Thursday, September 19, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁၃) - မင်းကျော်ခိုင်

ဘိုတင့် (ရာပြည့်)က ကျနော့်ထက် အသက်ကြီးတယ် ၆ နှစ်။ ဒါပေမယ့် သူငယ်ချင်းလို နေကြ ဆက်ဆံကြတာ။ ဘိုတင့် လို့လည်းခေါ်တာ နှုတ်ကျိုးနေပြီ။ ဘိုတင့်က သူ့ပါဝါမျက်မှန် အဝိုင်းရယ်၊ ဂျင်းဘောင်းဘီကို မန္တလေးဖိနပ်နဲ့ တွဲစီးတာ၊ လွယ်အိတ်က အမြဲလွယ်လျက်ပဲ။ တခါတခါတော့ အင်းလေးပုဆိုးနဲ့ပေါ့၊ သူနေတာက ကန်တော်ကလေးမှာ (အောင်ဆန်းကွင်းနား)။ အရင် သူက သင်္ဘောသား ပိုက်ဆံစုပြီး အခွေထုတ်တာ၊ သီချင်းရေးတာအပြင် သီချင်းဆိုချင်တဲ့ ပိုးကလည်း အပြည့်လေ။

၁၉၈ဝ လောက်ကစပြီး သူ အမြဲတမ်း ခရမ်းပြာမှာ ကျင်လည်တော့တာ။ သူနဲ့အတူ ရစ်ချက် (သက်နိုင်ဦး)လည်း မကြာမကြာ လာတယ်။ ကိုရဲနဲ့ ကိုအောင်ဝင်းတို့ရဲ့ ပန်းခရမ်းပြာ သီချင်းရေးပြီးတော့ ကျနော်တို့ အင်ကြင်းဆောင်နောက်မှာ ဆိုကြတဲ့အချိန်ကတည်းက သူ အဲဒီသီချင်းကိုဆိုပြီး စီးရီးထုတ်ချင်နေတာ။ အဲဒီတုန်းက ကိုရဲ ပန်းခရမ်းပြာသီချင်းတီးရင် ကျနော်က ကိုရဲတီးကွက်တွေက ကိုရဲပြောတော့ လွယ်တယ်၊ ကျနော့်အတွက်တော့ ခက်နေတယ်လို့ ပြောရတယ်။ ကိုရဲကတော့ သူ့ထုံးစံအတိုင်းပြုံးပြီး နောက်ကျ ပန်းခရမ်းပြာသီချင်းကို ညတိုင်းဆိုဖြစ်တာပါပဲ။ အဲဒီအချိန် ဘိုတင့်နဲ့ မိုးကျော် သိပ်မတွဲဖြစ်ကြတော့ဘူး။ မိုးကျော်က The Aces ဝိုင်းမှာတီးနေပြီမို့ မတွေ့ဖြစ်ကြတာ။


ဘိုတင့်က သူ့မှာပိုက်ဆံရှိရင် ဘယ်တော့မှ မနှမြောတတ်ဘူး၊ အားလုံးကို သူ ဒကာခံတတ်တယ်။ သူ့မှာမရှိလည်း ပြောတယ်၊ ပွင့်ပွင်းလင်းလင်းသမားပါ။ ရယ်စရာကောင်းတာက တခါတခါ ကိုရဲနဲ့စကားပြောရင် ကိုရဲရဲ့ စကားအထာတွေ သူလိုက်ပြောပေမယ့် သူ့စကားတွေက အူလယ်လယ်ဖြစ်ဖြစ်သွားတယ်။ ကိုရဲရဲ့စကားတွေ သူ လိုက်မမီဘူး။ မိုးကျော်နဲ့ ဘိုတင့်ကျတော့ နွေးနွေးထွေးထွေးရှိကြတယ်။ ဟိုအရင် ခိုင်ထူးရဲ့ တေးမြုံငှက်ကတည်းက တွဲခဲ့ကြတာကိုး။ မိုးကျော်က သိပ်နောက်တာပြောင်တာမရှိဘူး၊ သူသိပ်ရင်းနှီးတဲ့သူမှ နောက်တတ်တာ။ RC 2 မှာတုန်းက ကျနော်တို့က M8 သင်္ချာအတန်း၊ မြင်းခြံသားမောင်နီက သူကြိုက်နေတဲ့ကောင်မလေးနာမည်က မအေး။

အဲဒါနဲ့ မအေးကို စာပေးဖို့ ကြံကြတော့ မိုးကျော်ကို ဆရာ တင်ကြတယ်၊ မိုးကျော်က သီချင်းလည်းရေးတာကိုး။ မိုးကျော်ချပေးတဲ့စာသားတွေနဲ့ မြင်းခြံမောင်နီရဲ့ ရည်းစာစာကတော့...

မအေးရေ....

မအေးက ကျနော့်အတွက် တနေ့တခြား ပိုပိုပြီး စိတ်ဝင်စားစရာကောင်းအောင်ကို လှလှလာတယ်၊

မအေးအကြောင်း အမြဲတွေးနေရလို့ အတန်းထဲမှာ ဆရာမလည်း မအေးပဲဖြစ်နေတယ်၊

ဆရာမသင်သမျှစာတွေကလဲ မအေးအကြောင်းတွေချည်းပဲ ကြားနေရတယ်၊

လိုရင်းပြောရရင်တော့ မအေးရယ် မအေးကို ကျနော်အရမ်းချစ်တယ်ဆိုတာ မအေး သိစေချင်တာပါပဲ၊

ကျနော်စိတ်ချမ်းသာမယ့် အဖြေလေးအတွက် မအေးဆီက ပြန်စာလေး မနှေးအမြန်လိုချင်ပါတယ် မအေးရယ် .... ဆိုပြီး ကျနော်တို့ ဝိုင်းရေးပေးလိုက်ကြတာ (အမှန်တော့ စာက ဒီထက်ရှည်တယ်၊ ကျနော် မှတ်မိသလောက်ပြန်ရေးထားတာ) ပြန်စာပြန်လာတာလည်း မြန်သလားမမေးနဲ့၊ နောက်နေ့မနက် မအေးသူငယ်ချင်းတယောက်နဲ့ ပြန်လာတာပါပဲ။

မောင်နီရေးတဲ့စာတွေက မှင်အပြာနဲ့ ရေးပေးလိုက်တာ၊ မအေးက မှင်အနီနဲ့ မောင်နီ့စာတွေအဆုံး တကြောင်းချင်း စာပြန်လိုက်တာကတော့...

မအေးက ကျနော့်အတွက် တနေ့တခြားပိုပိုပြီး စိတ်ဝင်စားစရာကောင်းအောင်ကို လှလှလာတယ်၊ (တကယ်လားဟင်)

မအေးအကြောင်းအမြဲတွေးနေရလို့ အတန်းထဲမှာ ဆရာမလည်း မအေးပဲဖြစ်နေတယ်၊ (ကြည့်စမ်း... ကြည့်စမ်း... အဲ့လောက်တောင်)

ဆရာမသင်သမျှစာတွေကလည်း မအေးအကြောင်းတွေချည်းပဲ ကြားနေရတယ်၊ (အင်း... တခုခုတော့ မှားနေပြီထင်တယ်ကွယ်)

လိုရင်းပြောရရင်တော့ မအေးရယ် မအေးကို ကျနော်အရမ်းချစ်တယ်ဆိုတာ မအေး သိစေချင်တာပါပဲ၊ (တကယ်ယုံရမှာလားဟင်!)

ကျနော်စိတ်ချမ်းသာမယ့် အဖြေလေးအတွက် မအေးဆီက ပြန်စာလေး မနှေးအမြန်လိုချင်ပါတယ် မအေးရယ် (စိတ်ချမ်းသာတဲ့နေရာက တရားရိပ်ပဲလေကွယ် မိုးကုတ်ကိုသွားချင်သလား၊ မဟာစည်သွားချင်လား ဒို့လိုက်ပို့ပေးမယ်လေ)

မောင်နီ မအေးဆီက ပြန်စာဖောက်မဖတ်ခင် ကျနော်တို့ကို အားရဝမ်းသာစွာနဲ့ RC 2 မုန့်ဆိုင်တန်းမှာ ဆီချက်ခေါက်ဆွဲကျွေးခဲ့တာလေး ပြန်အမှတ်ရမိပါတယ်။ တော်ဘီကွာ မိုးကျော် မင်းကိုအားကိုးကာမှ ပိုဆိုးတော့တာပဲဆိုတဲ့ ကွယ်လွန်သူ မြင်းခြံသားမောင်နီရဲ့ အညာလေနဲ့ပြောတဲ့ သူ့စကားသံလေး ပြန်လွမ်းမိပါတယ်။ သြော်... တခါတုန်းက ကျောင်းနေဖက်သူငယ်ချင်းတွေ... ရဲ့ လွမ်းစရာတက္ကသိုလ်ဇာတ်လမ်းတွေ...။

ပြောရင်းနဲ့ ဘိုတင့်(ရာပြည့်) အကြောင်းပြန်ဆက်ရအုန်းမယ်။ သူ့ ပန်းခရမ်းပြာ သီချင်းသွင်းတော့ မေ စတူဒီယိုမှာ။ သူ တော်တော်ကုန်သွားတယ် ပိုက်ဆံပြောတာ။ အသံသွင်းတဲ့နေ့တိုင်း အပေါင်းအသင်းတွေအားလုံးကို ဒိုင်ခံပြုစုတာ၊ အချိုကြိုက်သူတွေအတွက်အချို၊ အကြမ်းကြိုက်သူတွေအတွက်အကြမ်း... လုံးဝ လိုလေးသေးမရှိ။ ကျနော်ရောက်တဲ့အချိန်က အတီးပိုင်းတွေ ပြီးပြီ၊ သူ့အဆိုထပ်တဲ့နေ့တွေ။ ကျနော်က မိုးကျော်နဲ့ပါလာတာ၊ မိုးကျော်က အမြဲသူ့အတီးတွေ လိုက်လိုက်ဖြည့်တယ်။ အဲဒီတုန်းက ဘိုတင့်က သူ့စီးရီး ပန်းခရမ်းပြာအတွက် အတော်ကြိုးစားခဲ့ပါတယ်။ ထင်သလောက်မပေါက်ခဲ့တာတော့ သူ့ကုသိုလ်လို့ပဲပြောရမှာပဲ။

သူ အမေရိကရောက်တဲ့အချိန်မှာ သူနဲ့အတူနေကြတာက ကျနော်နဲ့ တော်လှန်ရေးမှာ ခင်ကြသိကြတဲ့သူတွေ။ ခြင်္သေံကြီး ခေါ် အံ့ကူနဲ့နေတယ်။ ကျနော် နယူးယောက်ရောက်ပြီး ၅ နှစ်အကြာ ၂ဝဝ၉ ထဲမှာ၊ သူဖုန်းဆက်တော့ မိုင်ကျော်ခင်းရေ မင်း Dennis (မွန်းအောင်) နဲ့ အဆက်အသွယ်ရှိလား၊ အားလုံးကိုသတိရတယ်ကွာ၊ ခရမ်းပြာရော၊ ကိုအုန်းမြင့်(ရီဇော်)၊ ကိုရဲ၊ ကိုတိုး၊ ကိုနေဝင်း၊ ကိုမောင်၊ မိုးကျော်... အားလုံးပဲကွာ..။ အရင်လိုဘဝတွေ ပြန်မရတာကို လွမ်းတယ်၊ သီချင်းတွေလည်း ရေးဖြစ်တယ်... ပြောတာအများကြီးပါ။ သူ့သီချင်းအသစ်တွေတော့ လူချင်းမဆုံဖြစ်တော့ ကျနော်လည်း မကြားခဲ့ရပါဘူး...။ အမေရိကားမှာနေကြတယ်ဆိုပေမယ့် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းလေ... အဝေးကြီး...။

သူ ကွယ်လွန်တဲ့အချိန်က ၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့။ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့၊ ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာပါ။ သူဆုံးတဲ့အချိန်မှာ သူ့အသက် (၅၄) နှစ်...။

ဆက်ပါဦးမည်။ 

မင်းကျော်ခိုင်


 

No comments: