ထင်တော့ ထင်ပါတယ်... ပြောချင်တာ တခြား နားလည်တာ တခြား ဖြစ်တော့မယ်လို့...။ အူလဒူတွေ... တယ်လနော.. အမ်ပီတီတွေ.. ထောက်ခံတယ်... ကန့်ကွက်တယ်ဆိုတဲ့ ပေါ်ပင်ကိစ္စတွေ ပြောချင်တာမဟုတ်ပါဘူး...။ ဒါ့ကြောင့် အပေါ်က ရည်ညွှန်းပို့စ်ရဲ့အောက်ဆုံးမှာ ဈေးနှုန်းလေးတောင် ထည့်ထားသေးတယ်... ၂၅ သိန်း နဲ့ ထောင့်ငါးရာ...။
လက်တွေ့အရ ပြောရရင်တော့ အကောင်းဆုံးဝန်ဆောင်မှုကို ဈေးအသက်သာဆုံးနဲ့ပေးနိုင်တဲ့ ကုမ္ပဏီကို သုံးမှာပဲ...။
အစိုးရ၊ ပုဂ္ဂလိက၊ ဖက်စပ်၊ ပြည်တွင်း/ပ ဘယ်သူပိုင်ပိုင်... ကုလားဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ်၊ ကပြားဖြစ်ဖြစ် (တကမ္ဘာလုံးမှာ)
စားသုံးသူဘက်ကကြည့်ရင် အရေးမကြီးပါဘူး။ (ဒီနေရာမှာ အရပ်သုံးလို့ သဘောထားပြီး “လုံခြုံရေး” ဖက်တာကို ကိန်းသေထားလိုက်ကြပါစို့ ...)
ထားပါတော့၊ အဲဒီအကြောင်းပြောချင်တာ မဟုတ်ပါဘူး...။
၂၀၀၇ တုန်းက အဖမ်းခံရတဲ့ ABMA ဦးဆောင်သံဃာတွေ အပါအဝင် အဲဒီအချိန်က အဓိကကျတဲ့ လှုပ်ရှားသူအများစု အဖမ်းခံရတာ ဆက်သွယ်မှုလုံခြုံရေး ကျိုးပေါက်မှုက ၉၅% လောက်ရှိပါတယ်...။ (ကျနော်တို့နဲ့ ထိစပ်တဲ့သူတွေကို လက်လှမ်းမီသလောက် စာရင်းပြုစုထားသလောက်ပါ။ အတိုးအလျော့ ရှိနိုင်ပါတယ်)
ရွှေဝါရောင်လှုပ်ရှားမှုမှာ ဦးဂမ္ဘီရ တပါးတည်းတင် ၅ လုံး သုံးခဲ့ပါတယ်...။ ဆိုတော့ ဖုန်းချည်းပဲ (SIM ကဒ်ချည်းပဲ)
၁၂၅ သိန်း ဖိုးပေါ့...။ ဆက်ခတွေ မပါပါဘူး... အကုန်လုံး တချိန်တည်းသုံးတာတော့လည်း မဟုတ်ပါဘူး...။
(စစ်ကြောရေးကသိပြီးသား အချက်တွေ Disclosed data/ Known facts တွေ နည်းနည်းလောက်ပဲ ပြောပါ့မယ်...)
နောက်ဆုံး သူ့ကိုမိတော့ ၂၀၀၇ နိုဝင်ဘာ ၄။ သူရေးတဲ့ ဆောင်းပါး Washington Post သတင်းစာ ခေါင်းကြီးပိုင်း (Op-ed) မှာ ပါတဲ့နေ့ပါ...။ သူ့ကိုမိတဲ့အချိန်မှာ သူ့ဆီက ပြည်တွင်းဖုန်းတလုံး အရင်သိမ်းမိပါတယ်... အဲဒီဖုန်းကြောင့် သူ့ကို ခြေရာခံမိတာပါ။ အဲဒီဖုန်းကို ချက်ခြင်းသိမ်းပြီး သူ့ကို စဥ့်ကိုင် ရဲစခန်းအချုပ်ထဲ ထည့်ပါတယ်...။ အဲဒီအချုပ်ခန်းထဲကို
နောက်ဖုန်းတလုံး ပါသွားပါတယ်... (ဒါကြောင့်လည်း ၂၉ နှစ်နဲ့ မဟန ၄၇ ပါးကိုကျော်ပြီး ဂမ္ဘီရ ဖြစ်တာပေါ့။ ဆရာတော်ကြီးတွေကို ဘာသာရေးအရ စော်ကား ပစ်မှားပြီးပြောတာ မဟုတ်ပါဘူး... အဲဒီအချိန်က Political Activism နိုင်ငံအရေး တက်ကြွလှုပ်ရှားမှု ရှုဒေါင့်ကနေကြည့်ပြီး ပြောတာပါ)။
ခါးပန်းကြိုးထဲမှာ လိပ်ပြီးဖွက်ထားတာကို စဖမ်းတဲ့ပုဂ္ဂိုလ်များ မတွေ့လိုက်ပါ။ ရှာဖွေရေးညံ့လို့လား... သူကိုယ်တိုင်က တော်လွန်းလို့လား (ဒုတိယဟာ ဖြစ်နိုင်ပါတယ်) မပြောတတ်ပါ။ ဆိုတော့ သူ စဥ့်ကိုင် ရဲအချုပ်ထဲရောက်တဲ့အချိန်ထိ အဲဒီဖုန်းကို အပြင်က သူ့မိတ်ဆွေတွေက လှမ်းခေါ်လို့ ရပါသေးတယ်။
သူ့ကိုမိတာ မြန်မာစံတော်ချိန် ၁၁း၃၅ ပါ...။ ရဲအချုပ်ခန်းထဲကနေ သူ့မိတ်ဆွေတွေကို သူ အဖမ်းခံရကြောင်း
သူကိုယ်တိုင် အဲဒီဖုန်းနဲ့ လှမ်းပြောခဲ့တာ ၁၃း၃၈ ပါ...။ အဲဒီအချိန်က အဲဒီဖုန်းရဲ့ တရားဝင် နာမည်ပေါက်က
မန္တလေးတိုင်းက လုံခြုံရေးမှာ ဒုတိယ အကြီးဆုံးပုဂ္ဂိုလ်ကြီးပါ။ ကြားက ပွဲစား ၂ ဆင့်ခံပြီး ငှားထားတာပါ...။
ပြောရရင် အဲဒီဖုန်းကို လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက လွှင့်ပစ်လိုက်ဖို့ ပြောထားပြီးသား ဖုန်းပါ...။
(ငိုအားထက် ရီအားသန်ပြောရရင် အဲဒီပွဲစား ၂ ယောက်လုံး သူတို့ငှားပေးတဲ့ဖုန်း ဦးဂမ္ဘီရလက်ထဲ
ရောက်နေမှန်းသိကတည်းက ခြေကုန်သုတ်တာ အစောကြီးကတည်းက တရုတ်နယ်စပ်ရောက်နေပါပြီ...)
ဆိုတော့ လုပ်စားတဲ့ ပိုင်ရှင် အရာရှိကြီးလည်း ဦးဂမ္ဘီရလက်ထဲ သူ့ဖုန်းရောက်နေတာ သိကတည်းက မီးခဲဖင်ညှပ်ပြီး
ပြန်တောင်းဖို့ ပွဲစားတွေနဲ့ အကြိမ်ကြိမ် ကြိုးစားပါတယ်...။ အစားထိုး ၂ လုံးပေးပါမယ်လို့တောင် ကမ်းလှမ်းပါတယ်။
စ ငှားကတည်းက တမင် ငှားပါတယ်ဆိုမှ (ပွဲစားခ ၅ သိန်းတောင်ပေးရတာဆိုတော့ အမှန်တော့ သိန်း ၃၀ တောင် တန်ပါတယ်) ဘယ်ပြန်ပေးဖို့ စဉ်းစားပါ့မလဲ ...။ ဆိုတော့ သူကလည်း ဦးဂမ္ဘီရ ကို အသေရရ အရှင်ရရ လိုက်တော့တာပေါ့...။ [သူ့ အလုပ်ဆိုလည်း ဟုတ် .. ပုဂ္ဂိုလ်ရေး အကျိုးစီးပွား (အမှန်က မိသွားရင် စီးပွားပျက်မှာ) ဆိုလည်း ဟုတ်ပေါ့လေ]
ဒီနေရာမှာ အဓိကအရေးကြီးတဲ့ မိုဘိုင်းဖုန်းနံပါတ်တွေနဲ့ ကွန်ယက် (Relay Station) တွေကို အာဏာပိုင်တွေက
လိုသလိုချုပ်ကိုင်ပြီး လှုပ်ရှားသူတွေကို ဘယ်လိုခြေရာခံသလဲဆိုတာ ပြောပါ့မယ်...။ အဲဒီကာလမှာ (လူထု) အများသုံး
မိုဘိုင်းက ၂ လိုင်းပဲ ရှိပါတယ်...။ အားလုံးက အာဏာပိုင်တွေ လက်ထဲမှာချည်းပါပဲ...။ ဆိုတော့ အဲဒီ ၂ လိုင်းကို အချိန်နဲ့
တလိုင်းဖွင့် တလိုင်းပိတ် လုပ်ပါတယ်...။ Relay Station တွေကိုလည်း အဖွင့်အပိတ် လုပ်ပါတယ်...။ အဲဒီခေတ်က
Relay Station ခုလောက် မများသေးပါ...။ ဒီနည်းနဲ့ သူတို့ စိတ်ဝင်စားတဲ့ ပစ်မှတ်ဖုန်းနံပါတ်တွေကို လိုက်ကြည့်ပါတယ်။
[အသုံးအများဆုံးဖုန်းတွေကို သူတို့ အတန်းအစားခွဲထား (Classified) ပြီးသားပါ... ဖုန်းအများစုကို ဘယ်နံပါတ် ဘယ်သူ ကိုင်ထားတယ်ဆိုတာ သိပြီးသားပါ... ပညာသိပ်မပါလို့ အကျယ်မရေးတော့ပါဘူး...]
ဘယ်အချိန် ဘယ်ဂွင်ထဲမှာ သုံးနေသလဲ... ခန့်မှန်းခြေ Relay Station နဲ့ ဘယ်လောက်အကွာမှာ သုံးနေလဲ တွက်ပါတယ်။ (အချင်းဝက် Radius နဲ့ ဝိုင်းလိုက်ရင် ထွက်လာပါတယ်... ဟောလိဝုဒ် ရုပ်ရှင်ခပ်ညံ့ညံ့တွေ ကြည့်ဖူးရင်တောင် ကလေးကအစ တွက်တတ်ပါတယ်...) လှုပ်ရှားသူအများစုက ကြားဖြတ်နားထောင်နေတယ်ပဲ ထင်ကြပါတယ်။ Mobile Phone ကြားဖြတ်မရှိဘူး မဟုတ်ပါဘူး... ရှိပါတယ်။ [ကျနော်တို့ (လူတွေ) တောင် သူတို့ဖုန်းတချို့ကို ကြားဖြတ်နားထောင်နိုင်သေးတာ သူတို့က အာဏာလက်ရှိပဲ... လုပ်လို့ရတာပေါ့။ ဒါပေမယ့်
သူတို့လည်း အကန့်အသတ်ရှိတဲ့အကြောင်းပြောတာပါ...]
သိန်းသောင်းချီပြီး နေရာတိုင်းမှာ အချိန်ပြည့် ကြားဖြတ်နိုင်တဲ့ လိုအပ်တဲ့ အရင်းအမြစ် (Resources) အဲဒီအချိန်က အာဏာပိုင်တွေမှာ မရှိပါဘူး...။ (အထူးသဖြင့် လူအင်အားနဲ့ နည်းပညာ အရင်းအမြစ်) ဒါလည်း သူတို့ထဲက ကျနော်တို့ လူ(လိုလားသူ)တွေက အတိအကျ သတင်းပေးလို့ သိရတာပါ...။ ဒါပေမယ့် အထက်ကလို ရေဒီးယပ်စ် အဝိုင်းလေး
ဝိုင်းပြီးရင်တော့ အဲဒီဂွင်ထဲမှာ ကြားဖြတ်(ဝေဟင်)လိုက်လို့၊ စောင့်ကြည့်(မြေပြင်) Surveillance လုပ်လို့ လွယ်သွားပါပြီ...။
လှုပ်ရှားသူအများစုက စိတ်ဓာတ်ကောင်းကြပါတယ်...။ အပင်ပန်း အဆင်းရဲ အငတ်အပြတ်ခံ၊ အဖမ်းခံ... အသေခံပြီး လုပ်ကြပါတယ်...။ နိုင်ငံရေးအမြင်လည်း အားကောင်းကြပါတယ်...။ သူတို့အားနည်းတာ လုံခြုံရေးအသိပါပဲ...။ ဒါနဲ့ပဲ တယောက်ပြီးတယောက်... တချို့လည်း အတွဲလိုက်ကြီး ရန်သူ့လက်ထဲ ရောက်သွားကြရပါတယ်...။
ပြောချင်တာ ရောက်ပါပြီ...။ အူလဒူ ဖြစ်ဖြစ်... တယ်လနောဖြစ်ဖြစ်... ကုလားဖြစ်ဖြစ် ဗိုက်ကင်းဖြစ်ဖြစ်... တရုတ်ဖြစ်ဖြစ်
၂၀၀၇ တုန်းကသာ SIM ကဒ်တွေ ၁,၅၀၀ နဲ့ရ...၊ မှတ်ပုံတင်မပြရဘဲ ဝယ်လို့ရ၊ ပို့စ် ပေး မဟုတ်ဘဲနဲ့ ပရီပိတ်ဒ်ကဒ်တွေနဲ့ ငွေဖြည့်လို့ရရင်... တခါပြောပြီးတာနဲ့ SIM ကဒ် တကဒ်ကို လွှင့်ပစ်လိုက်လို့ ရပါတယ်...။ ကျနော်တို့လူတွေလည်း အစုလိုက် အပြုံလိုက် ကြက်ကလေး၊ ငှက်ကလေး ဖမ်းသလို အလွယ်တကူမိမှာ မဟုတ်ပါဘူး...။ (တချို့ အထဲမှာတင် လွတ်အောင်ရှောင်ခဲ့တဲ့သူတွေနဲ့ အပြင်ကို လွတ်အောင်ပြေးခဲ့သူတွေလည်း ရှိပါတယ်...။)
ကျနော်တို့လို လဒူတွေအတွက် အူလဒူလိုပဲပြောပြီး ခဏရပ်ထားပါ့မယ်...။ “ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ” ဆိုတာက (ဘယ်သူ ထုတ်ထုတ်) ၁,၅၀၀ တန် SIM ကဒ် တွေ (ဖြစ်နိုင်ရင် ထိုင်းမှာလို သကြားလုံးဝေသလို အလကားဝေ) .. အဲဒီတုန်းကရှိခဲ့ရင် ကောင်းမှာပဲလို့ ဆိုလိုချင်တာပါ...။ လက်ရှိ “ရင်တုန် စိတ်ခြောက်ခြားဖွယ်တွေ” ကတော့ ပိတ်သတ်ကြီး သိတဲ့အတိုင်းပေါ့...။ (ဒီထက်ဆိုးတာတွေ မကြာခင် လာနိုင်ပါသေးတယ်...)
မှတ်ချက်။ ။ (၁) တလုံး(SIM ကဒ်တကဒ်) ကို အဲဒီခေတ်က ကြိတ်နှုန်း တလုံး ၂၅ သိန်း နဲ့ (လက်လှမ်းမှီသမျှ) အားလုံးကို အလျော်ပေးရတာ ၂၀၁၀ ကျမှ အကြွေးကျေပါတယ်...။ စာရင်းနဲ့ အတိအကျရှိပါတယ်...။ တချိန် လိုအပ်ရင် (လိုအပ်မှပါ.. မလိုအပ်ရင် ချီးခြောက် ရေနူး၊ မဏ္ဍပ်တိုင်တက် မလုပ်ချင်ပါဘူး... လုပ်ဖို့လည်း မသင့်ပါဘူး) သူပုန်လုပ်ပေမယ့် Protocol နားလည်ပါတယ်... စောင့်ထိန်းပါတယ်။ Etiquette တို့ Ethics တို့ ရှိပါတယ်... ကျင့်သုံးပါတယ်ဆိုတာ ပြောချင်တာပါ။
[Satellite Phones တွေအကြောင်း မပါသေးပါဘူး...]
(၂) အာဏာပိုင်တွေဘက်က လုံခြုံရေးကို ချုပ်ကိုင်လို့ရတာ တချို့(တချို့)ကို သဘောလောက်ပြောတာပါ...။ ကိုယ့်ဘက်က (လို့ ထင်ရတဲ့) မီဒီယာတွေက လှုပ်ရှားသူတွေရဲ့  လုံခြုံရေးကို ဒုက္ခပေးတာ မပါသေးပါဘူး။ အဲဒီအချိန်က မီဒီယာတွေက Helpful 30% ဆိုရင် Harmful 70% လောက်ရှိတယ်လို့ သုံးသပ်ထားပါတယ်။ လုံးမတုတ်ပါဘူး၊
အချိန်ကျလို့ လိုအပ်ရင် အချက်အလက်နဲ့ ပြောကြတာပေါ့...။ ရက်စွဲနဲ့ ဖြစ်စဉ်၊ ပါဝင်တဲ့ ဇာတ်ကောင်တွေ စာရင်းနဲ့ ရှိပါတယ်...။ မျှမျှတတပြောရရင်... သူတို့ဘက်ကလည်း... ငါတို့က ငါတို့ အလုပ်ငါတို့ လုပ်တာပါလို့ ချေပလို့ရပါတယ်...။ လိုအပ်ရင် ဖြစ်စဉ်တခုချင်းမှာ Personal/Professional ethics ဘယ်လောက် လိုက်နာစောင့်ထိန်းတယ်ဆိုတာ ပြောကြတာပေါ့...။ အခုတော့ အကုန်နီးပါး အထဲသွားနေကြပြီဆိုတော့ ၂၀၁၅ ပတ်ဝန်းကျင်မှာ အာဏာပိုင်တွေ
အမှိုက်ရှင်းတဲ့ထဲ ပါမသွားပါစေနဲ့လို့ ဆုတောင်းရတာပဲ...။ တော်တော်များများက သက်ရှိထင်ရှား ရှိကြပါသေးတယ်)။ တချို့ဆို မျက်နှာဖုံးတွေ ကွာကျစပြုနေပါပြီ... အရေးလုပ်ပြောစရာတောင် မလိုပါဘူး။
(၃) နမူနာပြောရရင် ၂၀၀၇ အချိန်က အဓိက ရန်ကုန်တိုင်း လုံခြုံရေးတာဝန်က အများထင်သလို ရန်ကုန်တိုင်း စစ်ဌာနချုပ် (ရတခ) မဟုတ်ပါဘူး...။ တပ်မ ၇၇ ပါ...။ ပဲခူးအခြေစိုက်ပါ...၊ ရန်ကုန်မှာတော့ ရွှေတိဂုံခြေရင်း သွေးဆေးကန်မုဒ်မှာ အခြေပြုပါတယ်...။ အခုလည်း ဒီအတိုင်းပဲ ထင်ပါတယ်...။ အဲဒီတုန်းက တပ်မ ၇၇ တပ်မမှူး အပါအဝင် တပ်မှူးတွေနဲ့ အရေးကြီးပုဂ္ဂိုလ်များရဲ့ဖုန်းတွေထဲက တချို့ကို နမူနာထည့်ပေးလိုက်ပါတယ်...။
အခု သူတို့ရဲ့ ဆက်သွယ်ရေးစနစ်က
အများကြီးကောင်းပါတယ်...။ အခု လှုပ်ရှားသူများ (ရှိသေးရင်) နဲ့ အတိုက်အခံ (ဆိုသူများ) ရဲ့ ဆက်သွယ်ရေးစနစ်က ကျနော်သိသလောက် ၂၀၀၇ ကထက် ၁၀ ဆ လောက်ဆိုးပါတယ်...။ [တဖွဲချင်း တပါတီချင်းမှာရော၊
အစုအဖွဲ့တွေကြားမှာရော သေချာတည်ဆောက်ထားတဲ့ ဆက်သွယ်ရေးစနစ် [Institutionalized or well-established communication system(s) (intra and inter-organizational) မရှိပါဘူး...၊ ရှိရကောင်းမှန်းလည်း မသိပါဘူး] ကြုံလို့.. စကားစပ်မိလို့ ဆက်သွယ်မှုလုံခြုံရေးရှုဒေါင့် (In terms of communication security) တခုထဲက ပြောကြည့်တာပါ။ ကျန်တာတွေက အများကြီးပါ...။
အာဏာနိုင်ငံရေး (Power Politics)မှာ လူထုထောက်ခံမှု၊ လူကြိုက်များတဲ့ ခေါင်းဆောင်(များ)ရှိရုံ၊ အမှန်တရားအတွက် လုပ်နေတယ်ဆိုတာလောက်နဲ့ မရဘူးဆိုတာ (လတ်တလော) ၂၆ နှစ်က သက်သေပြပြီးပါပြီ...။ စိတ်ဆောင်ပြီး
အိတ်ပေါက်နဲ့ ဖားကောက်ဖြစ်နေမှာစိုးလို့ စေတနာနဲ့ပြောတာပါ...။ (၂၀၀၇ ဘုန်းဘုန်းတွေအတွက်ကတော့ ကကြီး၊ ခခွေး သင်ခန်းစာဖြစ်နေတဲ့) အာဏာရေသောက်မြစ် ၆ ခုအကြောင်း ခုခေတ် အာဏာနိုင်ငံရေးဖြစ်စဉ်ထဲမှာ ပါဝင်ကပြနေကြရတဲ့ ကျနော်တို့ ခေါင်းဆောင်ကြီးများအတွက် မိတ်ဆက်ရေးရရင်ကောင်းမလား စဉ်းစားနေတယ်...။ ဘုန်းကြီး စာချ၊ မယ်သီလ စာပြ ဖြစ်နေရင်လည်း နဂိုကမှ အကုသိုလ်များတဲ့ခေတ်ကြီးမှာ နိုင်ငံရေး ငရဲ ငအုံတွေ ကြီးနေဦးမယ်...။ ။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment