Tuesday, September 24, 2013

မနေ့က ငါပြန်ရာလမ်းပေါ်မှာ မြက်လျှောတကောင် စင်းစင်းကြီး (ဆောင်းလူ)

မနေ့က ငါပြန်ရာလမ်းပေါ်မှာ မြက်လျှောတကောင် စင်းစင်းကြီး ...။ 
ငါကလည်း သူ့ကြောက် ...။ 
သူကလည်း ငါ့ကြောက် ...။ 

နောက်ဆုံးတော့ မိတ်ဆွေဖွဲ့လိုက်တယ် ...။ လမ်းဘေး ဘီကနီမယ်တွေရှိတဲ့ဆိုင်မှာ ခေတ္တခဏ မိတ်ဖွဲ့လိုက်တယ် ...။ ခွက်ခြင်းတိုက်ပြီး ခပ်ဆတ်ဆတ်လေးတောင် အော်လိုက်တယ် ...။ 

ချီးလ်းယား ............. 

မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ... ဘီကနီမယ်လေးတွေ အော်သံကြောင့် လန့်ဖြတ်သွားတယ် ...။ ဒါပေမယ့် ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲ ... ။

ငါ့ခြေထောက်တွေကို ခိုးခိုးကြည့်တယ် ...။ ပါးစပ်အဟမှာ ... လျှာတွေကို မသိမသာ အကဲခတ်တယ် ...။ အားကျနေတာ ...။ ခြေထောက် မပါဘဲ လျစ်ခနဲ လျစ်ခနဲ တွားသွား သွားနေတာကို ...။ ပြူတစ် ပြူတစ် လျစ်ခနဲ ထွက်ထွက်လာတတ်တဲ့ လျှာနှစ်ခွကို ...။ 


နောက်တော့ .. သူ့အကြောင်း ...ကိုယ့်အကြောင်း ... အာဘောင် အာရင်းသန်သန် ဖောင်ဖွဲ့ကြတယ် ...။ ဖြောင့်စင်းနေတဲ့ လည်ပင်းကြောင့် အစာမျိုမရတဲ့အကြောင်း ...။ ဖြောင့်စင်းနေတဲ့ ကိုယ်ခန္ဓာကြောင့် တွင်းဝင်မဖြောင့်တဲ့အကြောင်း ..။ ခြေထောက်မပါတာကို စိတ်ညစ်နေတဲ့အကြောင်း ... လျှာနှစ်ခွကြောင့် ပလောင်းပလဲ ပြောသူ မဖြစ်လိုကြောင်း ...။ မဲမဲပြောင်ပြောင်ကျီးတွေကို ကြောက်ရတဲ့အကြောင်း ... ။ အမျိုးမျိုး အစုံစုံကို ရင်နဲ့ရင်းပြီး ခွက်ခြင်းထပ်တိုက်ခဲ့လိုက်ကြတယ်။ နောက်တော့ လမ်းခွဲလိုက်တယ် ...။ 

နောက်မှာတော့ မြက်လျှောတကောင် စင်းစင်းကြီး ကျန်ခဲ့တယ်...။ ရှေ့ဆက်လျှောက်လာလိုက်တယ် ...။ ... ရှေ့မှာက ... တွင်းတွေ။ ထောင်ပေါင်းများစွာသော တွင်းတွေ ... အဝင်မှဖြောင့်ပါလေစ ...။ တဖြည်းဖြည်း ဖြောင့်စင်းလာတဲ့ တွင်းတွေကြောင့် ခန္ဓာကိုယ်တောင် ကွေ့ကောက်လာတယ်။ 

ဖြစ်ခြင်း ... မဖြစ်ခြင်း စိတ်နဲ့အတူ လောဂျစ်ဆန်လာတယ် ...။ သီအိုရီနဲ့ တွက်ချက်တာတောင် အဖြေမှန်မှာ ... အမှားတဝက်ရောနှောမှ ကျေနပ်တယ် ...။ အသိနဲ့ ဉာဏ်မှာ ... ကစဥ့်ကလျားဖြစ်လာတယ် ...။ 

ငါတို့ဟာ အာလူးစားသူတွေမှ မဟုတ်တာ ... 

မနေ့က ငါပြန်ရာလမ်းပေါ်မှာ မြက်လျှောတကောင် စင်းစင်းကြီး ... 
မနေ့က ငါပြန်ရာလမ်းပေါ်မှာ မြက်လျှောတကောင် စင်းစင်းကြီး ... 
မနေ့က ငါပြန်ရာလမ်းပေါ်မှာ မြက်လျှောတကောင် စင်းစင်းကြီး ... 

ငါပြန်လာရာ လမ်းမပေါ်မှာ မနေ့က မြက်လျှောတကောင် စင်းစင်းကြီး ...။ သူ့အနားမှာတော့ မြွေပွေးအရေခွံနဲ့ ...။ တော်သေးတာပေါ့ ... ငါဟာ လျှာ နှစ်ခွလောက် စိတ်ဝင်စားတာ ...။ 

 မနေ့က ငါပြန်ရာလမ်းပေါ်က မြက်လျှောတကောင်ဟာ တွင်းအောင်းများလို့ လ,ပူစာလှုံနေတာပဲ ဖြစ်မယ် ...။ ။ 

ဆောင်းလူ 
စက်တင်ဘာ ၂၄၊ ၂၀၁၃ 


 

No comments: