Wednesday, September 17, 2014

အကျဉ်းသားတွေကို ဖိနှိပ်ရာမှာ ကင်ပေတိုင်က အဘခေါ်ရတဲ့ ထောင်ပိုင်ကြီး ဘယ်ရောက်နေသလဲ (ဇော်သက်ထွေး)

ကျွန်တော့်ဘဝတစ်လျှောက် ထောင်ထဲမှာ ၁၁ နှစ်နေထိုင်ခဲ့ပြီး ထောင် ၃ ထောင်မှာနေထိုင်ခဲ့ရပေမယ့် အရမ်းဆိုးဝါးတဲ့ ထောင်ပိုင်နဲ့တော့ မကြုံခဲ့ရပါဘူး။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းတွေ တစ်သက်လုံးမမေ့နိုင်အောင် အကျဉ်းသားတွေအပေါ်မှာ ရက်ရက်စက်စက်ဖိနှိပ်ခဲ့တဲ့ ထောင်ပိုင်ကြီးတစ်ဦးကတော့ မြန်မာနိုင်ငံရဲ့သမိုင်းမှာ အမှန်တကယ် ရှိနေခဲ့ပါတယ်။ 

အဲဒီထောင်ပိုင်ကြီးက “ရဲဘက်အကျဉ်းသားတစ်ယောက်ရဲ့တန်ဖိုးဟာ လျှောက်လွှာစက္ကူ နှစ်ရွက်စာပဲရှိတယ်”လို့ မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိပါတယ်။ သူတာဝန်ယူတဲ့ ထောင်တိုင်းမှာ သူ့ရဲ့ကြွေးကြော်သံက “ထောင်ထဲမှာ ဝဖြိုးသောအကျဉ်းသား မရှိစေရ”လို့ ဆိုပါတယ်။ ဒီထောင်ပိုင်ဟာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နိုင်ငံတော်အာဏာကိုယူပြီးချိန်မှာ တပ်မတော်ကနေ ဗိုလ်ကြီးအဆင့်နဲ့ ရာထူးတစ်ဆင့်တိုးပြီး အကျဉ်းဦးစီးဌာနကို ပြောင်းရွှေ့လာပါတယ်။ သူ့ကို မြန်မာနဲ့ အိန္ဒိယနယ်စပ်ဒေသမှာရှိတဲ့ ကဘော်ချိုင့်ဝှမ်းက ရဲဘက်အကျဉ်းစခန်းကို အုပ်ချုပ်ဖို့ စတင်တာဝန်ပေးခဲ့ပါတယ်။ ဒီရဲဘက်စခန်းမှာ အကျဉ်းသားတွေကို လူမဆန်အောင် နှိပ်ကွပ်ခိုင်းစေခဲ့တဲ့အတွက် ပြည်ထဲရေးဝန်ကြီးက သဘောကျပြီး ထောင်ပိုင်ကြီးအဆင့် ရာထူးကိုတိုးပေးပြီး သရက်ထောင်ကို အပိုင်စားစေခဲ့ပါတယ်။ 


သရက်ထောင်ကနေ မြင်းခြံထောင်ပိုင်ဖြစ်၊ မြင်းခြံထောင်ပိုင်ကနေ တောင်ကြီး တောင်လေးလုံး ထောင်ပိုင်ဖြစ်တော့ သူ့ရဲ့လက်စွမ်းကတော့ ဂျပန်ခေတ် ကင်ပေတိုင်တွေကတောင် အဘခေါ်ရလောက်ပါတယ်။ တောင်လေးလုံးထောင်မှာ အကျဉ်းသားအားလုံးကို တန်းစီစေပြီး လူတစ်ယောက် စောင်တစ်ထည်၊ ပုံစံနှစ်စုံ၊ သောက်ရေခွက်တစ်လုံး၊ ပန်းကန်တစ်ချပ်နဲ့ ရေချိုးခွက်တစ်ခုကလွဲပြီး ကျန်တဲ့ပစ္စည်းအားလုံးကို သိမ်းစေခဲ့ပါတယ်။ အကျဉ်းသားအားလုံး အတွင်းခံ မဝတ်ရဘူးလို့လည်း အမိန့်ထုတ်ပြီး အားကစားလုပ်တဲ့ ဖိနပ်တွေ၊ ဘောင်းဘီတွေကအစ မရှိစေရပါဘူး။ 

ထောင်ထဲမှာ ထောင်ကျအကျဉ်းသားအားလုံးကို လမ်းခင်းဖို့အတွက် ကျောက်ထုခိုင်းပြီး ကျောက်ထုတဲ့ လက်နက်ကိရိယာတွေ မပြည့်စုံတဲ့အတွက် ကျောက်ခဲ ကျောက်ခဲခြင်းထုပြီး လူတစ်ယောက် မဆလာသယ်တဲ့ ဒယ်နဲ့ တစ်နေ့ ၃ ဒယ် ထုတ်လုပ်ပေးခဲ့ရပါတယ်။ ကျောက်ခဲထုရင်း လက်ကြေသွားတဲ့သူတွေ၊ မျက်လုံးထဲ ကျောက်ခဲစဝင်တဲ့သူတွေရှိခဲ့ပေမယ့် ထောင်ပိုင် စိတ်ဆိုးမှာစိုးလို့ ဇာမချဲ့ရဲခဲ့ပါဘူး။ ခွဲစရာမရှိတဲ့အချိန်တွေမှာ စပါးလှေ့တာနဲ့ ပြောင်းဖူးချွေတဲ့အလုပ်တွေကို မနက် ၆ နာရီကနေ ညနေ ၅ နာရီအထိ ခိုင်းစေခဲ့ပါတယ်။ 

ထမင်းစားတဲ့အချိန်မှာ မီးဖိုကြီးက ဖိုခေါင်းလို့ခေါ်တဲ့ နာမည်ကြီး မူးယစ်ဆေးဘုရင် အာစီဒိုင်း ဦးဆောင်တဲ့ အကျဉ်းသားတွေ လက်နဲ့ဆုပ်ပေးတဲ့ ထမင်းကိုသာယူရပြီး ဘေးကို ထမင်းတစ်စေ့ဖိတ်ရင် ရာဘာတုတ်နဲ့ ဘေးကြယ်ကြီး ဦးလှမြင့်က တစ်ချက်ရိုက်ပါတယ်။ ထမင်းက ဒီအတိုင်းစားလို့မရဘဲ ထမင်းဇလုံထဲကို ရေလောင်းချ မွှေပြီးမှ အပေါ်ယံ ထမင်းကို အသာကဲ့ယူရပါတယ်။ ဒါမှ ဇလုံထဲမှာ ခဲနဲ့သဲတွေ ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ အစာရေစာ မဝတဲ့အတွက် အကျဉ်းသားတွေဟာ ထောင်ထဲမှာရှိတဲ့ ရွက်လှပန်းပင်က အရွက်တွေကအစ အလွတ်မပေးဘဲ စားသောက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ငတ်တလှည့်၊ ပြတ်တလှည့်ဖြစ်နေတဲ့ အကျဉ်းသားအချင်းချင်း ညှိနှိုင်းပြီး ဆေးပင်စိုက်မယ်လို့ အကြောင်းပြကာ ဆေးမြင်းခွာတွေ စိုက်ပြီး စားခဲ့ရပါတယ်။ 

ထောင်ထဲမှာ တိုင်းရင်းဆေးထုတ်လုပ်တဲ့လုပ်ငန်းရှိပြီး လိုအပ်တဲ့ပစ္စည်းတွေကို အကျဉ်းသားတွေက ကိုယ့်ငွေနဲ့ကိုယ် ဝယ်ယူပြီး ဆေးဖော်ရပါတယ်။ ဒီဆေးပုလင်းတွေကိုတော့ ထောင်ပိုင်ကြီးက တောင်ကြီးမြို့ပေါ်မှာ ရောင်းချပါတယ်။ အကျဉ်းသားတွေရဲ့ ထောင်ဝင်စာမှာ မိသားစုတွေက ငွေအပ်သွားရင် ၂၅% ကို အကျဉ်းဦးစီးဌာနက ဝန်ဆောင်စရိတ်အဖြစ် ဖြတ်ယူပါတယ်။ ထောင်ထဲမှာ အကျဉ်းသားတွေ အလုပ်မရှိဘဲထိုင်နေရင် ကြည့်မရတဲ့အတွက် အဲဒီ့ထောင်ပိုင်ကြီးက စားဖိုဆောင်ဘေးမှာ ပေ ၈၀၊ ပေ ၄၀ အမှိုက်ကျင်းကြီးကို တူးခိုင်းပါတယ်။ အဲဒီ့အချိန်က မြေကြီးတူးတဲ့အထဲမှာ ဗိုလ်ချုပ်နေဝင်းမြေးတွေရဲ့ ကိုယ်ရံတော်တပ်က ထောင်ကျနေတဲ့သူတွေရော၊ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေးတပ်ကသူတွေရော မလွတ်ခဲ့ပါဘူး။ အဲဒီ့ကျင်းထဲက မြေကြီးတွေကို ထောင်ကျဆောင်ဘက် ပုံခိုင်းပြီး နောက်တစ်နေ့မှာ အဲဒီ့ကျင်းကြီးကို နဂိုအတိုင်းဖြစ်ဖို့ မြေကြီးတွေပြန်သယ်ပြီး ဖို့ပေးရပါတယ်။ 

ထောင်ထဲက အကျဉ်းသားတွေ အကြောက်ဆုံးအရာကတော့ ချစ်စနိုး အမည်ပေးထားတဲ့ “မဲလုံး” နဲ့ “ချစ်ကိုကို” ဖြစ်ပါတယ်။ မဲလုံးဆိုတာ သံဆူးကြိုးနဲ့ ငုံထားတဲ့ မိလ္လာစဥ့်အိုးကြီးဖြစ်ပြီး လူနှစ်ယောက် ဝါးပိုးဝါးနဲ့ ထမ်းပြီးသယ်ရပါတယ်။ ချစ်ကိုကိုဆိုတာကတော့ လူအားနဲ့တွန်းပြီးလှိမ့်ရတဲ့ လမ်းကြိတ်စက်ဘီးကြီးကိုပြောတာ ဖြစ်ပါတယ်။ 

ထောင်ထဲမှာ လျှပ်စစ်လုပ်ငန်းနဲ့ တီဗီတွေကို ကျွမ်းကျွမ်းကျင်ကျင် ပြင်တတ်တဲ့လူတစ်ယောက် ထောင်ကျလာတော့ အဲဒီ့ထောင်ပိုင်ကြီးက သူ့အိမ်က တီဗီကို ပြင်ခိုင်းပါတယ်။ တီဗီက ကောင်းမလာဘဲ လုံးဝပျက်သွားတော့ ပြင်တဲ့လူကို စိတ်ဆိုးပြီး တိုက်ပိတ်လိုက်ပါတယ်။ အဲဒီအကျဉ်းသားက သူ့အိမ်ကို တီဗီအသစ်တစ်လုံး လှမ်းမှာပြီးပေးလိုက်မှ တိုက်ထဲက ထွက်ခွင့်ရခဲ့ပါတယ်။ 

နောက်တစ်ခုက ထောင်ထဲမှာ မကျန်းမာတဲ့သူတွေကို လုံးဝ ကြည့်မရပါဘူး။ သုံးစားမရတဲ့ ရေပေါ်ဆီတွေလို့ပြောပြီး နာတာရှည်လူနာတွေဆိုရင် ဆေးသိပ်ကုမပေးတော့ဘဲ မြန်မြန်ဇာတ်သိမ်းစေခဲ့ပါတယ်။ မမေ့နိုင်တဲ့ အဖြစ်အပျက်တစ်ခုကတော့ နာတာရှည်ရောဂါဖြစ်နေတဲ့ တရုတ်ကြီး အောင်ကျော်မြင့်က တိုက်တိုက်ဆိုင်ဆိုင် ICRC ဝင်တဲ့အချိန်မှာပဲ အသက်ကုန်သွားတယ်။ သူ့ကိုအမှုပတ်မှာစိုးတော့ တိုက် ၂ နောက်ကျောကို ကားထိုးပြီး အသက်ပျောက်နေတဲ့ အောင်ကျော်မြင့်ကိုတင်ပြီး လူနာပုံသဏ္ဍာန်ဖန်တီးကာ ဂလူးကို့စ်ပုလင်းတွေချိတ်ပြီး တောင်ကြီးဆေးရုံကို အရေးပေါ် ဆေးကုသချင်ယောင်ဆောင်ခဲ့ပါတယ်။ ပြီးမှ လမ်းခုလတ်မှာပဲ အသက်ကုန်သွားတယ်လို့ သတင်းလွှင့်လိုက်ပါတယ်။ 

တောင်လေးလုံးထောင်ရဲ့ ပတ်ပတ်လည်မှာ ထောင်ကပိုင်ဆိုင်တဲ့ လယ်မြေဧက ၅၀၀ ရှိပါတယ်။ အဲဒီ့မြေမှာ ဆေးသကြားပင်တွေကို အကြီးအကျယ်စိုက်ပျိုးတဲ့ စီမံကိန်းလုပ်တော့ ထောင်ထဲက ရဲဘက်တွေကို ထုတ်ခိုင်းခဲ့ပါတယ်။ တစ်နေ့ကို သူရည်မှန်းတဲ့ အလုပ်ပမာဏမပြီးရင် စိတ်ဆိုးလေ့ရှိပြီး သူ့ရဲ့ဝန်ထမ်းတွေကို အကျဉ်းသားတွေနဲ့ပတ်သက်ရင် “နှေးရင် ပစ်၊ မြန်ရင် ပစ်၊ ငုံ့ရင် ပစ်၊ မော့ရင် ပစ်၊ သောက်မြင်ကတ်ရင် ပစ်”လို့ အမိန့်ပေးထားပါတယ်။ ဒီစကားနဲ့ ပတ်သက်ပြီး ပိုတယ်လို့ယူဆရင် အဲဒီ့အချိန်က သူ့ရဲ့လက်အောက်မှာ အလုပ်လုပ်ခဲ့ရတဲ့ အကျဉ်းသား ရာပေါင်းများစွာကို ပြန်လည် မေးမြန်းနိုင်ပါတယ်။ 

သူ့ရဲ့ထူးခြားချက်ကတော့ အကျဉ်းသားတွေကို မရိုက်ပါနဲ့ကွာလို့ပြောလို့ ဝန်ထမ်းက မရိုက်ရင် အဲဒီ့ဝန်ထမ်းကို ထောင် ပြောင်းပစ်တယ်။ မရိုက်ပါနဲ့ဆိုပြီးတားလို့ ဝန်ထမ်းက ရိုက်ရင် အဲဒီ့ဝန်ထမ်းကို တိတ်တိတ်ကြိတ်ပြီး မုန့်ဖိုးပေးတတ်တယ်။ သူ့လက်ထက်မှာ သူ့ရဲ့လက်အောက်က အရာရှိတစ်ယောက်ရဲ့မျက်နှာကို တံတွေးနဲ့ ထွေးဖူးတယ်။ 

အကျဉ်းသားတစ်ယောက်ကို ကျွေးမွေးရမယ့် အသားတစ်ပုံစံကို ငါးပုံစံလောက်ခွဲပြီး ကျွေးမွေးခဲ့တယ်။ အဲဒီ့ ထောင်ပိုင်ကြီးဟာ အခုတော့ ငြိမ်းချမ်းစွာ ပင်စင်ယူပြီး တိုင်းပြည်ရဲ့တစ်နေရာရာမှာ အေးရာအေးကြောင်း နေထိုင်နေလောက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကင်ပေတိုင်ထက်ဆိုးတဲ့ သူ့ရဲ့ရက်စက်မှုအပေါင်းကိုတော့ ဗိုလ်ချုပ်နေဝင်းရဲ့ သနက(၄) တပ်ရင်းက ရဲဘော်တွေရော၊ ထောက်လှမ်းရေးပြုတ်တွေရော၊ ရိုးရိုးအကျဉ်းသားတွေရော၊ နိုင်ငံရေးသမားတွေရော ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။

နိုင်ငံရေးမှုနဲ့ကျတဲ့ ကျောင်းသားတချို့ကို နာမည်ခေါ်ရင် ဗျာ လို့ မထူးခိုင်းဘဲ ရှင် လို့ ထူးခိုင်းတာလည်း သူပဲဖြစ်ပါတယ်။ အခု သူ ဘယ်ကိုရောက်နေသလဲ။ ။ 

ဇော်သက်ထွေး 

(Tomorrow သတင်းဂျာနယ် အမှတ် (၂၈) ပါ ဆောင်းပါး) 

 

No comments: