Wednesday, September 25, 2013

နိုင်ငံရေး ယဉ်ကျေးမှုသစ်၊ သမ္မတကြီး တကယ်ခြစ်မှာလား (ဟံသာဝတီ ဦးဝင်းတင်)

ကျုပ်တို့ရဲ့ သမ္မတကြီး ဦးသိန်းစိန် ကတော့ တသိမ့်သိမ့် တစိမ့်စိမ့်သမားဗျ။ မနေ့တစ်နေ့က သူ့ရဲ့လစဉ် ရေဒီယို မိန့်ခွန်း အသံလွှင့်တယ်။ နိုင်ငံရေး ယဉ်ကျေးမှုသစ်ဆိုတဲ့ စကားလုံးကို တစ်ပြည်လုံးကြားအောင် ရေဒီယိုက အော်သွားသဗျ။ ကောင်းလှပါတယ်ဗျာ။ ကျုပ်ကတော့ ထောက်ခံဆွေးနွေးချင်သဗျ။ (လွှတ်တော်ထဲက ကြံ့ဖွံ့အမတ်တွေရဲ့ အဆိုအမိန့်တွေကို ဒီချုပ်အမတ်တွေ ထောက်ခံဆွေးနွေးကြသလိုပေါ့။) ကျုပ်ကလည်း အိုနာယိုင်လှုပ် ဒီချုပ် မဟုတ်လား။ သေငယ်ဇောမြောနေတဲ့ ဒီချုပ်ပေါ့ဗျာ။ 

တသိမ့်သိမ့် တစိမ့်စိမ့်လို့ ပြောခဲ့တဲ့စကား ဆက်ရပါဦးမယ်။ သမ္မတကြီးက သိန်းရာကနေ သိမ့်၊ စိန်ရာကနေ စိမ့်လို့ သိမ့်သိမ့်စိမ့်စိမ့် လုပ်နေတယ်ပြောတာ မဟုတ်ပါဘူး။ တကယ်ကို သိမ့်သိမ့်ကလေးနဲ့ စိမ့်စိမ့်ပြီး၊ စိမ့်စိမ့်ကလေးနဲ့ သိမ့်သိမ့်နေတဲ့ ပုဂ္ဂိုလ်ကြီးလို့ မွှမ်းတာပါ။ (တကယ် မုဒိတာနဲ့ မွှမ်းတာနော်။ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ။ တော်ကြာ သမ္မတကြီးက စာနယ်ဇင်းကောင်စီကို ပေးသနားတော်မူရသလို ကျုပ်ကို သိန်းငါးရာကြီးများတောင် ပေးသနားတော်မူရင် ကျုပ်ခမျာ ခွေးခေါင်း ဆင်မချီနိုင် ဖြစ်နေပါဦးမယ်ဗျာ။) 


ဒီလိုဗျ။ သမ္မတကြီးပြောတဲ့ `သဘောထား မတူညီသူများ အတူလက်တွဲ လုပ်ဆောင်နိုင်တယ်´ ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်ဟာတဲ့။ မိမိ ဦးသိန်းစိန်တို့ နိုင်ငံရေးဖြစ်စဉ်မှာတဲ့။ ယခင်ကတဲ့။ မရှိဖူးသေးဘူးတဲ့။ `၈၈ ခုနှစ် လူထုလှုပ်ရှားမှု နှစ်ဆယ့်ငါးနှစ်ပြည့် အခမ်းအနားဟာတဲ့´။ အဲဒီအခန်းအနား ကျင်းပနိုင်တာဟာ´တဲ့။ နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကို တတ်လှမ်းနိုင်တာဖြစ်ပါတယ်´ တဲ့။ `ဒီလိုတတ်လှမ်းနိုင်တာကို´တဲ့။`ကျွန်တော့်အနေနဲ့´ တဲ့။ `အသိမှတ်ပြု အလေးထားတယ်´ တဲ့။ 

ကျုပ် မူရင်းမိန့်ခွန်း မဖတ်ရခင် ဂျာနယ်တွေ ဖတ်ရတယ်။ သတင်းထောက်တွေ ရှော်သဗျာ။ ဂျာနယ် သတင်းတွေအရ သမ္မတကြီးက ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားလို့ မိန့်ကြားတော်မူသတဲ့။ သမ္မတကြီးက `အရေးတော်ပုံ´ ဆိုမှတော့ ဘယ်အောက်ခြေငနဲက `အယုံတော်ပေး´ မလုပ်ဘဲ နေဝံ့တော့မှာလဲ။ နားစွန်နားဖျားကြားတာကတော့ အရေးတော်ပုံကြီးဟာ ကံသီလို့ တစ်ကျော့ပြန် မကျဆုံးပြန်တာ ဆိုပါကလား။ ငွေရတုမှာ သေလုနီးပါး အဖြစ်ဆိုးခဲ့သေးသတဲ့ဗျ။ အာဏာပိုင်တွေ (အာဏာရှင်တွေ မဟုတ်ဘူးနော်) က အရေးတော်ပုံ စကားလုံးမသုံးရ လုပ်ကြသေးတာတဲ့။ မျိုးဆက်သစ်တွေက အရေးတော်မပုံရရင် အယုံတော်မပေးဘူးဗျို့လို့ တစ်ကိုယ်တော်ဆိုလား၊ ကိုယ်တစ်ဝက်ဆိုလား၊ ဆန္ဒဖော်မယ်ဆိုလား။ လန်ကွတ်တီ လျှော်မယ်ဆိုလား။ ဘာလား ညာလား။ အဲဒီလို ရာဇသံပေးမှပဲ … ဟာ ရောကုန်ပြီဗျာ။ ကျုပ်ခမျာလည်း အမေ့မေ့ အလျော့လျော့ ဘာတွေကြားမှန်း မသိ။ ဖြစ်ရလေချင်းပေါ့ဗျာ။ 

ထားပါတော့။ ဒီနိုင်ငံရေးစကားလုံးက အရေးတော်ပုံနဲ့ ဖွားဖက်တော်ဗျ။ အရေးတော်ပုံကာလမှာ ကျုပ်တို့ ဂျေအေစီ (JAC-Joing Action Committee) တွေ လုပ်ကြတယ်။ နိုင်ငံရေး အမြင်မတူသူတွေ `တူတာတွဲလုပ်။ မတူတာခွဲလုပ်´ ဆိုတဲ့ မူပေါ်မှာ ရပ်တည်ပြီး နိုင်ငံရေး လက်တွဲခဲ့ကြတာပေါ့။ 

သမ္မကြီးက ၂၀၁၁ လောက်မှာ `တူတာတွေရှာလုပ်ကြတာပေါ့။ မတူတာတွေ ခွာဖြုတ်´ ဆိုတဲ့ စကားလုံး သုံးခဲ့သဗျ။ အဲဒီကာလမှာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တယ်။ တခြားနိုင်ငံရေး ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ တွေ့တယ်။ တူတာတွေ ရှာလုပ်ကြတယ်။ မတူတာတွေ ခွာဖြုတ် (ချန်ထား) ကြတယ်။ ခေတ်အခါက အာဏာရှင် အစိုးရ အမွေခံ ဦးသိန်းစိန် အစိုးရနဲ့ ဒီမိုကရေစီ အင်အားစုတွေအကြားမှာ မတူတာတွေ များတယ်လေ။ ဒီတော့ မတူတာတွေ၊ ကွဲပြားတာတွေ၊ ခြားနားတာတွေ အများကြီး၊ အားကြီး များလာတယ်။ စုပုံအောလိုက်တော့ တိုင်းပြည်မှာ နိုင်ငံရေးပြဿနာ အမှိုက်ပုံကြီး ပေါ်တော်မူလာတော့တာပေါ့။ 

ဒါပါပဲ။ အဲဒီ နိုင်ငံရေးယဉ်ကျေးမှုသစ်ဆိုတာကြီး ဆိုတာကြီးက `မိမိတို့ နိုင်ငံရေးဖြစ်စဉ်မှာ ယခင်ကာလ မရှိဖူးသေးတဲ့ကိစ္စ´ ဆိုတာ မဟုတ်ပါဘူး။ ရှစ်လေးလုံးမတိုင်ခင် လက်ဝဲသမားတွေ နိုင်ငံရေး အလုပ်ရှုပ်ကြတဲ့ ခေတ်ကလည်း ဒီကိစ္စ ရှိခဲ့တာပါပဲ။ (စစ်အာဏာနိုင်ငံရေး ဖြစ်စဉ်မှာတော့ ရှိချင်မှ ရှိပေလိမ့်မပေါ့။) 

စကားစပ်လို့ ပြောလိုက်ရဦးမယ်။ ဒီနိုင်ငံရေး ယဉ်ကျေးမှုဆိုတဲ့ စကားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်သုံးသွားတဲ့ စကားလုံးဗျ။ ဒီချုပ်ညီလာခံတွေ လုပ်ဖို့ပြင်နေတဲ့ အချိန်ကဗျ။ ၂၀၁၀ မှာ ပါတီဖျက်သိမ်းခံထားရလို့ အောက်ခြေအဆင့်ဆင့်မှာ ခေါင်းဆောင်စုတွေ မရှိဘူးဗျ။ ဒီအချိန်မှာ ညီလာခံကျင်းပရေး ကော်မရှင်တွေ ဖွဲ့ဖို့ ကိစ္စပေါ်လာတယ်။ ခက်တာက ကော်မရှင်တွေမှာ နိုင်ငံရေး ကျောထောက်နောက်ခံ အင်အား မရှိဘူးဗျ။ မြို့နယ်၊ တိုင်း၊ ပြည်နယ် ခေါင်းဆောင်စုတွေ မရှိဘူးဗျ။ ဒီလိုဆိုရင် ကော်မရှင်တွေ ခရီးမပေါက်နိုင်ဘူး။ ဒါကြောင့် ကော်မရှင်တွေကို တွေ့-ညှိ-ရှင်း လုပ်ပိုင်ခွင့်ပေးရမယ်။ (တွေ့ဆုံ-ညှိနှိုင်း-ဖြေရှင်း ဆိုတဲ့ လုပ်ပိုင်ခွင့်) ပေးမှ ဖြစ်မယ်လို့ ဆွေးနွေးတယ်။ ဥက္ကဋ္ဌက သဘောတူတယ်။ ဒါကို နိုင်ငံရေး ယဉ်ကျေးမှုလို့ ဒေါ်အောင်ဆန်းစုကြည်က ခေါ်ခဲ့တယ်။ ဒီယဉ်ကျေးမှု မြန်မာမှာ ထွန်းကားအောင် လုပ်ရမယ်လို့ ပြောခဲ့တယ်။ 

ဘယ်သူတွေ ဘယ်နိုင်ငံရေး စကားလုံးကို ဘယ်တုန်းက သုံးတယ်ဆိုတာ အရေးမကြီးဘူး။ အဲဒီအသုံးအနှုန်း၊ နိုင်ငံရေးခွင်မှာ ခေတ်စားတွင်ကျယ် အသုံးနယ်ချဲ့နိုင်ဖို့ပဲ အရေးကြီးပါတယ်။ 

ဘာပဲပြောပြောဗျာ။ သမ္မတကြီးကိုယ်တိုင်က အခုလို နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ဇာတ်သွင်းဖော်ထုတ် `နိုင်ငံရေး လူတစ်လုံး သူတစ်လုံး´ လုပ်လိုက်တာကိုတော့ ကျုပ်လို နိုင်ငံရေး `အ´ သုံးလုံးမျိုးက အများကြီး အားကြီး အာရီးပတ်တို (ကျေးဇူးကမ္ဘာ)ပါဗျာ။ 

ကျုပ်ခမျာလည်း သေခါနီးမှ တရားရှာတုန်း။ ဒီတော့ ဝီစိကိစ္ဆာ သံသယတွေက ပွားတတ်သဗျ။ သမ္မတကြီးကို မယုံလို့တော့ မဟုတ်ပါဘူး။ အလွန်ယုံသမို့ မစူးမိ မစမ်းမိ ဖြစ်မှာစိုးလို့။ တစ်ခုလေး မေးပါရစေ။ ဒီယဉ်ကျေးမှုသစ်ကို သမ္မတကြီး တကယ်ခြစ်မှာလား။ ကမ္ဘာ့ ဘောလုံးလောကမှာ ခေတ်စားနေတဲ့ အမှန်ကလေး()လိုမျိုး တကယ့်ကို ခြစ်မှာလားလို့ မေးစမ်းပါရစေ ခင်ဗျား။          ။ 

ဟံသာဝတီ ဦးဝင်းတင် 

ဒီလှိုင်းဂျာနယ်၊ အတွဲ(၂) အမှတ်(၃၅)


 

No comments: