Sunday, September 29, 2013

စောင့် (မင်းသိုက်)

ကျွန်တော်တို့ဗမာလူမျိုးတွေအတွက် “စောင့်” ခြင်းဆိုတဲ့ကိစ္စဟာ သိပ်ထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ စောင့်နေရတာတွေလည်း ပွထနေပြီဆိုတော့ အေးဆေးပါပဲ။

စောင့်ခြင်းအမျိုးမျိုးရှိတဲ့အနက် လက်လှမ်းမီ ဉာဏ်သွားသလောက် စောင့်ဋီကာချဲ့ကြည့်တော့ … … ဒမိုကရေစီရဖို့ စောင့်ရတာတို့၊ မီးလာဖို့ စောင့်ရတာတို့၊ ဆင်းကဒ်လေး မဲပေါက်ဖို့ စောင့်ရတာတို့၊ ပွဲများဘယ်တော့လန့်မလဲ စောင့်ရတာတို့၊ ဂွင်စောင့်ရတာတို့၊ ကိုယ်တွေလို ဓာတ်သမားတွေကတော့ လိုချင်တဲ့ပုံကောင်းလေးရဖို့ စောင့်ရတို့၊ အို … … စောင့်ခြင်း အမယ်အစုံပါပဲ။

ခေတ်ပေါ်စောင့်ခြင်းတွေကတော့ အမျိုးစောင့်ခြင်းတို့၊ ဘုရားစောင့်ခြင်းတို့ နောက်ဆုံး လိတ်တက်ကတော့ “လူစောင့်”ခြင်းကိစ္စ ခုတလော အတော် ကျယ်ကျယ်ပြန့်ပြန့် တွေ့လာနေရတယ်။



မနေ့က စနေနေ့ မြေနီကုန်းမှာ ဆံသွား သပြီးအပြန်၊ မြေနီကုန်းမီးပွိုင့်ကနေ ပြည်လမ်းအတိုင်း ဟံသာဝတီအဝိုင်းဘက် ဦးတည်လိုက်တယ်ဆိုရင်ပဲ ဆန့်ကျင်ဘက် ယာဉ်ကြောအလယ်ကျွန်းပေါ်မှာ တဦးလျှင် ပေသုံးဆယ်ခန့်အကွာ ညီညီညာညာရပ်ပြီး လက်ပတ်အနီကြီးတွေ ခန့်ခန့်ပတ်လို့ လူစောင့်နေကြသော မြို့တော်စည်ပင်သာယာရေး ဝန်ထမ်း မီးကျိုးမောင်းပျက်ကြီးတွေ ဘွားခနဲ ရင်သပ်ရှုမော တွေ့လိုက်ရလေတော့သတည်း။

မကြီးကြီးလမ်းကွေ့အကျော်ကနေ ဟံသာဝတီအဝိုင်းနားအထိတော့ ခပ်ကျို့တို့ကျဲတဲပါပဲ၊ အလယ်ကျွန်းပေါ်မှာ ရပ်စောင့်နေတာမျိုးမဟုတ်ပေမယ့် နီးစပ်ရာ အပင်အောက် အရိပ်ခိုနေကြတာတို့၊ နီးစပ်ရာခြံဝတွေက အုပ်ခုံလေးတွေပေါ် ငိုက်မြည်းနေတာတို့၊ ဘတ်စ်ကားမှတ်တိုင်မှာ အညောင်းဖြေနေကြတာတို့ အနှီး လက်ပတ်နီကြီးတွေ မြင်ရပါသေးတယ်။

သူတို့အင်ချပ်တွေကတော့ ယာဉ်ထိန်းပူးလိတွေဖြစ်ဖို့ များတယ်၊ မျဉ်းကျားကမဟုတ်ဘဲ လမ်းဖြတ်ကူးတဲ့သူတို့၊ အလယ်ကျွန်း အသစ်စိုက်ထားတဲ့ အပင်တွေပေါ်ကျော်ခွတက်သူတို့ကို ဆွဲမယ် စိမယ်ပေါ့၊ ဒါတောင်မှ ရွှေပြည်သူတွေက လစ်ရင် လစ်သလို ဝှီခနဲ ဝှစ်ခနဲ ကားကြိုကားကြားကနေ နင်ဂျာတွေအလား ဖြတ်ပြေးကူးနေတာ တွေ့တာပါပဲ။

ကမ္ဘာအေးလမ်းမကြီးဘက် ပြန်လှည့်ကြဦးစို့။

ချော်တွင်းကုန်း ပါရမီမီးပွိုင့်လမ်းဆုံကနေ နဝဒေး ဘိုင်စကုပ်ရုံလမ်းဆုံအထိ ကျွန်တော် အမှတ်များ မမှားဘူးဆိုရင်တော့ လူကူးမျဉ်းကြား ၃ စင်းပဲရှိပါတယ်၊ တစ်စင်းက သွေးဆုံးနေလို့ အရောင်မွဲနေတာ ကြာလှပေါ့။

ဒီလမ်းပိုင်းမှာ မနက်မနက်ဆို အောက်အီးအီးအွတ်သံတောင် မဆုံးသေးဘူး အနှီးလက်ပတ်နီကြီးတွေ အသင့်နေရာယူပါတော့တယ်၊ ရုံးသွား အလုပ်သွား ကြုံသလိုကူးနေရရှာတဲ့ ပြည်သူတွေကို ဆွဲမယ် စိမယ်ပေါ့၊ တစ်ချက်ဆောင့်တွန်းလိုက်ရင် ဖင်ထိုင်ရင်လဲမယ့် အု့စ်တွေနဲ့ဗျာ :D

လှတပတလေးရွိုင်းပြီး ဂနေ့ အလုပ်သွားရင် ကိုကိုနဲ့ မောင်မောင်နဲ့ လက်ချင်းချိတ် လစ်ကြဖို့ အိပ်မက်ရှင်ကလေးမလေးတွေ ဆွဲစိခံနေရရှာတာ ကျွန်တော် မျက်မြင်ပါပဲ၊ အလွန်မှ ရွှေဉာဏ်တော် စောက်ရူးထတဲ့လုပ်ရပ်တွေပါပဲဗျာ။


မွန်းကြပ်တဲ့လူ့အခွင့်အရေးဆင်းရဲတဲ့ ဗမာပြေကနေ ကျွန်တော် အိမ်ပြေးဘဝနဲ့ကျင်လည်ခဲ့ရသော ထိုင်းနိုင်ငံမှာ လူကူးမျဉ်းကြား ချမ်းသာတယ်၊ လူတွေလမ်းကူးဖို့ (ခွေးလဲကူးတယ်) ဂုံးကျော်တံတားတွေ ခပ်စိပ်စိပ် ဖန်တီးပေးထားတယ်၊ လှေခါးတက်ရမှာညောင်းမစိုးလို့ အက်စကာလေဒါတွေ တပ်ပေးထားတယ်၊ ဒီနှစ်ထဲ လူကူးဂုံးကျော်တံတားတွေကို အပ်ဂရိတ်လုပ် လာတယ်၊ ဝှီးချဲသမားတွေပါ အဆင်ပြေပြေကူးလို့ရအောင် အဆင့်မြင့် နည်းပညာတွေသုံး ဖန်ဆင်းပေးလာတယ်၊ ထိုင်းမှာ လူကူးမျဉ်းကြား သို့မဟုတ် ဂုံးကျော်တံတားက မကူးလို့ သေချင်းဆိုးနဲ့ကားတိုက်သေရင် တိုက်တဲ့သူမှာ အပြစ်မရှိတဲ့အပြင် မသာရှင်က တိုက်လိုက်တဲ့ကား ပိန်ရှုံ့သွားရင် လျှော်ပေးရသေးတယ်၊ လန်ထွက် လွင့်တက်ကော့ပျံနေတဲ့ ထိုင်းဥပဒေ။

ထားလိုက်ပါ ဒါ သူ့အရပ်နဲ့ သူ့ဇာတ်၊ ကျွန်တော်တို့တိုင်းပြည်မှာ ဘာလို့ ပြည်သူတွေ လမ်းကူးဖို့အတွက် ဂုံးကျော်တံတားတွေ ပေါပေါမစီစဉ်ပေးနိုင်တာလဲ၊ ထိုင်းမှာ လူကူးဂုံးကျော်တံတားတစ်စင်းဆောက်ရင် အလွန်ဆုံး တစ်လပဲ၊ မြေတူးတာလောက်ပဲကြာတာ၊ ကျန်တာ တိုင်တွေ တန်းတွေက အားလုံး မိုလောင်းပြီးသား အဆင်သင့်၊ ဘာလို့ ဘေးအိမ်ကို အတုမယူတာလဲ တွေးမရတာအမှန်ပဲ ခုလို လူစောင့်တွေထား ဖမ်းဟဲ့ ဆီးဟဲ့ ကရော ၂၄ နာရီလုံးလုံး လုပ်နိုင်မှာမို့လို့လား၊ ဖန်ငွေရှာနေတာလား၊ တကယ်ကို စေတနာနဲ့ ပြည်သူတွေ စည်းကမ်းရှိစေချင်တာလား၊ စည်းကမ်းရှိစေချင်ရင်လဲ စည်းကမ်းမပျက်ကြအောင် ဘယ်လိုစီစဉ်ပေးရင်ကောင်းမလဲဆိုတဲ့ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း သိသိသာသာတိုးတက်လာတဲ့ ကမ္ဘာနိုင်ငံကြီးတွေက အစိုးရတွေ ပြည်သူတွေကို အဆင်ပြေအောင် ဘယ်လိုတွေလုပ်ပေးနေသလဲ အတုယူကြပေါ့ဗျာ။

အခုချိန်ထိ ရက်လည်ပြီး အငိုတိတ်မယ့်ကိစ္စမျိုးတွေနဲ့ လက်ပူတိုက် ဝါဒဖြန့် ပြည်သူတွေ လုံးပါးပါးသထက်ပါး၊ စည်းကမ်းတွေ ပျက်သထက်ပျက်၊ ညစ်တွန်းတွေလှိမ့်တွန်းနေတတ်အောင် အချိန်တွေဆွဲ ပြည် မဖျက်ကြပါနဲ့တော့ဗျာ။

မလုပ်၊ မရှုတ်၊ မပြုတ်နဲ့ခင်းထားတဲ့ အာဏာရှင်စနစ်ကြီး သေခါနီးစောင့်နေရတာလဲ မောလှပါပြီ။      ။

မင်းသိုက် 
ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၃။
ရန်ကုန်။


 

No comments: