Monday, September 30, 2013

ဒီမိုကရေစီပျိုးပင် (၄) - ညီစောလွင်

တရားဥပဒေ စိုးမိုးတဲ့နိုင်ငံ (Rechtsstaat) တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီရဲ့ ပေါ်လစ်ဗျူရိုဟောင်း ဘိုရှီလိုင်ကို ခုံရုံးတင်တဲ့အမှုဟာ ကမ္ဘာ့မီဒီယာတွေမှာ ထိပ်တန်းသတင်းဖြစ်ခဲ့တယ်။ သမ္မတ ရှီဂျင်းပင် ဦးဆောင်တဲ့ အစိုးရတက်လာတဲ့နောက်ပိုင်း တရုတ်နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတဲ့အသံတွေကို ပိုလို့ ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေနဲ့ ထိပ်တန်းအရာရှိတွေကို ခုံရုံးတင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေချနေတာ တွေ့လာရတယ်။ ဆိုလိုတာက ဒီနေ့ ခေတ်မှာ နိုင်ငံရေးစနစ်နဲ့ပတ်သက်လို့၊ ဒီမိုကရေစီနဲ့ ပတ်သက်လို့ မူကွဲမျိုးစုံ၊ စီးပွားရေးစနစ်နဲ့ပတ်သက်လို့ မူကွဲမျိုးစုံ ရှိနေပေမယ့် တရားဥပဒေ စိုးမိုးရေး အယူအဆကို ဆန့်ကျင်ပြီး ငြင်းချက်ထုတ်မယ့် နိုင်ငံရယ်လို့ မရှိသလောက်ပါပဲ။

တရားဥပဒေ စိုးမိုးရေးနဲ့ လစ်ဘရယ် ဒီမိုကရေစီကို ခွဲခြားလို့မရပါဘူး။ တရားဥပဒေ စိုးမိုးရေးဟာ လစ်ဘရယ် ဒီမိုကရေစီမှာ အရေးကြီးတဲ့ တဦးချင်းအခွင့်အရေး (individual rights) ကို အာမခံပေးနိုင်တယ်။ ရင့်ကျက်တဲ့ ဒီမိုကရေစီအဆင့်ကို တက်လှမ်းနိုင်ဖို့ ဆိုရင် အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လိုအပ်တဲ့ လွတ်လပ်မှုအတိုင်းအတာကို တရားဥပဒေနဲ့ အာမခံရတယ်။ အရေးပါတဲ့အုပ်စုတွေအားလုံး (အထူးသဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစိုးရ၊ နိုင်ငံတော် ယန္တရားတွေ အားလုံး) ဟာ တရားဥပဒေနဲ့ လိုက်နာဆောင်ရွက်ရတယ်။


တရားဥပဒေ စိုးမိုးရေးအတွက် အရေးကြီးတာက အပိုင်း(၁)မှာ တင်ပြခဲ့တဲ့အတိုင်း မူဘောင် လုပ်ထုံးလုပ်နည်းတွေအပေါ်မှာ ယုံကြည်မှုရှိတဲ့ စိတ်ဓာတ် (Constitutionalism) အသက်ဝင်နေဖို့ပါပဲ။ ဒီနေရာမှာ Constitutionalism ဆိုတာကို လူများတရားနိုင်ဝါဒ Majoritarianism နဲ့ ခွဲခွဲခြားခြား မြင်ဖို့လည်း လိုပါတယ်။ အစိုးရအနေနဲ့ အများညီတိုင်း ဤ ကို ကျွဲ မလုပ်ဘူးဆိုတဲ့ ကျင့်ဝတ်စောင့်ထိန်းမှုလည်း လိုအပ်ပါတယ်။ အများစုဆန္ဒနဲ့ ဆုံးဖြတ်တယ်ဆိုတဲ့ကိစ္စကို မလုပ်ရင်မဖြစ်တဲ့ကိစ္စတွေမှာလောက်ပဲ အသုံးပြုတာမျိုး၊ ခြွင်းချက်ပဲ ဖြစ်သင့်တယ်

တရားဥပဒေ စိုးမိုးရေးမှာ နောက်ထပ်လိုအပ်ချက်ကတော့ တိတိပပရှိတဲ့ အဆင့်ဆင့်သော ဥပဒေတွေ၊ နည်းဥပဒေတွေပါပဲ။ ဒီဥပဒေတွေကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့ တရားရေးစနစ်ဟာ လွတ်လပ်နေဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ပြည်သူတွေကလည်း တရားရေးစနစ်ကို ယုံယုံကြည်ကြည်နဲ့ လိုလိုချင်ချင် နာခံမယ့် ယဉ်ကျေးမှု ထွန်းကားလာလိမ့်မယ်။ ဒါတွေ အားလုံး အပြိုင်ရှင်သန်နေမှပဲ တရားဥပဒေစိုးမိုးရေးဆိုတာ အသက်ဝင်မှာ ဖြစ်ပါတယ်။ တရားဥပဒေစိုမိုးမှု သမိုင်းကြောင်းကို ပြန်ကောက်ရရင် ဥရောပတိုက်ကြီးမှာ ဒီမိုကရေစီ အပြည့်အဝ မပေါ်ထွန်းခင်ကတည်းက တရားဥပဒေစိုးမိုးတဲ့ နိုင်ငံတွေ (Rechtsstaat) တွေ အရင် ပေါ်ထွန်းခဲ့တယ်။ အဲဒီကာလအတွင်း အာရှမှာတော့ ဂျပန်ဟာ အတိုင်းအတာတခုအထိ တရားဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံဖြစ်ခဲ့တယ်။ ၁၉ ရာစု လစ်ဘရယ်ဝါဒမှာ တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံရယ်လို့ ပေါ်ပေါက်လာတာ ထူးခြားတဲ့ အောင်မြင်မှု တရပ်လို့ ဆိုနိုင်ပါတယ်။ အနှစ်သာရကတော့ အစိုးရနဲ့ နိုင်ငံတော် ယန္တရားတွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို လိုရင် လိုသလို လုပ်လို့မရအောင် ဥပဒေနဲ့ ဘောင်သတ်ထားခဲ့တယ်။ အရပ်သားတွေမှာလည်း နိုင်ငံတော်နဲ့ အစိုးရ အာဏာပိုင်တွေကို ရင်ဆိုင်ရတဲ့အခါမျိုးမှာ တရားဥပဒေ ရှေ့မှောက်မှာ (တရားရုံးတွေမှာ) မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိခဲ့တယ်။

ဒီဘက်ခေတ်မှာ ဒီမိုကရေစီထွန်းကားဖို့ဆိုရင် တရားဥပဒေစိုးမိုးရေးဟာ အခြေခံကျတဲ့ အုတ်မြစ်ပါပဲ။ ဒီမိုကရေစီ ရင့်ကျက်ခိုင်မာလာဖို့ တည်ဆောက်တဲ့နေရာမှာ တရားဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံဖြစ်ဖို့က အသက်တမျှ အရေးကြီးလှတယ်။ တရားဥပဒေစိုးမိုးရေးသာမရှိရင် ပြည်သူတွေဟာ သူတို့ရဲ့ နိုင်ငံရေး အခွင့်အရေးတွေကို အပြည့်အဝ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်မှာမဟုတ်ပါဘူး။ ရွေးကောက်ပွဲနဲ့ အစိုးရကို တင်နိုင်တာနဲ့ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဖြစ်လာမယ်လို့ စိတ်ချထားလို့ မဖြစ်ပါဘူး။ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရတွေရဲ့ လုပ်ပိုင်ခွင့် တာဝန်တွေ၊ လုပ်ထုံးလုပ်နည်းတွေကို တရားဥပဒေစိုးမိုးမှု မူဘောင်ထဲက ထိန်းကြောင်းထားဖို့ လိုတယ်။ ဒီလို ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကလည်း ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ၊ ပြည်သူလူထုက လိုက်ပါဆောင်ရွက်နိုင်တဲ့ မူဘောင်တွေ၊ လုပ်ထုံးလုပ်နည်းတွေ ဖြစ်ဖို့ လိုပါတယ်။

စောစောက တင်ပြခဲ့တဲ့ လူများ တရားနိုင် (Majoritarianism) ဝါဒကို ပြန်ကောက်ရရင် စည်းမျဉ်းစည်းကမ်းတွေဟာ တရားမျှတမှုအပိုင်းမှာ အားနည်းနေမယ်။ နိုင်ငံသားတွေ တော်တော်များများက လက်မခံနိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေဖြစ်နေပြီး ဒီမိုကရေစီနည်းလမ်းအရ ပြောင်းလဲဖို့ ခက်ခဲနေမယ်ဆိုရင် အန္တရာယ်တရပ်ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေအရ ရွေးကောက်ပွဲမှာ ၅၀ ရာခိုင်နှုန်းတောင် မပြည့်တတ်တဲ့ မဲပမာဏနဲ့အနိုင်ရတဲ့ ပါတီတရပ်က ပါလီမန်မှာ ၈၀ ရာခိုင်နှုန်း စိုးမိုးခွင့်ရတဲ့ ဥပဒေမျိုး ဖြစ်နေတာမျိုးပါ။ ဒီလိုပဲ ဝါဒတရပ်၊ အယူအဆ တရပ်အပေါ် အလွန်အကျွံ အခြေပြု ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ဟာ ပြင်ဆင်နိုင်ဖို့ မဖြစ်နိုင်လောက်အောင် ခက်ခဲနေတဲ့ အခြေအနေမျိုးပါ။ 

ဒီလိုဆိုရင် ဒီမိုကရေစီ ရင့်ကျက်ခိုင်မာရေးအတွက် ဘယ်လိုမှ အထောက်အကူမဖြစ်နိုင်ဘဲ အဟန့်အတားဖြစ်နေပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ အရေးကြီးတဲ့အချက်က တဦးတည်းသော ခေါင်းဆောင်ရဲ့ လုပ်ပိုင်ခွင့်ဟာ (ဒီမိုကရေစီ နည်းလမ်းအရ ပေးထားတာပဲ ဖြစ်ဖြစ်) ဥပဒေပြုရေး၊ တရားရုံးတွ၊ ဖွဲ့စည်းပုံဆိုင်ရာ အကန့်အသတ်ဘောင်တွေကို ကျော်လွန်နေရင် တရားဥပဒေ စိုးမိုးရေး အယူအဆနဲ့ လွဲချော်ပါတယ်။ ဒီလို ရေခံ မြေခံမျိုးမှာ တရားဝင်နည်းနဲ့ဖြစ်စေ၊ တရားမဝင်နည်းနဲ့ဖြစ်စေ ရှိနေရင် ဒီမိုကရေစီ ရင့်ကျက်ခိုင်မာလာဖို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံတော်ရဲ့ အင်စတီကျူးရှင်းတွေ အားလုံးအပေါ်မှာ တရားဥပဒေ စိုးမိုးမှုရှိလေလေ၊ ဒီမိုကရေစီ ရေချိန်မြင့်ပြီး လူ့အဖွဲ့အစည်းအတွက် ပိုပြီးအကျိုးရှိလေလေပါပဲ။ တရားရေးစနစ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေက တရားရုံးတွေ၊ ရှေ့နေ၊ ရဲတွေဟာ မျှတဖို့လိုသလို အရည်အချင်း ရှိဖို့၊ ကျွမ်းကျင်ဖို့ လိုပါတယ်။ တရားသူကြီးတွေဟာ လွတ်လပ်ပြီး အမှီအခိုကင်းဖို့ လိုပါတယ်။ နိုင်ငံရေးစနစ်ရဲ့ လွှမ်းမိုးခံ၊ အသုံးချခံမဖြစ်ဖို့ လိုပါတယ်။

ဒီလိုပဲ ဈေးကွက်စီးပွားရေးမှာလည်း ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခွင့်၊ စာချုပ်စာတမ်းတွေဟာ တရားဥပဒေအပေါ် အခြေခံရသလို မျှတတဲ့ ၏စီရင်ဆုံးဖြတ်မှုကို ခံယူဖို့ကလည်း အရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့ စီးပွားရေး အင်စတီကျူးရှင်းတွေမှာ အရေးကြီးတဲ့ ကုမ္ပဏီတွေ၊ ဘဏ်တွေ၊ အလုပ်သမားသမဂ္ဂတွေဟာ ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ စီးပွားရေးမှာ အစိုးရရဲ့ အခန်းကဏ္ဍတွေဖြစ်တဲ့ အခွန်စနစ်၊ ငွေကြေးမူဝါဒတွေမှာလည်း တရားဥပဒေ စိုးမိုးမှုမရှိရင် မျှတဖို့ မဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီတည်ဆောက်ရေးမှာ အဂတိလိုက်စားမှုနဲ့ ဒုစရိုက်မှုဆိုတဲ့ အရေးကြီးတဲ့ အန္တရာယ်နှစ်ရပ် ရှိတယ်။ ဒီအန္တရာယ်နှစ်ရပ်ကို ဖြေရှင်းပေးနိုင်တာကလည်း တရားဥပဒေ စိုးမိုးရေးပါပဲ။

တရားဥပဒေစိုးမိုးရေးမှာ အရေးကြီးတဲ့ ရန်သူကတော့ မတရားတဲ့ ဥပဒေ (Bad Law) တွေပါပဲ။ တရားရေးစနစ် ပြုပြင်ပြောင်းလဲရေးမှာ အဓိက အဟန့်အတားဟာ တခြားအရာတွေထက် နိုင်ငံရေးဆန္ဒနဲ့ လူတွေပါပဲ။ တနည်းအားဖြင့် အစိုးရ ခေါင်းဆောင်တွေ ကိုယ်တိုင်က တရားဥပဒေရဲ့ အဆုံးအဖြတ်ကို လက်ခံဖို့ငြင်းဆန်တာ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေမှာ အဓိက တွေ့ရတာက ဥပဒေတွေ ရှိသလောက်ရှိပေမယ့် အစိုးရက ဥပဒေကို လိုက်နာမှုအပိုင်းကိုတော့ မလေးထားလေ့ မရှိပါဘူး။ အာရှသား နိုင်ငံရေးသမားတွေက ဥပဒေဆိုတာ အစိုးရရဲ့လုပ်ငန်းတွေ အဆင်ပြေဖို့ ပြဌာန်းထားတာ၊ အစိုးရရဲ့အာဏာကို ကန့်သတ်ဖို့ ပြဌာန်းထားတာ မဟုတ်ဘူးလို့ မြင်ကြတယ်။ 

တနည်းအားဖြင့် ပြောရရင် Rule of Law တရားဥပဒေစိုးမိုးမှုမဟုတ်ဘဲ Rule by law တရားဥပဒေကို သုံးပြီး အုပ်ချုပ်တာမျိုး ဖြစ်နေတာပါ၊ ဒီလို ကျဉ်းမြောင်းတဲ့ အယူအဆအပေါ်မှာ အခြေခံပြီး တချို့ နိုင်ငံ့ခေါင်းဆောင်တွေက အာရှဒီမိုကရေစီ (Asian-style democracy) လို့တောင် သုံးနှုန်းနေတာ ရှိပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ အာရှအစိုးရတွေ (မလေးရှား၊ ထိုင်ဝမ်၊ တရုတ်၊ ဗီယက်နမ်) တို့မှာ ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြုပြင်တာရှိပေမယ့် အစိုးရကို တရားဥပဒေစိုးမိုးမှုအောက် သွတ်သွင်းဖို့အထိ ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ရမယ့် အပိုင်းကိုတော့ ချန်လှပ်ထားတုန်းပါပဲ။ အဂတိ လိုက်စားမှုတွေ၊ တရားဥပဒေကို ဘယ်တုန်းကမှ အလေးမထားတဲ့၊ အပြစ်ကျူးလွန်ပေမယ့် ဥပဒေအတိုင်း အရေးယူမခံရတဲ့ အခွင့်ထူးခံတွေ ကြီးစိုးထားတဲ့ လူ့အဖွဲ့အစည်းမှာ တရားဥပဒေ စိုးမိုးရေးဆိုတာကို တော်ရုံတန်ရုံ ဖိအားပေးရုံလောက်နဲ့ ပေါ်ပေါက်လာဖို့ဆိုတာ ထင်သလောက် မလွယ်ကူတတ်ပါဘူး။           ။



 

 

No comments: