Tuesday, September 24, 2013

ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (ဆက်နိုင်မင်း) - ၁၄

အခန်း - ၁၆

ပြည်သူ့ချွေးနှဲစာ အခွန်ဘဏ္ဍာတော်ကို 
အလွဲသုံးစားလုပ်နေသူတွေက 
နည်းနည်းနဲ့ ရောင့်ရဲကြပါလို့ 
ဆုံးမနေပါလားဟေ့။ 
ဗိုက်အပြည့်စားသောက်နေရတဲ့လူတွေက 
လူငတ်တွေကို 
အနစ်နာခံကြစမ်းပါတဲ့။ 

(ဘားတော့ဗရက်၊ စည်းစိမ်ယစ်သူများ) 

ရန်ကုန်သည် မြို့တော်အဖြစ်မှ ရာထူးချခံခဲ့ရပြီး ဖြစ်သည်။ သို့သော် စည်ကားမြဲ၊ သိုက်မြိုက်မြဲ။ စီးပွားရေး လုပ်ငန်းတို့၏ ဗဟိုအချက်အချာဖြစ်မြဲ။ အခွင့်လမ်းသစ်၊ စိန်ခေါ်မှုအသစ်တို့ကို ရှာဖွေလိုသူတို့အတွက် အဓိကဆုံချက် ဖြစ်မြဲဖြစ်နေဆဲသာ။ 

ရန်ကုန်မြို့ပေါ်တွင် အထပ်ပေါင်း ၂၀ ကျော် ၂၅ ထပ်ရှိသော ဆာကူရာ တာဝါလို၊ ထရိတ်ဒါးဟိုတယ်လို အဆင့်မြင့် အဆောက်အဦကြီးတွေ ပေါ်ထွက်ခဲ့ပေပြီ။ သို့သော် ထမင်းတနပ်အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရသောသူတွေမှာလည်း တနေ့တခြား ပိုမိုများပြားလာလေသည်။ လှိုင်သာယာတွင် ထမင်းရည်ကို ပုလင်းနှင့်ထည့်ပြီး ရောင်းချသော ဈေးကွက်အသစ် ပေါ်ထွန်းလာလေသည်။ တနေ့ကို ထမင်းတနပ်သာစားပြီး အသက်ရှင်သန်နေကြသူများ အများအပြား ရှိလာသည်။ 


အထည်ချုပ်စက်ရုံတွေ ပေါ်ထွက်လာသောကြောင့် မိန်းကလေးများ အလုပ်လုပ်ကိုင်စရာ ရလာကြသည်။ သို့သော် ကျေးကျွန်ပမာ အလုပ်လုပ်ကြရ၍ စားရသည်မှာ မဝရေစာသာတည်း။ ကမ္ဘာတွင် စံချိန်စံညွှန်းအရ အဆင့်အနိမ့်ဆုံး အလုပ်သမားများတွင် အထည်ချုပ်အလုပ်သမားများ ပါဝင်ကြသည်။ တကမ္ဘာလုံးက အထည်ချုပ် အလုပ်သမားများနည်းတူ မြန်မာအထည်ချုပ်လုပ်သားများသည်လည်း အဆိုးဝါးဆုံး လုပ်ငန်းခွင်အခြေအနေကို ရင်ဆိုင်ကြရလေသည်။ သို့သော် အလုပ်သမားများသည် အလုပ်ရနေသေးသည်ကိုပင် ကျေးဇူးတင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် မည်မျှပင် ပင်ပင်ပန်းပန်းလုပ်ကိုင်ရပြီး လစာဘယ် လောက်ပင်နည်းစေကာမူ၊ ဝင်ငွေရှိနေသေးသောကြောင့်ဖြစ်သည်။ 

လူတွေ ဘာ့ကြောင့် ရန်ကုန်ကို မက်မောနေကြပါသနည်းဟု တခါတရံ နီမင်းထွန်း စဉ်းစားမိသည်။ နယ်မှာ နေစရာမရှိလျှင်၊ တဲစုတ်နှင့်တော့ နေနိုင်ပေသေးသည်။ ရန်ကုန်တွင် နေစရာမရှိလျှင် လမ်းဘေးတွင် ပုဆိုးခြုံပြီး အိပ်ရသည်။ လူကူးတံတား၊ သင်္ဘောဆိပ်တံတားတို့အောက်တွင် အိပ်ကြရသည်။ နယ်မှာ စားစရာမရှိလျှင် တောထဲထွက်ပြီး အသီးအရွက် ခူးစားလို့တော့ ရသေးသည်။ ရန်ကုန်တွင် ငတ်လွန်းမကငတ်လျှင် အမှိုက်ပုံထဲက အကြွင်းအကျန်ကိုသာ ရှာဖွေစားသောက်ကြရသည်။ ရွှေရောင်အိပ်မက်များကို ပွေ့ပိုက်ပြီး ရန်ကုန်ကို တက်လာကြသူများသည် သူတို့၏ ရွှေရောင်အိပ်မက်များထဲတွင် နစ်မွန်းကြရလေသည်။ ရန်ကုန်တွင် ဘုန်းတော်ကြီးများပင် ဆွမ်းငတ်ကြရသည်။ ဈေးတွင် ငါးနုတ် ငါးသေးများ ပေါသောနေ့တွင် ဘုန်းတော်ကြီးများ၏ ဆွမ်းဟင်းခွက်များမှာ ငါးနုတ်ငါးသေးများချည်း ဖြစ်ကြသည်။ ဈေးတွင် ပုစွန်ဆိတ်ပေါသောနေ့တွင် ဆွမ်းခွက်များမှာ အားလုံး ပုစွန်ဆိတ်များသာတည်း။ 

နီမင်းထွန်းနှင့် မြင့်စိုးတို့သည် ဘုန်းကြီးကျောင်းက ဆွမ်းဟင်းခွက်များကိုကြည့်ပြီး ဈေးထဲတွင် ဘာတွေ ရောင်းနေသည်ကို သိကြလေသည်။ 

ရန်ကုန်မြို့ထဲတွင်လည်း ရေခဲရေဆိုင်၊ ကွမ်းယာဆိုင်တွေ ပေါများလာလေသည်။ ကွမ်းယာဆိုင်များမှာ လမ်းထောင့်တိုင်းလိုလိုမှာ ဖွင့်လာကြသည်။ 

နီမင်းထွန်းသည် ကွမ်းယာတယာကို ပါးစောင်တွင် ငုံလိုက်သည်။ အသားမည်းမည်း၊ ကွမ်းစားထားသော နှုတ်ခမ်းရဲရဲနှင့် အိန္ဒိယပလေကပ်အပြာနုကို ဝတ်ဆင်ထားသော နီမင်းထွန်း၏ဟန်ပန်မှာ အညာသားရုပ် အပြည့်ထွက်လေသည်။ ဗမာပြည် ဘယ်နေရာရောက်ရောက် အညာသားမှန်း ဒက်ခနဲသိနိုင်သော ရုပ်ရည်မျိုး ဖြစ်သည်။ တနည်းအားဖြင့် ဘယ်တိုင်းပြည်ရောက်ရောက် ဗမာလူမျိုးမှန်း ဒက်ခနဲသိနိုင်သော ရုပ်ရည်မျိုးလည်း ဖြစ်လေသည်။ လွစ္စလမ်းတလျှောက်တွင် ဆိုင်းဘုတ်တွေကို မော့ကြည့်ပြီး သူ လျှောက်လာသည်။ ဆိုင်းဘုတ်တွေက များလွန်းလှသည်။ လိပ်စာအရ သူရှာသော သင်တန်းသည် ဒီနားမှာပင် ရှိရမည်။ သို့တိုင် သူရှာနေသော ဆိုင်းဘုတ်ကို မတွေ့သေး။ 

“ဟေ့… ဘယ်လို ဖြစ်နေတာလဲ” 

အသံနှင့်အတူ သူ့ရင်ဘတ်တွင် တစုံတရာ ထောက်လာသည်။ ငုံ့ကြည့်လိုက်တော့ ခေါက်ထီးတလက်။ 

“ဘာလဲဗျ။ ဘာဖြစ်လို့လဲ” 

ခေါက်ထီးကိုင်ထားသူသည် မိန်းကလေးတယောက်ဖြစ်သည်။ သူ့လိုအရွယ် မိန်းကလေးတယောက်ပင်။ 

“ဘာဖြစ်ရမလဲ။ လမ်းကို ကြည့်မလျှောက်ဘဲ ဘယ်လိုလျှောက်နေတာလဲ။ ဒီမှာ လူကိုတိုးမိတော့မယ်” 

“အာ… ဆောရီးပါ။ ဒါနဲ့ ဒီနားမှာ တော့ပ်စတား သင်တန်းကျောင်းဆိုတာ သိလား” 

ကောင်မလေးသည် သူ့ကို မယုံသင်္ကာဟန်ပန်မျိုးဖြင့် မျက်မှောင်ကြုတ်ကြည့်သည်။ 

“နေပါဦး။ နင် စာမတတ်ဘူးလား” 

“ဟ… အသားလွတ်ကြီးပါလား။ ဘာဆိုင်လို့တုန်း” 

“နင်စာတတ်ရင် ဒီဆိုင်းဘုတ်ကို ဖတ်တတ်မှာပေါ့” 

ကောင်မလေးက သူတို့ရှေ့တည့်တည့်က ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြသည်။ ဟုတ်သည် တိုက်အပေါ်ထပ်သို့တက်သော လှေကားထိပ်တွင် တော့ပ်စတား ကွန်ပြူတာနှင့် အင်္ဂလိပ်စကားပြော သင်တန်းကျောင်းဆိုသော ဆိုင်းဘုတ်ကို ချိတ်ထားသည်။ နီမင်းထွန်းသည် သူ့ခေါင်းက ဆံပင်တိုနံ့နံ့ကို လက်ဖြင့် တချက်ပွတ်ပြီး တဟီးဟီး အရှက်ပြေရယ်လိုက်သည်။ အရှက်ပြေရယ်ရင်း ကောင်မလေးကို ဝေ့ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက ကောင်မလေး၏ ရင်ဘတ်ပေါ်တွင် ရပ်သွားသည်။ ကောင်မလေး၏ မျက်နှာသည်နီရဲသွားသည်။ 

“ဘာကြည့်နေတာလဲ” 

“ဘာမှမဟုတ်ပါဘူး။ အဝှာပါ” 

သူသည် အကြည့်ကိုလွှဲပြီး ကမန်းကတန်းပြန်ဖြေလိုက်သည်။ သို့သော် သူ့ အဖြေသည် အဖြေမဟုတ်။ 

“ဘာမှ အဝှာမနေနဲ့။ ငါလည်း အဲဒီ အပေါ်ထပ်ကိုသွားမှာ” 

ကောင်မလေးက ရှူတည်တည်နှင့် ပြောသည်။ 

“ဟုတ်လား။ အဲဒါဆို သွားလေ” 

“နင်လည်း အဲဒီကိုသွားမလို့ မဟုတ်လား” 

“ဟုတ်တယ်လေ။ အဲဒါဘာဖြစ်လဲ” 

“နင်ရှေ့ကတက်” 

မတ်စောက်လှသော လှေကားကျဉ်းကျဉ်းလေးကို မေးငေါ့ပြီး ကောင်မလေးက ပြောသည်။ ကောင်မလေးဆိုလိုသောသဘောကို သူ နားလည်လိုက်သည်။ သည်တခါတော့ နီမင်းထွန်းမျက်နှာသည် ရှိန်းခနဲဖြစ်ပြီး ရဲတက်သွားသည်။ ကောင်မလေးကို သူက မကျေမနပ် မျက်မှောင်ကြုတ်ကြည့်လိုက် မိသည်။ ထို့နောက် ဘာမှမပြောဘဲ လှေကားဘက်သို့ ချာခနဲလှည့်ပြီး တဒိုင်းဒိုင်းအသံပြင်းပြင်းဖြင့် နင်းတက်လာခဲ့လေသည်။ ကောင်မလေးပြောသောစကားသည် သူ့ကိုသိက္ခာချသောစကားဟု သူ ထင်သည်။ ရန်ကုန်သူတွေများ နေရာတကာ သိပ်ကြီးကျယ်ပါလားဟုလည်း သူ့စိတ်ထဲတွင် တွေးမိသည်။ 

သို့သော် ထိုကောင်မလေး၏မျက်နှာကိုမူ သူ သေသေချာချာ မှတ်သားထားလိုက်မိသည်။ သူ့ကို အရှက်ခွဲသောကြောင့် မှတ်ထားလိုက်ခြင်းမဟုတ်။ ကောင်မလေး၏ ရင်ဘတ်တွင် ခွပ်ဒေါင်းပုံ ရင်ထိုးသေးသေးလေးကို ထိုးထားသောကြောင့် ဖြစ်သည်။ ရင်ထိုးသည် လက်မဝက်လောက် သေးသေးကလေးသာ ဖြစ်သည်။ သို့သော် သူ့မျက်စိထဲတွင် အကြီးကြီးဖြစ်နေသည်။ စင်စစ် ၂၀၀၇ ခုနှစ်သည် အုပ်ချုပ်ရေး အတင်းကြပ်ဆုံးကာလတခုဖြစ်သည်။ ထိုအချိန်က ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုသောစကားများသည် ထောင်တန်သောစကားများဖြစ်သည်။ ဒီလိုအချိန်၊ ဒီလိုကာလမျိုးတွင် ခွပ်ဒေါင်းပုံရင်ထိုးကို ရင်ဘတ်တွင် ထိုးထားသောကြောင့် ဒီကောင်မလေးကို သူ သတိထားမိခြင်းဖြစ်သည်။ သို့သော် ကောင်မလေးသည် သူတက်သော ကွန်ပြူတာသင်တန်းခန်းထဲသို့ ရောက်မလာ။ ကောင်မလေးသည် အင်္ဂလိပ်စကားပြောသင်တန်း လာတက်သူဖြစ်ပေမည်။ 

xxxxxxxx 

ဆက်လက်ဖော်ပြပါမည်။ 


 

No comments: