Wednesday, May 18, 2011

နိုင်ဝင်းဆွေ သို့မဟုတ် အနုပညာမှော်ဝင်စားသူ (၁) - အောင်ငြိမ်း

(နှစ်)

ကိုနိုင်ဝင်းတယောက် ရဲဘော်ကျော်ဆိုင် အဖြစ် ပြည်သူ့အသံဆောင်းပါးရှင်၊ စစ်သတင်းထောက်၊ အမြောက်တပ်သား၊ သုံ့ပန်းပညာပေး နိုင်ငံရေးကေဒါ၊ ပြဇာတ် ဒါရိုက်တာ မင်းသား၊ ကျေးလက်လူထုဘဝ လေ့လာရေး စတဲ့ အလုပ်တာဝန်မျိုးစုံ ထမ်းဆောင်နေပါပြီ။ စစ်အာဏာရှင်စနစ်အောက် မတော်မတရားမှုများနဲ့ အဓမ္မမှုများကို ကြုံတွေ့ဖြတ်သန်းလာခဲ့ရတဲ့ ကျွန်တော်တို့မျိုးဆက်ဟာ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို လက်ဖြန့်ခံတောင်းနေလို့မရ တိုက်ယူမှရမယ် ဆိုတာကို ဘဝအရ သိမြင်လာကြတယ်။

ကိုနိုင်ဝင်းဟာ ၁၉၈ဝ ဇူလိုင် မိုင်းယောင်းတိုက်ပွဲမှာ စစ်သတင်းထောက်အဖြစ် ပါခဲ့တယ်။ မိုင်းယောင်းကို ဗကပ အရှေ့မြောက်တပ်က ခဏခဏ တိုက်ခဲ့ဖူးတဲ့အနက် ယခုတိုက်ပွဲဟာ ‘မင်းရန်အောင် ထိုးစစ်’ ကာလ တိုက်ပွဲကြီးတပွဲ ဖြစ်ပါတယ်။


မိုင်းယောင်း ၈၈၁ ဗျူဟာကုန်းကိုသိမ်းပြီး စစ်အစိုးရ စစ်စခန်းများနဲ့ စစ်လက်နက်ယန္တယားများကို မီးတင်ရှို့ခဲ့တဲ့အတွက် မိုင်းယောင်းတမြို့လုံး မီးဟုန်းဟုန်းတောက်သွားတာကို သူဟာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်။ သုံ့ပန်းအမြောက်အမြား ဖမ်းမိတယ်။ လက်နက်တွေ သယ်နိုင်သမျှ သယ်ခဲ့တယ်။ ထိုစဉ်က ၈၈ တပ်မမှူးက ဗိုလ်သန်းရွှေ (ယခု တပ်ချုပ်ကြီး) ဖြစ်ပြီး ၈၈၁ ဗျူဟာမှူးက ဗိုလ်ထွန်းကြည် (အလယ်ပိုင်းတိုင်းမှူး- ငြိမ်း)ဖြစ်တယ်။

၁၉၈၂ လွယ်ပန်လုံတိုက်ပွဲမှာ ကိုနိုင်ဝင်းဟာ ၁၂ဝ မမ အမြောက်တပ်ဖွဲ့ဝင်အဖြစ် ၁၂ဝ ကို ကိုယ်တိုင်ပစ်ခဲ့သူပါ။ လူတယောက် အမြောက်ကျည်တတောင့်သာ သယ်နိုင်အောင်လေးတဲ့ ၁၂ဝ ကျည်များကို သူကိုယ်တိုင် ပြည်သူ့စစ်များနဲ့အတူ ရှေ့တန်းသို့ထမ်းပိုးပြီး ကိုယ်တိုင်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

တခြားတိုက်ပွဲတွေလည်း ရှိပါသေးတယ်။ မမှတ်မိတော့ပါ။ စစ်ရဲ့အနိဋ္ဌာရုံကို စစ်သားတယောက်က ပိုသိပါတယ်။ စစ်နင်းခံရတဲ့လူထုတွေရဲ့ဘဝကို အစာနာနိုင်ဆုံးနဲ့ မတရားမှုကိုအမုန်းတီးဆုံးလူဟာ ကိုနိုင်ဝင်းလို တော်လှန်ရေးစစ်သည်တဦး ဖြစ်နေတာ မထူးဆန်းပေဘူးလား။

ကိုနိုင်ဝင်းဟာ တော်လှန်ရေးထဲမှာ ပြဇာတ်တွေအများကြီး ကခဲ့တယ်။ သူကိုယ်တိုင်ရေး သူကိုယ်တိုင် ဒါရိုက်တာ မင်းသား လုပ်ပြီး ကခဲ့တာတွေလည်း အများကြီးပါ။ သူ့ရဲ့အနုပညာစိတ် ကြီးမားမှုကို ဒီနေရာမှာ တွေ့ရတယ်။ သူဟာ ဒါနဲ့တင် အားမရသေးဘူး။ စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းနေတဲ့ ခေတ်ပြိုင် ဂန္ထဝင်ဝတ္ထုကြီးမျိုးကိုလည်း ရေးလိုတယ်။ ဟဲမင်းဝေးရဲ့ ‘ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ’ ဆိုတဲ့ ဝတ္ထုမျိုး ဖြစ်ပါတယ်။

သူ့ရဲ့ညီညာတဲ့ လက်ရေးနဲ့ ရေးလက်စ စာမူတချို့ကို ကျွန်တော့ကိုဖတ်ဖို့ လာပေးတယ်။ သူနဲ့ကျွန်တော် ဖြတ်သန်းခဲ့တဲ့ လူငယ်ဘဝ စာပေလှုပ်ရှားမှု ပုံရိပ်များကိုလည်းရေးဖို့ တိုက်တွန်းတယ်။ ဒါပေမယ့် ကျွန်တော် မရေးဖြစ်ပါဘူး။ သူ့လောက် ကျွန်တော်အနုပညာမှော် မဝင်စားဘူး။

၁၉၈၄ ထဲမှာ ကိုနိုင်ဝင်းဟာ ဝတောင် ပန်မလန်းရွာသူ ဝအမျိုးသမီး မဂျုံနဲ့ အိမ်ထောင်ကျတယ်။ သူတို့လင်မယား စပယ်တောစခန်းက ရဲဘော်တွေ ရှင်းလင်းပေးထားတဲ့ ရိက္ခာဂိုဒေါင်ဟောင်းမှာ လာနေကြတယ်။ မဂျုံဟာ အရပ်သူတယောက်ဖြစ်သော်လည်း အဖွဲ့အစည်းက ကိုနိုင်ဝင်းကို ထောက်ထားပြီး ရဲဘော်တယောက်ရသင့်တဲ့ ပုံစံအတိုင်း ရိက္ခာထုတ်ပေးပါတယ်။

ကျွန်တော်က သူ့အိမ်နဲ့တွဲလျက် အဖီချထားတဲ့ အခန်းလေးမှာ နေနေတယ်။ ‘ကြား သုံးကြား’ မဝင်နဲ့ လို့ မြန်မာစကား ရှိသော်လည်း ကိုနိုင်ဝင်းဟာ သူတို့လင်မယားကြား ကျွန်တော့်ကို ဆွဲထည့်လေ့ရှိတယ်။ မဂျုံစိတ်ကောက်ရင် ကျွန်တော့ဆီလာ အပူကပ်တယ်။

“လုပ်ပါဦးဗျ ပြောပေးစမ်းပါဦး”

“ကျုပ်က ဘာပြောပေးရမှာလဲ၊ ခင်ဗျားမိန်းမ ခင်ဗျားချော့ပေါ့ဗျ”

“ကျုပ်ကလည်း မချော့တတ်ဘူးဗျ၊ ခင်ဗျား ဝင်ပြောပေးစမ်းပါ”

“ကျုပ်က ဘာဝင်ပြောပေးရမှာလဲ”

“ဒီလိုဗျာ စခန်းထဲမှာ ရဲဘော်ချင်း ရန်မဖြစ်ရဘူး၊ ရန်ဖြစ်ရင် အရေးယူခံရမယ်ပေါ့၊ ခင်ဗျားဟာ ဒီစခန်းမှာ ဗိုလ်လုံ(ဗိုလ်ကြီး) ဖြစ်တယ်လို့ ကျွန်တော်ပြောထားတယ်၊ ဗိုလ်လုံကပြောရင် သူ ကြောက်တယ်ဗျ၊ ကျွန်တော့ကိုတော့ သူ မကြောက်ဘူး”

“ခင်ဗျားဟာက မဟုတ်သေးပါဘူး”

“ဟုတ်ဟုတ်၊ မဟုတ်ဟုတ်ဗျာ လုပ်စမ်းပါ”

ဒီလိုနဲ့ သူတို့လင်မယားကြား ကျွန်တော် အရပ်လူကြီး မကြာခဏဝင် လုပ်ခဲ့ရတယ်။ ‘ကြား’ဝင်မိတဲ့ ကျွန်တော်ဟာ မကြာခင် ဒုက္ခတွေ့တော့တာပဲ။

ကျွန်တော့်အခန်းထဲမှာ စာဖတ်ရင် (အထူးသဖြင့် အင်္ဂလိပ်စာဖတ်ရင်) အသံတိုးတိုး ထွက်ပြီး ဖတ်လေ့ရှိတယ်။ တနေ့တော့ မဂျုံဟာ ကျွန်တော့ကို ကြည့်ကွက် ကြည့်ကွက်နဲ့ ရယ်ရယ်နေတယ်။ ကိုနိုင်ဝင်းကလည်း ပြုံးဖြီးဖြီးလုပ်နေတယ်။ ဒီလင်မယား မူမမှန်ဘူး ဘာဖြစ်နေပါလိမ့်၊ ကိုနိုင်ဝင်းကို မေးတော့ …

“ခင်ဗျားဟာ စိတ်ကောင်းရှိပေမယ့် စိတ်သိပ်မမှန်ဘူး၊ ကြည့်ပါလား တယောက်တည်း စကားပြောပြောနေတာ၊ ဒါကြောင့် ခဏခဏ စိတ်ကောက်ပြီး ရန်မဖြစ်နဲ့၊ ကြောက်စရာကောင်းတယ်လို့ ကျွန်တော်ပြောထားတာ”

“လုပ်ပြီ ခင်ဗျားကတော့၊ နောက် မဂျုံ စိတ်ကောက်ရင် ကျွန်တော့်လာမခေါ်နဲ့တော့”။

မဂျုံကလည်း ကြောက်တဲ့ အမူအယာ လုပ်ပြတယ်။ ကိုယ့်ဆရာ သဘောကျပြီး မျက်နှာကြီးပြဲနေအောင် ရယ်နေပါတော့တယ်။

ဆက်လက်ဖော်ပြပါမယ်။ 


 

No comments: