9, 2014

နှလုံးသားဒိုင်ယာရီ (၂၁) - အုပ်ကြီးဖေ

၉-၃-၂၀၀၂ 

မတ်လသည် မြန်မာ့နိုင်ငံရေးတွင် အရေးပါသောလတစ်လဟုဆိုရမည်။ တော်လှန်ရေးနေ့ချဉ်းကပ်လာသည်နှင့် မြို့တော်ရန်ကုန်မှာလည်း လှုပ်လှုပ်ရှားရှားဖြင့်သက်ဝင်လာခဲ့သည်။ ရန်ကုန်မြို့အတွင်း ကျင်လည်လှုပ်ရှားရန် အခွင့်မသာတော့။ ညစဉ်ညတိုင်း ရဲနှင့်ရဝတ များမှ နေ့/ညမပြတ် ဧည့်စာရင်းများ စစ်ဆေးလျက်ရှိသည်။ ထို့ကြောင့် ကျနော် ဒုတိယအကြိမ်မြောက် အေးရွာဘက်သို့ ခြေဦးလှည့်ရပြန်သည်။ 

ကမ်းနားဈေးအနီးတစ်ဝိုက်တွင်လည်း လက်နက်အပြည့်အစုံနှင့် တပ်မတော်သားအတော်များများ ရှိနေသည်ကိုတွေ့ရသည်။ လှေဆိပ်သို့ရောက်သည်နှင့် စက်လှေငှားကာ အေးရွာသို့ အမြန်ကူးလိုက်ရသည်။ အခြေအနေတစ်ခုခုကြောင့် အဖမ်းခံရမည့်အဖြစ်မရောက်စေရန် အထူးသတိထားနေရသည်။ အေးရွာသို့ရောက်ပြန်တော့လည်း တပ်မတော်သားများနှင့်ကျနော် ရေစက်က ထပ်ဆုံကြရပြန်သည်။ မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးကိုကြိုတင်ယူထားဟန်တူသည်။ နောက်ကြောင်းပြန်လှည့်ရန် စဉ်းစားလိုက်ပြန်တော့လည်း လမ်းခရီးတစ်လျှောက် အစစ်အဆေးများကြမ်းနေကြောင်း ကြားသိရသည်။ 


နောက်ဆုံးအလုပ်တစ်ခုကို ကျနော် စတင်အကောင်အထည် ဖော်လိုက်သည်။ မြစ်ကမ်းနံဘေး လုံခြုံရေးယူထားသော တပ်မတော်သားများထံသို့ချဉ်းကပ်သွားပြီး “ဆရာတို့... ဆရာတို့… ကျနော် ဘာကူညီပေးရမလဲ၊ လိုအပ်တာခိုင်းဖို့အတွက် ရွာသူကြီးလွှတ်လိုက်တာပါ” ဟု အတည်ပေါက်နှင့်ဝင်ရောလိုက်သည်။ စစ်သားများကလည်း လိုလိုလားလား “အေး... အေး ကောင်းတာပေါ့၊ လုပ်စရာ၊ ခိုင်းစရာတွေရှိတော့ ရွာခံရှိရင် ပိုအဆင်ပြေတာပေါ့” ဟု ပြောသည်။ ကျနော်ကလည်း ချော်လဲရောထိုင်ဆိုသကဲ့သို့ “ဟုတ်ကဲ့ပါ... ဆရာတို့ လိုအပ်တာခိုင်းလို့ရအောင် ဒီမှာပဲ အိပ်ပြီးနေလိုက်မယ်” ဟုဆိုလိုက်ရာ “ဒါဆိုရင် အားလုံးအဆင်ပြေတာပေါ့” ဟု တပ်စိတ်မှူးဖြစ်သူက ဆိုလိုက်သည်။ 

စစ်သားများထံတွင် ထမင်းဟင်းချက်နှင့် လက်တိုလက်တောင်းများလုပ်ကိုင်ရင်း ကျနော်လည်း အသက်ရှုချောင်ခဲ့ရသည်။ နှစ်ရက်မြောက်နေ့တွင် တပ်စိတ်မှူးဖြစ်သူမှ “ဟေ့... ညီလေး၊ ဒီကိုလာအုံး” ဟု ခေါ်သောကြောင့် အနားသို့သွားရောက်ထိုင်လိုက်သည်နှင့် “ဒီသေနတ်မျိုး မင်း မကိုင်ချင်ဘူးလားကွ” ဟုပြောပြောဆိုဆို ကာဘိုင်သေနတ်တစ်လက်ကို မြှောက်၍ပြလိုက်သည်။ ကျနော်ကလည်း “မကိုင်ရဲပါဘူး ဆရာရယ်၊ ကျနော်က သေနတ်ဆို ကြောက်တယ်ဗျ” ဟုပြောလိုက်တော့ သဘောကျကာ ရယ်တော့သည်။ ဆက်၍ တပ်စိတ်မှူးက “ဒို့စစ်သားတွေဘဝမှာ ဒီသေနတ်တွေကို မိန်းမတွေထက်ပိုပြီး တန်ဖိုးထားကြတယ်။ ဒီသေနတ်တွေကပဲ တိုင်းပြည်ရဲ့ ရန်စွယ်၊ အန္တရာယ်တွေကို ကာကွယ်နိုင်သလို ဒို့ရဲ့အသက်ကိုလည်း ကာကွယ်စောင့်ရှောက်နိုင်တယ်၊ ညီလေး တပ်ထဲဝင်မလား” ဟု ဆိုလာသည်။ 

“မဝင်ရဲပါဘူးဆရာရယ် အိမ်မှာ အဖွားက အသက်ကြီးပြီ၊ သူ့ကို ကျနော်လုပ်ကျွေးရအုံးမှာ”ဟု ပြန်လည်ပြောလိုက်မိသည်။ တပ်စိတ်မှူးမှ တစ်ဆက်တည်း “အေးပေါ့ကွာ၊ စစ်သားလုပ်တယ်ဆိုတာလည်း ဝါသနာအရင်းခံလေးရှိအုံးမှ” ဟု ဆိုလိုက်ပြန်သည်။ ဒါနဲ့ ဆရာတို့ သူပုန်တွေနဲ့ တိုက်ရမှာပေါ့” ဟု ကျနော်မှ တီးခေါက်ကြည့်ရာ “ဘယ်ပြောကောင်းပါ့မလဲ ညီရာ၊ တိုက်ရတာပေါ့။ ငါဆိုရင် ကရင်ပြည်နယ်၊ ဒေါနတောင်တန်းတစ်လျှောက် တိုက်ခဲ့ရတဲ့တိုက်ပွဲတွေက ဘယ်နည်းပါ့မလဲ၊ သူ့ဘက်ကိုယ့်ဘက် ကျဆုံးဒဏ်ရာရတာတွေကတော့ အများကြီးပဲပေါ့၊ တခါတလေ စစ်ရဲ့အနိဌာရုံတွေကိုတွေးကြည့်ပြန်တော့ စိတ်မကောင်း ဖြစ်ရတယ်”ဟု လေးလေးပင်ပင် ပြောလိုက်သည်။ 

ကျနော်ကလည်း “ဘာဖြစ်လို့လဲ ဆရာ” ဟု ထပ်လောင်းတီးခေါက်ကြည့်ရာ “စစ်မြေပြင်ဆိုတာ ပန်းနဲ့ပေါက်တမ်းကစားနေတာမှ မဟုတ်တာ၊ သေစေနိုင်တဲ့ လက်နက်တွေနဲ့ တစ်ဦးနဲ့တစ်ဦး သတ်ဖြတ်နေကြရတာ၊ ဘယ်သူက သေချင်မှာလဲ၊ ငါတို့ဘက်က ရဲဘော်တစ်ယောက်ကျဆုံးသွားရင်လည်း တိုင်းပြည်အတွက် အသက်ပေးဆပ်လိုက်ရပြန်ပြီလို့ မှတ်ယူလိုက်ရတယ်၊ ရန်သူ့ဘက်ကအမြင်ကတော့ ရန်သူတစ်ယောက် ကျဆုံးသွားတယ်ဆိုပြီး ဝမ်းသာနေကြမှာပေါ့၊ ဘယ်ဘက်ကပဲကြည့်ကြည့် တကယ်နစ်နာတာက တိုင်းပြည်ပဲဆိုတာ ငါလည်း အခုမှသိတာ” ဟု ဆိုလိုက်သည်။ 

ကျနော်လည်း တပ်စိတ်မှူးပြောသည့်စကားများကိုနားထောင်ရင်း သူ့အတွေးအခေါ်နှင့် အယူအဆများကို အသိအမှတ်ပြုလိုက်မိသည်။ တပ်မတော်သားများမှာလည်း အငြိမ်နေကြရသည်တော့မဟုတ်၊ မြစ်ကြောင်းတစ်လျှောက် လှည့်လည်စစ်ဆေးရသလို ရွာနှင့်ရွာပြင်ကွင်းထဲတွင်လည်း ညစဉ် ဓာတ်မီးများကိုအသုံးပြု၍ လှုပ်ရှားမှုများရှိ၊မရှိ စဉ်ဆက်မပြတ် စစ်ဆေးနေကြရသည်။ 

နောက်တစ်နေ့တွင် ကျနော်ရန်ကုန်မြို့ထဲသို့ခေတ္တသွားမည်ဖြစ်ကြောင်း တပ်စိတ်မှူးကိုပြောလိုက်သည်။ တပ်စိတ်မှူးဖြစ်သူမှလည်း လိုလိုလားလားပင် ခွင့်ပြုခဲ့သည်။ အိမ်သို့ပြန်ပြီး အိမ်နောက်ရှိ ကောက်ရိုးပုံအောက်ဖွက်ထားသည့် စာရွက်စာတမ်းနှင့်လိုအပ်သည့်အသုံးအဆောင်များကို အိတ်အတွင်းသို့ထည့်ကာ ရန်ကုန်ဘက်ကမ်းသို့ စက်လှေငှားကာ ကူးလာခဲ့သည်။ ကမ်းနားဈေးရောက်သည်နှင့် တက္ကစီတစ်စီးငှား၍ မြောက်ဥက္ကလာဘက်သို့ ထွက်လာခဲ့သည်။ မြောက်ဥက္ကလာ၊ မေဓာဝီရပ်ကွက်ထဲမှတဆင့် စော်ဘွားကြီးကုန်းဘက်သို့ တဖန်ထွက်ခဲ့ပြန်သည်။ ရောက်တုန်းရောက်ခိုက်ဖြစ်သောကြောင့် ကျောက်တော်ကြီးဘုရားနှင့် မြတ်စွယ်တော်ရှိရာသို့ သွားရောက်ဖူးမြှော်ခဲ့သည်။ ထိုအချိန်က နာမည်ကြီးလှသော ဆင်ဖြူတော်ရှိရာနေရာသို့ တစ်ဖန်ရောက်ခဲ့ပြန်သည်။ ဆင်ဖြူတော်အဝင်တွင်ပင် ပြဿနာတက်တော့သည်။ 

ရှေ့ကိုကြိုတင်မကြည့်မိ၊ ဝင်ပေါက်နားရောက်မှ သံဆူးကြိုးကာရံထားသော ဝင်ပေါက်ဘေးတစ်ဖက်စီတွင် စစ်သားနှင့်ရဲက စောင့်ကြပ်ပြီး ဝင်လာသမျှ ခရီးသည်များထံမှ အိတ်များကို ရှာဖွေစစ်ဆေးနေကြသည်။ ရှေ့တိုးရန်အခက်၊ နောက်ပြန်ဆုတ်၍ ပြေးမည်ဆိုကလည်း လွတ်မည်မထင်၊ အလွန်နီးကပ်နေပြီဖြစ်သောကြောင့် ဖြစ်ချင်ရာဖြစ်ဟုတွေး၍ တိုးဝင်လိုက်သည်။ ကံကောင်းသည်ဟု ဆိုရမည်။ ကျနော့်အိတ်ကို မမွှေနှောက်တော့ဘဲ အိတ်အပြင်ပန်းကိုသာ ကိုင်၍စမ်း ကြည့်လိုက်သည်။ စာရွက်စာတမ်းများကိုသာ စမ်းမိ၍ဖြစ်မည်၊ ဝင်ခွင့်ပြုလိုက်သည်။ သက်မချရင်းမှ ကံတရားက ကျနော့်ဘက်တွင်ရှိနေပြီဟု ယုံကြည်လိုက်မိတော့သည်။ 

ဆင်ဖြူတော်ဆို၍ သေသေချာချာကြည့်လိုက်တော့လည်း ဆင်ဖြူကား မဟုတ်၊ ကျနော့်အထင် ဂုံနီအိတ်အရောင် (သို့) အုံးခွံရောင်ဖြစ်မည်။ အထင်နှင့်အမြင်ကွဲလွဲနေကြောင်း မျက်မြင်ကိုယ်တွေ့ သိရှိလိုက်ရသည်။ မွန်းကြပ်နေသောစိတ်ကို ဖြေဖျောက်ရန်အတွက် နဝဒေးရုပ်ရှင်ရုံဘက်သို့ ကားငှား၍ထွက်လာခဲ့ပြန်သည်။ ရုပ်ရှင်ရုံရှေ့ရောက်တော့ လက်မှတ်တန်းစီဝယ်ရန်ပင် မလို၊ မှောင်ခိုလက်မှတ်ရောင်းသမားများ တစ်ဦးပြီးတစ်ဦး လာရောက်ရောင်းချနေကြသည်။ သူတို့ထံမှ လက်မှတ်တစ်စောင်ကို နှစ်ရာ့ ငါးဆယ်ကျပ်ဖြင့်ဝယ်၍ ရုပ်ရှင်ဝင်ကြည့်ခဲ့သည်။ ထိုရုပ်ရှင်ကားကို ယနေ့တိုင် အမှတ်တရရှိနေဆဲ၊ မင်းသားမှာ ဟာသသရုပ်ဆောင် မော့စ် ဖြစ်ပြီး မင်းသမီးကိုကား မမှတ်မိတော့၊ ဇာတ်ကားအမည်မှာ အချစ်ကြီးသူများအကြောင်း ဖြစ်မည်ထင်သည်။ 

ရုပ်ရှင်ပြီးသည်နှင့် မင်္ဂလာဒုံလေဆိပ်ရှိရာသို့ ဆက်လက်ထွက်ခွာခဲ့သည်။ လေဆိပ်ပေါက်နှင့် မျက်နှာချင်းဆိုင် စည်ဘီယာဆိုင်တွင် ခေတ္တအနားယူရင်း ရှေ့ဆက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို တွေးတောနေမိပြန်သည်။ ညနေ ခြောက်နာရီထိုးသည်နှင့် ကြည့်မြင်တိုင်ဘက်သို့ ကားငှား၍ပြန်လာခဲ့လိုက်သည်။ အေးရွာသို့ပြန်ရန် စက်လှေမရှိသောကြောင့် ထိုညအတွက် ကမ်းနံဘေးရှိ ငါးရုံအနီးတွင် ပုန်းခိုအိပ်ဖြစ်ခဲ့သည်။ နောက်တစ်နေ့ နံနက်စောစောတွင် အေးရွာသို့ စက်လှေငှား၍ အမြန်ကူးလိုက်သည်။ မြို့ထဲမှ ဝယ်ခြမ်းလာသော မုန့်များကိုလည်း ရဲဘော်များကို မျှဝေကျွေးဖြစ်ခဲ့သေးသည်။ 

နေ့လည်ပိုင်းလောက်တွင် တပ်စိတ်မှူးဖြစ်သူမှ ဦးတည်ရာမဲ့စွာဖြင့် “စောစောစီးစီးကွာ ငပွေးတွေ ဘယ်ကများရောက်လာပြီး စစ်သင်္ဘောကို လောင်ချာနဲ့ထုသွားမှန်း မသိဘူး၊ သူတို့ပစ်တာက အကြောင်းမဟုတ်ဘူး၊ နေရင်းထိုင်ရင်း ငါတို့လည်း ဒုက္ခရောက်ရတယ်” ဟု ညီးညီးညူညူ ပြောဆိုလိုက်သည့်စကားသံကြောင့် ကျနော်စိတ်မကောင်းဖြစ်မိသည်။ မိမိကြောင့်ဖြစ်စေ၊ သူတစ်ပါးကြောင့်ဖြစ်စေ၊ အများသူငါ စိတ်ဆင်းရဲရမည်ကိုတော့ ကျနော် မလိုလား၊ မနှစ်သက်မိတော့ပေ။ 

ဆက်ပါအုံးမည်။ 

အုပ်ကြီးဖေ 
၉-၁-၂၀၁၄ 

 

No comments: