Saturday, November 28, 2009

ကျောင်းသား ထောင် တော်လှန်ရေးသမား (၁၉)

ကျနော်တို့ စ ရောက်ရောက်ခြင်း ပထမဆုံးလုပ်ကြရတာ အလုပ်ဆိုင်းဖွဲ့ အသက်ကြီးတဲ့လူတွေ၊ အသက်ကြီးတွေက တချို့ ၆ဝ နီးပါး ပါတယ်။ ကျန်းမာရေးမကောင်းတဲ့လူတွေ၊ ထောင်ထဲမှာအနှစ်နှစ် ဒဏ်တွေခံလာခဲ့တဲ့လူတွေ၊ သူတို့ကို ပလပ်ပြီးတော့ ကျန်းမာရေးကောင်းတဲ့လူတွေ ဒါမှမဟုတ် ကျန်းမာရေး အသင့်အတင့်ရှိတဲ့လူတွေ ကိုယ်နဲ့တန်ရာ အလုပ်တွေ ကိုယ်ဝင်လုပ်ကြရတယ်။

ဖွဲ့လိုက်တာကတော့ အဓိကအားဖြင့် ရေခတ်တဲ့အဆိုင်း၊ ထင်းခုတ်ထွက်တဲ့အဆိုင်း၊ စိုက်ပျိုးရေးလုပ်တဲ့အဆိုင်း၊ မီးဖို ထမင်းချက်တဲ့အဆိုင်း၊ မီးဖိုထမင်းချက်တယ်ဆိုပေမယ့် လူရာနဲ့ချီပြီးတော့ ချက်ရတဲ့အတွက် မသက်သာလှဘူး။ ပါသွားတဲ့ အထဲမှာ အခုနပြောသလို ကျောင်းသားလူငယ်တွေက အများကြီးဆိုတော့ အလုပ်ကြမ်းမလုပ်ဖူးသူ၊ အလုပ်ကြမ်း မလုပ်တတ်တဲ့လူက အများကြီး။ ကျနော် အပါအဝင်။

အဲတော့ … ဟိုကျမှ အကုန်ပြန်သင်ရတာ။ ရေတောင်လုံးလုံး မထမ်းတတ်သူ။ အဲဒါက ရေထမ်းတယ်ဆိုလို့ရှိရင် မန္တလေးအခေါ် တပြကျော်သေး၊ တပြခွဲလောက် ရှိတယ်။ အဲဒီလောက်အဝေးကို လမ်းမှာ ကမူကြီးတခု ကျော်တက်ရသေးတယ်။ အဲလိုထမ်းရတာ။ အဲတော့ အတော်ကို မသက်သာတဲ့အလုပ်ပဲ။ အစမှာတော့။ ပုခုံးပေါက်တာ ပြဲတာလောက်ကတော့ ပြောမနေမနဲ့။ ရေပုံးဟာ ရေတွေ ဖိတ်လည်း ဖိတ်၊ နောက်တခါ ဟိုရွဲ့ ဒီရွဲ့နဲ့။

ပေါက်ပြားပေါက်တယ်ဆိုရင်လည်းပဲ မပေါက်တတ်လို့၊ ထင်းခွဲတယ်ဆိုရင်လည်း မခွဲတတ်လို့။ စခွဲတုန်းက ပုံကျအောင် မခွဲတတ်ဘူး။ ခွဲခြမ်းရရှိရုံနဲ့ မရသေးဘူးလေ။ နောက်တော့ လွှသွေးရတာ ဖြစ်လာဦးမယ်။ ဓားသွေးရတာ ဖြစ်လာဦးမယ်။ ဒါတွေကလည်း ဘာမှမလုပ်ဘူးတဲ့လူတွေအတွက် အတော့်ကို ကာလတခု ဖြတ်သန်းပြီး အတော့်ကို လေ့ကျင့်ရသေးတဲ့ ကိစ္စတွေပါ။

အဲဒီအထဲမှာလေ့ကျင့်ရတဲ့ နောက်တခုက ပင်လယ်အစားအစာ၊ ကျနော်တို့တတွေကို ထောင်ကကျွေးတာက အစားအသောက်တွေလည်း သံဗူး၊ ဟင်းသီးဟင်းရွက်တွေလည်း သံဗူးပဲ။ ကျန်တာက ပဲ၊ ငါးပိ။ အစားအသောက်အတွက် အသားက တပတ်ကို ၂ ခါ ပေးတယ်။ အဲဒီလိုပေးတဲ့ဟာ ဘယ်လိုမှ အာဟာရနဲ့မပြည့်စုံလို့ ကျနော်တို့တွေ ရေချိုးထွက်တဲ့အခါ ပင်လယ်အစားအသောက်ကို ရှာကြတယ်။ ခရုကောက်တယ်။ ယောက်သွားခွာတယ်… အစရှိသဖြင့်ပေါ့။

ပင်လယ်အစားအသောက်ဆိုတာက ကျနော်တို့လည်း အဲကျမှသိတာ။ စားကျင့်မရှိတဲ့သူ စားတဲ့အခါကျတော့ အသားဝါရောဂါဖြစ်တာ။ အဲဒီဒဏ်ကို ထောင်ထဲကပါလာတဲ့ဒဏ်နဲ့ ပေါင်းလိုက်တဲ့အခါကျတော့ အတော်ဆိုးတာကိုး။ နောင်မှာ ကျနော်ထပ်ပြောပါမယ်။ ရဲနီတယောက် အလံနီပါတီကပုဂ္ဂိုလ်တယောက်ဆို ဆုံးကိုသွားတာ။ အသားဝါရောဂါနဲ့။

အဲတော့ … ကျနော်တို့တတွေရဲ့ခေါင်းထဲမှာ ဘယ်လိုပေါ်လာလဲဆိုတော့ ပြောပြဦးမယ်။ ထောင်စကားမှာ ‘ထောင့်အပြင် တန်းမရှိ’ ဆိုတဲ့ စကားရှိတယ်။ တန်းဆိုတဲ့ဟာ ထောင်ထဲမှာ တိုက်ပိတ်အောင်လို့ သံကြိုးနဲ့ တန်းဆွဲပြီး ချီထားတာကို ပြောတာ။ အဓိပ္ပာယ်က “ထောင့်အပြင် တန်းမရှိပါဘူးကွ” ဆိုတာ “သန်းခေါင်ထက် ညဥ့်မနက်ပါဘူး” ဆိုတာ ထောင်ထဲ ရောက်မှတော့ “သန်းခေါင်ထက် ညဥ့်မနက်ပါဘူး၊ ဘာမှ ကြောက်ပါဘူး” ဆိုတဲ့စကားအတိုင်း ဒါ ရိုးရိုးထောင်သား ပြောတဲ့စကားပါ။

အဲ … ကျနော်တို့ကျတော့ ထောင်လည်းမက တိုက်လည်းမက တန်းလည်းမက၊ ကျွန်းတောင်ရောက်နေပြီ။ နောက်ပြီးကျတော့ ကျနော်တို့မှာ ထောင်ဒဏ် ဘယ်နှစ်နှစ် ချလိုက်တယ်ဆိုတဲ့ သတ်မှတ်ချက်လည်း မရှိဘူး။ နောက်ပြီး အခု အာဏာပိုင်တွေ ပြောပုံဆိုပုံအရဆိုရင် ကျနော်တို့ဟာ အကန့်အသတ်မရှိဘဲ ဒီထောင်မှာ နေရတော့မှာ။ အဲတော့ ကျနော်တို့ခေါင်းထဲမှာ သေမထူး နေမထူးဆိုတဲ့စိတ်နဲ့ နည်းနည်းကွာတော့တာ။ ဒါက ကျနော်တို့ခေါင်းထဲက။

ထောင်အာဏာပိုင်တွေဘက်ကကျတော့လည်း သူတို့မှာပြဿနာက ဘယ်လိုဖြစ်လာလဲဆိုတော့ ကျနော်တို့ကို အလုပ် ကြမ်းခိုင်းချင်လို့ တနည်းအားဖြင့် နံနှိမ်ချင်လို့ ကျွန်းကိုပို့လိုက်တာ။ နောက်တခုက အဆက်အသွယ် ဖြတ်ချင်လို့။ ပြည်မက လူထုနဲ့ အဆက်အသွယ်ဖြတ်ချင်လို့။ ကျနော်တို့ ဘာတွေလုပ်တယ်ဆိုတဲ့သတင်း ပြည်မကမကြားအောင် ကျွန်းကိုပို့လိုက်တာ။

ဒါပေမယ့် ဖြစ်တာက ကျွန်းမှာ သတ်လို့တော့ မဖြစ်ဘူး။ ကျနော်တို့ကို လောလောဆယ်ပေါ့၊ ဘာလို့ဆို ကျနော်တို့က တောထဲက ဖမ်းလာတဲ့လူတွေ မဟုတ်ဘူး။ တောထဲကဖမ်းတဲ့လူကတော့ ထွက်ပြေးလို့ဆိုပြီးတော့ တောထဲမှာတင် ပစ်သတ်လိုက်တယ်။ အဲလိုပဲ သတ်နေတာပဲလေ။တလျှောက်လုံး။ မြို့ဆိုတော့ အိမ်ကမိဘတွေ မျက်စိအောက်က ဖမ်းတာလေ။ သတ်ပစ်လည်း မဖြစ်ဘူး။

အဲဒီမှာထားတော့ သူက ထုတ်လုပ်ရေး လုပ်ခိုင်းတယ်။ ထုတ်လုပ်ရေးလုပ်တယ်ဆိုတော့ ကိရိယာ တံဆာပလာတွေ ပေးရတယ်။ တူ၊ လွှ၊ ဆောက်၊ ပေါက်ပြား၊ ဓား၊ အဲဒါတွေ ပေးရတယ်။ အဲဒါတွေပေးရတော့ ဒါတွေက ကျနော်တို့လက်ထဲမှာ လက်နက်လို ဖြစ်လာတယ်။ ဝါဒါတွေကျတော့ သေနတ်ကိုင်ခွင့် မရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ကို အပြင်ထုတ်ရမှာ။ အပြင်ထုတ် အလုပ်လုပ်ခိုင်းရမှာ။ ကျနော်တို့ လူ ၂၀ လောက်ကို ဝါဒါတယောက်က ‘အစောင့်’ ဆိုပြီး လိုက်ရတယ်။ ဒါမှမဟုတ် ၂ ယောက် လိုက်ရတယ်။ ကျနော်တို့လက်ထဲမှာ တူတွေ၊ လွှတွေ၊ ဓားတွေနဲ့။

အဲ … ဝါဒါတွေလက်ထဲမှာတော့ သေနတ်ပေးမိရင် ကျနော်တို့လုလိုက်လို့ရှိရင် ဒုက္ခပဲ။ အဲတော့ ဝါဒါလည်း သေနတ်ကိုင်ခွင့် မရှိဘူး။ သူတို့ထုံးစံအတိုင်း ဝါဒါတွေကိုင်နေကျ တုတ်ကလေးတချောင်းပဲ ရှိတယ်။ အဲဒီ တုတ်ကလေးကတော့ ထည့်ပြောမနေနဲ့၊ ကျနော်တို့ လက်ထဲမှာ ဓားတွေ ဆောက်တွေ အကုန်ရှိနေတယ်။ ပေါက်ပြားတွေရော။ ဝါဒါတွေကလည်း ကျနော်တို့ကို ကြောက်တယ်။

အဲဒါအပြင် သူတို့လဲ ကျနော်တို့နဲ့အတူတူပဲ ထောင်ကျနေတာပဲ။ အိမ်ကမိဘ သားချင်းနဲ့ခွဲ၊ ဒီရောက်လာကြတာ။ နေရတဲ့ နေရာပဲမတူတာ။ စားရတာကလည်း ကျနော်တို့နဲ့ ဘာမှမကွာဘူး။ အဲ … သူတို့က စိတ်ဓာတ်လည်း ကျတယ်။ စိတ်လည်း မပါဘူး။ ကျနော်တို့ထဲက ထင်းခုတ်တယ်၊ တောင်ယာလုပ်တယ်ဆိုရင် လူအုပ်နဲ့ သွားတယ်။ ဟိုမှာ မီးမွှေးတယ်၊ ကြံဖန် ချက်ပြုတ်စားတယ်။ နောက်တခါ ဟင်းရှာသွားဆို တောထဲကို ဝင်သွားတယ်။ လက်ထဲမှာ ဓားပါသွားတယ်။ ဝါဒါနောက်က မလိုက်ရဲဘူး။

အဲတော့ ပြည်မထောင်တွေမှာကျတော့ ထောင်ထဲမှာ သူတို့မသိလို့ရှိရင် အပြစ်ကျူးလွန်တယ်ဆိုပြီး ကြံဖန်ပြီး တိုက်ပိတ်နေရတယ်။ ကိုကိုးကျွန်းမှာ တိုက်ပိတ်လို့ မရဘူး။ တိုက်ပိတ်ရင် သူတို့ ထမင်းချက်ကျွေးရမှာ။ အဲလိုသာ ချက်ကျွေးမယ်ဆိုရင် အကုန်လုံးက တိုက်ထဲဝင်ကြမှာ။ ဒါဆို ‘ကိုယ်ထူကိုယ်ထ’ဆိုတဲ့ ပေါ်လစီတခု ဟာ အဓိပ္ပာယ် မရှိတော့ဘူး၊ ဘာမှလုပ်လို့ မရတော့ဘူး။ ဆိုတော့ တိုက်ပိတ်လို့လဲမဖြစ်ဘူး။ တိုက်ပိတ်ရအောင် လည်း သူတို့မှာ အင်အား မရှိဘူး။ သူတို့အင်အားသုံးလိုက်ရင်လည်း ကျနော်တို့မှာ တုတ်တွေ ဓားတွေနဲ့ ပြဿနာတွေ ကြီးတော့မှာ။

အဲတော့ အခုဖြစ်လာတာက ဘာမှမကြာဘူး ကျနော်တို့ကို အလုပ်ဆိုင်းအဖြစ် ထုတ်လိုက်တာနဲ့တပြိုင်နက် ဝါဒါတွေဟာ ကျနော်တို့ကို ကြောက်တဲ့လူတွေ ဖြစ်သွားတယ်။ “သွားမလုပ်နဲ့ သူတို့က သေမထူး နေမထူးတွေ၊ ဘာမှကြောက်တဲ့လူတွေ မဟုတ်ဘူး။ ငါတို့မှာ သားမယားတွေ ငဲ့ရဦးမှာ” အဲဒီလိုဖြစ်လာတယ်။ အဲတော့ ကျနော်တို့တွေ အလုပ်ကြမ်း လုပ်လာရတာလဲရှိတော့ ဟို… ကြာတော့ ဒေါသလည်းဖြစ်၊ စိတ်ကလည်း တိုကြတယ်။

အဲတော့ ထင်းလုပ်တဲ့ ထင်းတုံးလေးတွေ သယ်လာတယ်။ ထမ်းပြီး သယ်လာတယ်။ ထမ်းပြီးတော့ မီးဖိုချောင်ထဲ ပို့ရမှာ။ မီးဖိုချောင်ထဲပို့ဖို့ဆိုရင် ဟို … ကျနော်တို့ ထင်းလုပ်တဲ့နေရာ ဥပမာ … မီးဖိုချောင်နဲ့နီးတဲ့ဘက်က ထင်းတွေကို သယ်လာတယ်။ အဲဒီကနေ ဟိုးဖက် တံခါးပေါက်ကို ပြန်သွား။ အဲဒီကနေဝင်ပြီးတော့ ထောင်တလျှောက်လုံး ပြန်လျှောက်လာရတယ်။ နောက်ထပ် မီတာနှစ်ရာကျော်လောက် ထပ်လျှောက်နေရဦး မှာ ထင်းတုံးကြီးထမ်းပြီးတော့။

အဲတော့ ဘယ်သူမှ မထမ်းချင်တော့ဘူး။ ကျနော်တို့ထင်းတုံးတွေကို၊ ထင်းတုံးတွေ ဒါမှမဟုတ် ခွဲခြမ်းတွေကို သံဆူးကြိုး အပြင်ဘက်ကနေ အထဲကိုရောက်အောင် ပစ်ချတယ်။ ဒါမှမဟုတ် အောက်ကနေ အတင်း ထိုးသွင်းတယ်။ အဲဒီတော့ ကြာတော့ သံဆူးကြိုးတွေ ပြတ်ကုန်တာပေါ့။ တခါတလေကျတော့ ကျနော်တို့က ခွဲခြမ်းတွေကို တမင်ကို သံဆူးကြိုးပေါ် ပစ်ချတာကို သူတို့ မမြင်ဘူး။ သံဆူးကြိုးတွေ ပြတ်ကုန်ရော၊ ပြတ်ကုန်တော့ သူတို့လည်း ပြင်မနေချင်ဘူး။

ဆက်လက်ဖော်ပြပါမယ်။

အာဟာရ စတိုင် (ကြည်အောင်)


နို့ညှစ် နွားမ
သူ့ အာဟာရ
နွားကလေး မစို့ရ။

တောက မြို့ပို့
နို့ဆီ ပျစ်ခဲ
ဝေ့ဝဲ မလိုင်
လက်ဖက်ရည်ဆိုင်
ထိုင်
စတိုင်ကျတဲ့ သူများပ။

ကြည်အောင်
စတိုင်သစ်၊ မတ် ၁၉၉၇

သရုပ်ဖော် - မင်းကျော်ခိုင်

Wednesday, November 25, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၈)

အခြားငရဲခန်းတခုသို့

၁၉၆၇ ခုနှစ် အောက်တိုဘာလဆန်း ရက်မမှတ်မိတော့။ နံနက်စာထမင်းစားပြီး ကျနော့်ကို လာခေါ်ထုတ်သွား သည်။ ထုံးစံအတိုင်းပဲ တနေရာရောက်တော့ မျက်နှာအဝတ်ကိုဖြေသည်။ တန်းလျားအဆောက်အဦတခု အရှေ့ရောက်နေသည်။ စစ်သား ၁၀ ယောက်ကျော်ရှိသည်။ သေနတ်နှင့် မတ်တပ်ရပ်လျက် ကင်းစောင့် သမားတယောက်ရှိသည်။ ကျနော့်ကဲ့သို့ ခေါ်ထုတ်လာသူများမှာ ၂၀ နီးပါးလောက်ရှိမည်ဟု ထင်ရသည်။ မျက်နှာကို အဝတ်မစည်းတော့ပါ။ လက်ထိပ်ကတော့ မပါမပြီးပါ။ ကားကြီးတစီးပေါ်တက်ခိုင်းသည်။ ကားနောက်တွင် ကျနော်တို့နှင့်အတူ စစ်သား သုံးလေးယောက်ကထိုင်၍ လိုက်လာသည်။ ကျနော်တို့ကို ကားကြမ်းပြင်တွင် ထိုင်ခိုင်းပြီး ကားသည် မောင်းထွက်လာပါသည်။

ဂိတ်ဝထွက်အလာတွင် ကျနော်နေခဲ့ရသည့် ကြောက်လန့်ခြောက်ခြားဖွယ်ရာ အတိပြီးသော ဤရေကြည်အိုင် လျှို့ဝှက်အချုပ်ထောင်ကြီးကို သိလို မြင်လိုလှပါသည်။ ဂိတ်ဝကိုလွန်တော့ ကျနော်လှမ်းကြည့်သည်။ ဂိတ်ဝတွင် တယောက်နေ ကင်းတဲတလုံး၊ အဖြူအနီသုတ်ထားသည့် မောင်းတံတလက်၊ အချက်ပြမီးနီ မီးစိမ်းတိုင်တခု ခြံစည်းရိုးမှာ ကြခတ်ရုံကြီးများကို မညှပ်မပြု သဘာဝအတိုင်း ပေတရာလမ်းမကြီးနှင့် မျက်နှာချင်းဆိုင်တွင် သာဓုကန် ဘုန်းတော်ကြီးကျောင်း အုတ်နံရံ အဖြူအဖွေးနှင့်။

ကျနော့်ရင်ထဲ အသိတခုဝင်လာသည်။ လမ်းမကြီးတဖက်မှာတော့ သူတော်ကောင်း၊ သူမြတ်လောင်းတို့၏ ကိန်းအောင်းမွေ့လျော်ရာ ကျောင်းဂေဟာ။

အခြားတဖက်မှာတော့ သူတော် မဟုတ်၊ လူယုတ်မာတို့၏ ဆိုးသွမ်းမင်းမူ သောင်းကျန်းရာ နေရာဌာနနှစ်ခုက နီးပင်နီးငြားသော်လည်း ကွာခြင်းလွန်းလှသည်။ ပတ်ဝန်းကျင်တခုသည်ကား လူသားတို့၏ လောဘ၊ ဒေါသ၊ မောဟ၊ သောက၊ ပရိဝေဒတို့အား ပြေပျောက်စေလျက် နှလုံးစိတ်ဝမ်း အေးချမ်းစေကာ ကုသိုလ်တရားတို့ဖြင့် ထုံမွှမ်းပြည်ဝစေသည့် သုခရိပ်သာ။

အခြား၏ ဟိုတဖက်မှာတော့ လောဘ၊ ဒေါသ၊ မောဟ၊ သောက၊ ပရိဒေဝမီးတို့ တရှိန်ရှိန်တညီးညီး တောက်လောင်ကာ အကုသိုလ်တရားတို့ပွားစီးသည့် ငရဲဌာနေရာ။

ကျနော်တို့ကိုတင်လာသည့်ကားသည် ရန်ကုန်ဘက်သို့ဦးတည်မောင်းနေပါသည်။ ရေကြည်အိုင် ငရဲခန်းအကြောင်းကို စဉ်းစားလာသည်။ သာမန်လူတယောက် ရေကြည်အိုင်ရှေ့မှဖြတ်သွားပါက အထဲတွင် ဘာတွေရှိမှန်း၊ ဘာတွေလုပ်နေမှန်း ဘယ်လိုမှမသိနိုင်ပါ။ ဤမျှအထိ အပြင်ပန်းတွင် ရိုးရိုးရှင်းရှင်းလေး မြင်ကွင်း ဖြစ်အောင် ဖန်တီးထားပါသည်။

စစ်အာဏာရှင်တို့သည်ကား ရက်စက်ယုတ်မာရိုင်းစိုင်းရာတွင် အစ္ဇျတ္တရော ဗဟိန္ဓပါ ပုံဖမ်းရုပ်ဖျက် သရုပ်ဆောင်ကောင်းလျက် ရှိကြပါတကား။

ကျနော်တို့ကို တင်ဆောင်လာသည့် ကားသည် မင်္ဂလာဒုံမှ ဒညင်းကုန်း၊ အင်းစိန် ဘက်သို့ မောင်းလာပါသည်။ ကားပေါ်တွင် တဦးနှင့်တဦး စကားပေး မပြောပါ။ အင်းစိန်ထောင်းဗူးဝရှေ့တွင် ကားရပ်လိုက်သည်။ ကားပေါ်မှ ဆင်းခိုင်းပြီးနောက် လူတယောက်ချင်းစီးကို ထောင်ဗူးဝ သံတံခါးမကြီးဘေးရှိ မလွယ်ပေါက်မှ ဝင်ခိုင်းပါသည်။ ဗူးဝနှင့်ကပ်ရက် အခန်းတခုထဲတွင် စုထားပြီး နာမည်စစ်ပါသည်။

ပြီးမှ ကျနော်နှင့်အခြားတယောက်ကို နှစ်ယောက်တတွဲ ခေါင်းကိုစောင်အုပ်လျက် ဝါဒါတယောက်က စောင်စ ဆွဲ၍ ခေါ်လာပါသည်။ ခေါင်းသာအုပ်ထား၍ ခေါ်လာသည့်လမ်းတလျှောက် လမ်းဘေး တဖက်တချက်တွင် ပုဆိုးဖြူဖြူနှင့် ထောင်သားများ၏ ခါးအောက်ပိုင်းကို မြင်ရပါသည်။ ကျနော်တို့ကိုခေါ်လာစဉ် ဤပုဆိုးဖြူဝတ် များသည် ရှေ့ကို လက်ချင်းအုပ်လျက် ရပ်နေသည်ကို တွေ့ရပါသည်။

အတန်ကြာလျှောက်ပြီးနောက် ဘယ်ကွေ့ပါသည်။ ထုံးဖွေးဖွေး ကိုးနဝင်း စေတီလေးတဆူကို အောက်ခြေပစ္စယံကို ရိပ်ခနဲ လှမ်းဖူးလိုက်ရပါသည်။ ပြီးတော့မှ တနေရာ အရောက်တွင် ရပ်လိုက်ပါသည်။ ဝါဒါက အခန်းတခု၏သော့ကို ဖွင့်လိုက်သည်။ ဂလောက် ဂျောင်းဆိုပြီး သံတံခါးကို ဆွဲဖွင့်သည်။ ပြီးတော့မှ ကျနော်တို့ ၂ ယောက်ကိုအုပ်ထားသည့်စောင်ကို ဆွဲခွာလိုက်ပြီး အခန်းတွင်းသို့ ဝင်ခိုင်းပါသည်။

ကံဇာတာဂြိုဟ်စီး ဒုက္ခမီးနောက်ကလိုက် ထောက်လှမ်းရေးတွေလက်ထဲ ရောက်လိုက်တဲ့အချိန်ကစပြီး အတွေ့ကလည်း စိမ်း၊ အကြုံကလည်းစိမ်း၊ ခံစားချက်ကလည်းစိမ်းလှပါသည်။ ကျနော်တို့ ၂ ယောက် ယခုရောက်လာ လိုက်တဲ့နေရာကလည်း အဲဒီလို စိမ်းသက်သက်ချည်းပါ။

၈ ပေ ၁၂ ပေရှိမည့် တိုက်ခန်းအခန်းနံရံက ဝါကျင့်ကျင့် ထုံးရောင်၊ အမြင့်ကတော့ ၁၅ ပေလောက်ရှိမည် ထင်ပါသည်။ အခန်း၏နောက်ဘက် အုတ်နံရံက ၁၂ ပေလောက်အမြင့်တွင် တပေခွဲ နှစ်ပေအမြင့် လေဝင်ပေါက် သံတိုင်တံခါးတခု အခန်းပေါက်ဝရှေ့မှာတော့ ဟောင်းနွမ်း၍ သံချေးတက်နေသော ၃ ပေ၊ ၇ ပေရှိမည့် ဝက်ထွက်သံတံခါးတခု၊ အခန်းထဲတွင် သစ်သားကွပ်ပျစ် ၃ ပေ၊ ၆ ပေ သမံတလင်းနှင့်ကပ်ရက်၊ အုတ်နံရံနှင့်ကပ်ရက် တဖက်စီတွင် တခုစီခင်းထားသည်။

အခန်းထဲမှ အနံအသက်သည် အောက်သိုးသိုးနှင့် လေကောင်းလေသန့်မရှိပါ။ အခန်းရှေ့ ၁၂ ပေလောက် အကွာတွင် ၁၀ ပေခန့်မြင့်မည့် အုတ်နံရံသရိုးတွေက ကွာကျ၊ ရေညှိတွေကပ် အထပ်ထပ် မွဲခြောက်သည့် အရောင်က မလှမပ။ မြင်လိုက်ရသည့်တခဏ စိတ်တွေက နောက်ကျိရှုတ်ထွေးလှ။ မြို့ပျက်၊ တိုက်ပျက်ကြီး တခုအလယ် ရောက်နေသည်လားလို့ ထင်မှတ်ရ။

ကျနော်နှင့်တခန်းတည်းနေရသူမှာ ကိုထင်ရှိန်။ ကျနော့်ထက် ၁၀ နှစ်ကျော် ကြီးပါသည်။ သူပြောပြ၍ အသက် ၃၅ နှစ်ရှိပြီ ဟု သိရသည်။ ရန်ကုန် သတင်းစာတိုက်မှ သတင်းထောက် ရေကြည်အိုင်မှာတုန်းက ကိုရဲမြင့် ပြောပြထားလို့ နာမည်ကြားပြီး ရင်းနှီးနေသူပါ။ သူလည်း ကျနော့်နာမည်ကို ကြားထားပါသည်။

ကျနော်တို့ထောင်ထဲဘဝက ရင်းနှီးမိတ်ဆွေဖြစ်ကြပုံမှာ သုံးမျိုး သုံးစားရှိသည်။ ပထမမျိုးက လူချင်းတွေ့ပြီး ရင်းနှီးရသည့် မိတ်ဆွေ၊ ဒုတိယမျိုးက ပထမရင်းနှီးသည့် မိတ်ဆွေက သူ့ သူငယ်ချင်း သို့မဟုတ် သူ့အမှုတွဲက ဘယ်သူ၊ သူ့နာမည်က ဘယ်လို သူ့အလုပ်က ဘာအလုပ်ဆိုပြီးပြောထားလို့ တဆင့်စကားနဲ့ ရင်းနှီးခင်မင်ရသည့် မိတ်ဆွေ၊ တတိယမျိုးကတော့ အချုပ်ခန်းချင်းကပ်ရက် အသံပဲကြားရပြီး သိကျွမ်းခင်မင်ရ သည့် မိတ်ဆွေဆိုပြီး သုံးမျိုးသုံးစား ရှိပါသည်။

အကိုကြီး ကိုထင်ရှိန်မှာ အေးအေးဆေးဆေးနေတတ်ပြီး စကားနည်းသူ ဖြစ်ပါသည်။ ဗကသ ကျောင်းသား ခေါင်းဆောင်ဟောင်းတဦးဖြစ်ပြီး သူ့ဆီက နိုင်ငံရေးအတွေ့အကြုံ၊ ကျောင်းသားလှုပ်ရှားမှုအတွေ့အကြုံ မေးမြန်း သိခွင့်ရပြီး ကျနော့်အတွက် တန်ဖိုးရှိလှပါသည်။ ကျနော့်ကိုလည်း ညီငယ်တယောက်လို၊ ရဲဘော်ရဲဘက် တယောက်လို သွန်သင်ဆုံးမပါသည်။ ကျနော်ကတော့ လူငယ်ပီပီ တက်ကြွသည်။ စွန့်လွှတ်နိုင်ဖို့ကြိုးပမ်းသည်။ လူငယ်သဘာဝအတိုင်း အမြဲတမ်း တက်ကြွနေပါသည်။

အကိုကြီး ကိုထင်ရှိန်ပြောပြချက်အရ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကာလက ၅ ခရိုင် ငြိမ်းချမ်းရေး ဆန္ဒပြပွဲတွင် အဖမ်းခံခဲ့ရသေးကြောင်း၊ ၈ မိုင်ထောက်လှမ်းရေးစခန်းတနေရာတွင် ချုပ်ထားကြောင်း၊ ညမိုးချုပ်ရင် လူဝကြီးတယောက်က အခန်းသံတိုင်ဝတွင် ဖယောင်းတိုင်လာထွန်းပြီး ထိုင်စောင့်နေပါသည်။ ဘာစကားတခွန်းမှ မပြောပါ။ ဖယောင်းတိုင်ကုန်လျှင် လူဝကြီးပြန်သွားပါသည်။ ညမိုးချုပ်လျှင် အမြဲရောက်လာပါသည်။ မနက်တိုင်း ထမင်းလုံးတီး တပန်းကန်နှင့် ချဉ်ပေါင်ရည်ကျဲတခွက် လာကျွေးကြောင်း၊ စားချင်စိတ်မရှိသော်လည်း အာဟာရ မပြတ်ရေးအတွက် စားခဲ့ရကြောင်း ပြန်ပြောပြပါသည်။ ရက် ၄၀ ချုပ်ခံရပြီး ပြန်ထွက်လာပါသည်။ အပြင်ရောက်တော့ အတော်ဆေးကုယူရ ကြောင်း ပြောပြပါသည်။

မနက်ကျရင် နှစ်ကြီးရာဇဝတ် ထောင်ကျအကျဉ်းသားတွေကို ရွေးထုတ်ပြီး ခေါ်ပါသည်။ အင်္ကျီအဖြူလက်တို၊ ပုဆိုးအပြာ ဝါဒါက တံခါးဖွင့်ရင် အဆိုပါထောင်ကျက အခန်းထဲရှိ (ဂန်ဖလား) အင်တုံကို လာချပါသည်။ တချိန်တည်း ရေချိုးထုတ် စောင်အုပ်ပါသည်။

တိုက်တန်းလျားအခန်းသည် ၂၀ လောက်ရှိသည် ထင်သည်။ တိုက်ခန်းအလယ် လောက်တွင် သွပ်ပြား ကာထားသည့် ရေချိုးခန်းရှိပါသည်။ အခန်းထဲတွင် တယောက်တဖက်လှည့် ရေချိုးပါသည်။ ကိုထင်ရှိန်က ရေချိုးခံနှင့် လူကြီးချိုး ချိုးပါသည်။ ကျနော်က တဖက်လှည့်ပြီး ကလေးချိုး ချိုးပါသည်။ ရေချိုးရသည်မှာ အလုအယက်နှင့် ကသုတ်ကရက်နိုင်လှပါသည်။ ဝါဒါက တော်တော့ ဆိုလျှင် ရေချိုးရပ်ပြီး တော်လိုက်ရပါသည်။

ကျနော်တို့အခန်းရှေ့ ၁၀ ပေခန့်မြင်ကွင်းကို ကာကွယ်ထားသည့် အုတ်တံတိုင်း တခုခြားပြီးနောက် လမ်းကြားတခု ရှိပါသည်။ နောက်ထပ် ၁၀ ပေခန့်မြင့်မည့် မြင်ကွင်းကာ အုတ်တံတိုင်းတခု ခြားထားပြန်ပါသည်။

ကျနော်တို့နေသည့်တိုက်၊ အချုပ်ခန်း တန်းလျားထက်ရှည်မည့် မျက်နှာချင်းဆိုင် တိုက်တန်းလျားတခု၏ အုတ်ကြွပ်မိုး နီနီခေါင်မိုးကို လှမ်းမြင်ရပါသည်။ ကျနော်တို့နေသော အချုပ်တန်းလျားမှာ အတွေ့အကြုံအရ ၄ တိုက်လို့ သိလာရပါသည်။ ခေါင်မိုးနီနီလှမ်းမြင်ရသောတိုက်မှာ ၅ တိုက် ဖြစ်ပါသည်။ ကျနော်တို့နေသော ၄ တိုက်အချုပ်မှာ ဘချော အမြဲပြဿနာရှာသူ၊ ထောင့်ကလည်း မကျိုးပါ၊ ကျနော့်ကို ပြဿနာ တခါ နှစ်ခါ လာရှာပါသေးသည်။ အကိုကြီး ကိုထင်ရှိန်က ကြားဝင်၍ပြဿနာ မတက်ခဲ့ပါ။

၁၉၆၈ ခုနှစ် နိုဝင်ဘာလ အလယ်လောက်တွင် မနက်စာ စားပြီး အကိုကြီး ကိုထင်ရှိန်နှင့် ကျနော့်ကို တိုက်ခန်းတံခါးဖွင့်၊ ခေါင်းစောင်အုပ် ခေါ်ထုတ်သွားပါသည်။ တနေရာအရောက်တွင် တံခါးတခုကိုဖွင့်လိုက်ပြီး အုပ်ထားသည့်စောင်ကို ခွာလိုက်ပါသည်။ ပေ ၄၀၀ ကျော်ရှည်လျားသည့် ဝါကျင့်ကျင့် နှစ်ထပ် တိုက်တန်းလျားကြီး တခုထဲကို ခေါ်သွားပါသည်။ တိုက်တန်းလျားကြီး၏ စင်္ကြံလမ်းအတိုင်း လျှောက်လာပြီးနောက် အခန်းတခုရှေ့အရောက်တွင် သစ်သားတံခါးကြီးကို သော့ဖွင့်လိုက်ပြီး အထဲကို သွင်းပါသည်။

ဆက်လက်ဖော်ပြပါမယ်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၁၈)

တော်လှန်ရေးသမား

ကိုယ်ထူကိုယ်ထ

အဲဒီတော့ ဒီ ကိုယ်ထူကိုယ်ထဆိုတာဟာ ဗမာပြည်ထောင်သမိုင်းမှာ အသစ်ပဲ။ ဗမာပြည်ထောင်သမိုင်း၊ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ အသစ်ဆန်းဆုံးသော အရာလို့ ပြောလို့ရတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို B ကလပ်ကနေပြီးတော့ ဖြုတ်၊ အဆင့်အမျိုးမျိုး လျှော့ချလိုက်ပြီး အခုဟာက သာမန်အကျဉ်းသားတွေထက် ပိုဆိုးတဲ့အဆင့်ကို ပို့လိုက်တာဖြစ်တယ်။

ကျနော်တို့တတွေဟာ ကိုယ့်ထမင်းကိုယ် ချက်ရရုံမက ကိုယ့်ထင်း ကိုယ်ရှာရမယ်။ ကိုယ့်ရေ ကိုယ်ခပ်ရမယ်။ ကိုယ့်သီးနှံ ကိုယ်စိုက်ရမယ်။ ဒီလို စည်းကမ်းသတ်မှတ်တဲ့ ထောင်မျိုးကို ပြည်မမှာ လုပ်လို့မရဘူး။ သူတို့ ဒါသိတယ်။ ပြည်မမှာလုပ်ရင် ဒါဟာ နိုင်ငံတကာကလည်း သိသွားမယ်။ ပြည်တွင်းကလည်း သိကုန်မယ်။ နောက်တခါ နောက်ပိုင်းမှာ ကျနော်ပြောပါမယ်။ ပြည်မမှာ လုပ်လို့မရတဲ့ အပိုင်းတွေ ထွက်ပြေးကုန်ကြမှာ။ အဲဒီတော့ ကျွန်းပို့မှ လုပ်လို့ရတာ။ အဲဒီအတွက် သေသေချာချာကို စီစဉ်ပြီးတော့ စီမံကိန်းတခုနဲ့ လုပ်တယ်ဆိုတာ နောက်ပိုင်းမှာလည်း ထပ်ပြီးတွေ့ရလိမ့်ဦးမယ်။

စောစောတုန်းက ကျနော်ပြောတဲ့သင်္ဘောပေါ်က လှမ်းမြင်ရတယ်ဆိုတဲ့ အိမ်တွေက လယ်ကျေးရှင်းက အိမ်တွေ။ မြေကျေး ရှင်းလုပ်သားတွေ ဒီမှာရှိတယ်။ အုန်းပင်နဲ့ပတ်သက်တဲ့ဟာတွေ။ နောက်ပြီးကျတော့ အထဲနည်းနည်းဝင်လာတော့ ထောင်အမှုထမ်းတွေရဲ့ တန်းလျားတွေ။ ထောင်အမှုထမ်းတွေရဲ့တန်းလျား ဆိုတော့ ထောင်အမှုထမ်းတွေလည်း သူတို့ဇနီးတွေ ဘာတွေ ခေါ်လာရတာ မဟုတ်ဘူး။ ဟို … ထောင်ပိုင်ကအစ အကုန်လုံး ဒီမှာ အမျိုးသမီးတယောက်မှ မရှိဘူး။

အဲဒီ တန်းလျားတွေကျော်လာ၊ နောက် ကမူလေးတခုကိုကျော်လိုက်တော့မှ အဲဒီလမ်းရဲ့ဘယ်ဘက် ညာဘက် နှစ်ဖက် စလုံးမှာ သံဆူးကြိုး နှစ်ထပ်ကန့်ထားတဲ့ ဝင်းကြီး ၃ ဝင်းကို လှမ်းတွေ့ရတယ်။ ဧရာမ ဝင်းကြီးတွေ၊ အထဲမှာ အဆောင်တွေ နဲ့။ အဲဒါ ကျနော်တို့ကိုထားမယ့် အဆောင်တွေပဲ။ ကျနော်တို့အားလုံးကို ဝင်းကြီးတဝင်းထဲမှာပဲ ထည့်လိုက်တယ်။ ကျန်တဲ့ ဝင်းကြီး ၂ ဝင်းက လွတ်နေသေးတယ်။ ကျနော်တို့လိုပဲ အလားတူကြီးတဲ့ ဝင်းကြီးတွေ။ တဝင်းကဆို ကျနော်တို့ထက်တောင် ပိုကြီးသေးတယ်။

ဝင်းတဝင်းထဲမှာ ထည့်လိုက်တယ်။ ထည့်လိုက်တာက လူ ၂၃၃ ယောက်။ အဆောင်တွေမှာ ခပ်ချောင်ချောင်ပဲ ပိုတောင်နေသေးတယ်။ နောင်မှ ကျနော်တို့ ပြန်တွက်ကြည့်တာ ဝင်း ၃ ဝင်းလုပ်ထားတာ ဒီစခန်းထဲမှာ လူအပြည့် ခပ်ကျပ်ကျပ် ထည့်နိုင်မယ်ဆိုလို့ရှိရင် ဒီဝင်း ၃ ဝင်းဆိုလို့ရှိရင် လူ ၁၀၀၀ လောက်ကို ပို့နိုင်တယ်။ နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကိုကိုးကျွန်းပို့ဖို့ဆိုတဲ့ အစီအစဉ်။ ဘယ်လောက် ကြောက်စရာကောင်းလိုက်သလဲ။ ဘယ်လောက် ရက်စက် ယုတ်မာလိုက်တယ်ဆိုတာ စဉ်းစားလို့ရတယ်။

အဲဒီတော့ကျနော်တို့တတွေ အဆောင်ထဲဝင်သွားတယ်ဆိုတော့ နေရတာက ဘားတိုက်လိုဟာတွေ။ စစ်တန်းလျား ဘားတိုက်လိုဟာတွေ၊ အဲဒီမှာ ကုတင် မရှိဘူး။ ကွပ်ပျစ်လိုအဆောင် ဘားတိုက်အပြည့် ရိုက်ထားတဲ့ဟာတွေ ရှိတယ်။ အဲဒီအလယ်မှာ လူသွားလမ်းက အုတ်စီ ကွန်ကရစ်နဲ့။ အဲဒီကုတင် တွေရဲ့အောက်မှာတော့ သဲတွေပဲ။ ကျနော်တို့ရောက်သွားတော့ ကျနော်တို့နေတဲ့အဆောင်တွေထဲမှာကိုပဲ ဝင်ကစွပ်တွေ၊ ဂဏန်းအသေးလေးတွေ သွားလာနေကြတုန်းရှိသေးတယ်။ ဆိုလိုတာ ဒီစစ်အစိုးရဟာ ထောင်တွေ တိုးချဲ့ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကိုပါ အကြီးအကျယ် ထိခိုက်စေတယ်။ ဒီလို ကျနော်တို့ ထင်းခုတ်၊ တောင်ယာခုတ်နဲ့ ပိုကိုထိခိုက်သွားတာ။

အဲဒီတော့ ဒီတခါပို့လိုက်တဲ့လူကို ကြည့်လိုက်တော့ ကျောင်းသားလူငယ်က ရာခိုင်နှုန်း ၇ဝ-၈ဝ လောက်ရှိတယ်။ အဲဒီအထဲက ကျောင်းသားချည်းကိုက တဝက်ကျော် (ရာခိုင်နှုန်း ၅ဝ ကျော်) လောက်ရှိလိမ့်မယ်။ ကျနော်တို့ သေသေချာချာတော့ အဲလိုစာရင်းတော့ တွက်မကြည့်ဘူးပေါ့လေ။ သေချာတာတော့ ရာခိုင်နှုန်း ၅ဝ အထက်မှာပဲ။ ၆ဝ တောင်ကျော်လောက်တယ် ထင်တယ်။ အဲဒီတော့ ပြန်စဉ်းစားလိုက်တော့ ၅၈ ခုနှစ် ကိုကိုးကျွန်းပို့တုန်းက ကျောင်းသားက နည်းနည်းလေး။ အဲဒီတုန်းက ကျောင်းသားဟာ ကိုကိုးကျွန်းပို့တဲ့ အရေအတွက်ထဲမှာ ၁ဝ ခိုင်နှုန်းတောင် မရှိဘူး။ ဒီတခါကျတော့ ရာခိုင်နှုန်းက ၅ဝ-၆ဝ အဲလိုဖြစ်နေတယ်။

ကျနော်ထောက်ပြချင်တာက ကျနော် အထက်ကပြောခဲ့တဲ့ စစ်အစိုးရရဲ့ ကျောင်းသားတွေအပေါ်ထားတဲ့ အာဃာတ အငြိုး၊ အဲဒါကို ထပ်ပြီးပြောချင်လို့ပါ။ ဒီတခါ ပို့လိုက်တဲ့အထဲမှာ ကျနော်တို့ ပြန်စစ် ကြည့်လိုက်တော့(ဗကသ)က ပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ပါတယ်။ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ပါတယ်။ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပါတယ်။ မန္တလေးခရိုင် (ဗကသ)က လူငယ့်တပ်ဦး။ နောက် … မြန်မာနိုင်ငံ အလုပ်သမား ညီညွတ်ရေးပါတီ၊ ပြည်သူ့ရဲဘော်၊ အလံနီပါတီ၊ ABKO ၊ ရခိုင်လူငယ် … စတဲ့ဟာတွေပါတယ်။ ဖဆပလ၊ ပထစ တယောက်မှ မပါဘူး။ အကုန်လုံး ထောင်တွေထဲမှာ ကျန်နေခဲ့တယ်။ လွှတ်လည်း မလွှတ်သေးဘူး။ အဲဒီတုန်းက အရင်ကျွန်းရောက်ဖူးသူတွေ လည်း ၃-၄ ယောက်ပါတယ်။ အရင်တခါ ကျွန်းပါပြီးသား ဗိုလ်အုန်းမောင် အပါအဝင်ပေါ့လေ။

အဲဒီတော့ နိုင်ငံရေးနဲ့ မပတ်သက်သူ၊ လက်ဝဲနဲ့ မပတ်သက်သူရယ်လို့ ဒီ ဒေသ ဆိုင်ရာအာဏာပိုင်တွေ (အဲဒီတုန်းကတော့ လဝကတို့၊ မဝကတို့ အဲဒီ ကောင်တွေပေါ့။) သူတို့က သူတို့နဲ့မတည့်လို့ ညစ်ပြီးထည့်လိုက်တဲ့ ဘယ်လိုမှ နိုင်ငံရေးမလုပ်တဲ့၊ မပတ်သက်တဲ့ တခါမှ မလုပ်ဘူးတဲ့လူတွေ ၄-၅ ယောက် လောက် ပါလာတယ်။ ဥပမာ … မန္တလေးကပါလာတဲ့ ဒေါက်တာ ကူးမားတို့လို ပုဂ္ဂိုလ်တွေ။ ကျန်တာကတော့ ကျောင်းသားနဲ့ လက်ဝဲတွေကြီးပဲ။

ကျနော်တို့နေရတဲ့ ဟို ဝိုင်းထဲမှာအဆောင် ၁၂ ဆောင် ရှိတယ်။ အဲဒီ ၁၂ ဆောင် ထဲက အဆောင် ၂ ဆောင်ကို လှပ်ထား လိုက်တယ်။ တဆောင်ကို ဆန်ဂိုဒေါင် လုပ်တယ်။ တဆောင်ကို ဆေးရုံအဆောင်ဆိုပြီးတော့ လှပ်ထား လိုက်တယ်။ အဲဒီ ကျန်တဲ့ ၁ဝ ဆောင်မှာ ကျနော်တို့ ၂၃၃ ယောက် မျှနေကြတာ။ ကျနော်တို့နေတဲ့ဟာရဲ့ အရှေ့ဘက်အဆုံးမှာ ကျနော်တို့ က သူနဲ့ အရှေ့ဘက်ဖျားဆိုတော့ အရှေ့ဘက်အစွန်မှာ ရိက္ခာရုံ အကြီးကြီး ရှိတယ်။ အဲဒီ ရိက္ခာရုံအကြီးကြီးမှာ မီးဖိုအကြီး နှစ်ခု ရှိတယ်။ နောက် … ထမင်းစားခန်းကြီး ရှိတယ်။ ကျနော်တို့နေတာက ကျွန်းရဲ့တောင်ဘက်အဖျား။ တောင်ဘက် အဖျားမှာဆိုတော့ ကျွန်းက အဖျားရှူးတဲ့အပိုင်းကို ရောက်နေပြီ။ ကျနော်တို့ တောင်ဘက်နားမှာ နည်းနည်းပဲ ကျန်တော့တယ်။

ကျနော်တို့နေတဲ့နေရာမှာ ကျွန်းက အရှေ့နဲ့ အနောက်ဘက်ဆိုလို့ရှိရင် မီတာ ၄ဝဝ မီတာ ၅ဝဝ လောက်ရှိတယ်။ ကျွန်းရဲ့ တောင်ဘက်ဖျားမှာကျတော့ သူတို့ ရေတပ် တို့၊ လေယာဉ်ပျံကွင်းတို့၊ အုန်းဆံကြိုးစက်တို့၊ မြေကျေးရှင်းတို့ အဲဒါတွေ ရှိတယ်။ ကျနော်တို့ရဲ့ ရိက္ခာရုံကနေပြီးတော့ အဲဒီ အရှေ့ဘက်ကို လှမ်းကြည့်လိုက်ရင် သင်္ဘောပျက်ကြီးတခု လှမ်းတွေ့ရတယ်။ သင်္ဘောပျက်ကြီးက ဘာမှ မဝေးဘူး။ ဒီရေကျချိန်ဆိုလို့ရှိရင် လမ်းလျှောက်သွား အဲဒီ ရေစပ်ရောက်လို့ ရှိရင် ရေထဲ ဆင်း။ အဲ ရေကူးစရာရှိရင် နောက်ထပ် ကိုက် သုံးလေးဆယ် ရေကူးလိုက်ရင် အဲဒီသင်္ဘောကြီးကို ရောက်သွားရော။ ဆန်တင်သင်္ဘောကြီး။ ကျနော်က အဲဒီသင်္ဘောကြီးကို အိုနာဆစ်လို့ နာမည် ပေးထားတယ်။ ဂရိသင်္ဘော သူကြွယ်ကြီး အိုနာဆစ်။ ကြားဖူးတာက ဒါ … ဂရိ သင်္ဘောတစင်းလို့ ကျနော်တို့ကြားဖူးတယ်။

ဟုတ်လည်းဟုတ်ပါတယ်။ နောင်မှ ကျနော်တို့ သင်္ဘောပေါ် တက်ကြည့်ကြတဲ့ အခါကျတော့ ဂရိစာတွေ ဘာတွေ တွေ့တယ်။ ဒါပေမယ့် အိုနာဆစ်သူဋ္ဌေးရဲ့ သင်္ဘောဟုတ် မဟုတ်ဆိုတာတော့ မသေချာဘူးလေ။ အဲဒီဟာက ဒီသင်္ဘောရဲ့သမိုင်းကလည်း ဒီလို …။

ဗမာပြည်မှာ ၁၉၆၇ ခုနှစ်၊ ဆန်တွေ ပြတ်လပ်တဲ့အခါကျတော့ စစ်အစိုးရဟာ (အဲဒီတုန်းက မဆလအစိုးရပေါ့) သူတို့က ပြည်သူလူထုမသိအောင် တိတ်တိတ်ကလေး ဆန်တွေကို နိုင်ငံခြားကိုထုတ်ရောင်းတာ။ ဒီသင်္ဘောမှာတင်ပြီး လွှတ်လိုက်တာ။ ဖြစ်ချင်တော့ ဒီသင်္ဘောက ဒီနားမှာရောက်တော့ မီးလောင်တာ။ သင်္ဘောမီးလောင်တာနဲ့ နောက်ဆုံး ကျွန်းနားကို ရေတိမ်တဲ့နေရာ အတင်း ထိုးပြီးတော့ သင်္ဘောထိုးတက်လိုက်ပြီး လူတွေအကုန်လုံး ဆင်းပြေးရတာ။ အဲဒီသင်္ဘောကြီးက ဒီအတိုင်း ကျန်နေခဲ့တာ။ သင်္ဘောပေါ်မှာ မီးလောင်ထားတဲ့ ဟာတွေ အများကြီး။ ကျနော်တို့ တက်ရှာတဲ့အခါကျတော့ သင်္ဘောပေါ်မှာ ဆန်အိတ်အပုပ်တွေ၊ ဆန်အိတ်တွေက ပုပ်ပြီးနံနေပြီ။ လက်နှိပ်စက်အပျက်တွေ၊ တခြားတန်ဖိုးရှိတဲ့ပစ္စည်းတော့ ဘာမှမရှိပါဘူး။ ဒါပေမယ့် နောင်မှာကျတော့ ဒီသင်္ဘောကြီးနဲ့ အဲဒီ တန်ဖိုးမရှိတဲ့ပစ္စည်းတွေကပဲ ကျနော်တို့အတွက် အင်မတန်တန်ဖိုးရှိတဲ့ အဓိက ကုန်ကြမ်း အရင်းအမြစ်တွေ ဖြစ်တာ ကျနော် ဆက်ပြောပြပါမယ်။

ဆက်လက်ဖော်ပြပါမယ်။

Tuesday, November 24, 2009

က, ကလေးငယ် ချစ်စဖွယ် (မိုးချိုသင်း)

“ဟယ် … စိုးစိုး၊ နင် ဘယ်တုန်းကရောက်လဲ”

“မနေ့ကပဲဟ၊ ငါ နင်နဲ့တွေ့ချင်လွန်းလို့သာ လာရတာ၊ လမ်းက သိပ်မမှတ်မိဘူး။ မေးလာရတယ်”

“နင်က ငါ့ကိုမေ့နေတာကိုး၊ ကျောင်းတက်တုန်းက အမြဲလာလည်တဲ့အိမ်တောင် နင်က မမှတ်မိဘူးဆိုတော့…”

“ဟိတ် အပိုတွေပြောမနေနဲ့။ သတိမရရင် ဒီလို တကူးတက လာပါ့မလားဟ”

“ဟုတ်ပါပြီရှင်၊ ကျေးဇူးတင်ပါတယ်”

“အင်းလေ … ခုဆို ၇ နှစ်လောက်ရှိရော့မယ်”

“နင် အခု ဘာလုပ်နေလဲ”

“ဟယ် … ငါထည့်လိုက်တဲ့စာ နင်မရဘူးလား။ ငါ ကျောင်းဆရာမလုပ်နေတယ်လို့ စာရေးလိုက်တယ်လေ”

“မြတ်စွာဘုရား၊ နင် ဆရာမလုပ်နေတယ် ဟုတ်လား။ ဆရာမအလုပ်ကို ဝါသနာ မပါဘူး၊ စိတ်မရှည်ပါဘူး ဆို၊ ခုရော ဘယ်နှယ့်လဲ”

“ခုတော့ မဆိုးပါဘူးလို့ပြောရမှာပဲ။ နင်မှတ်မိသေးလား။ ကျောင်းတုန်းက နင်နဲ့တခြားနေရာတွေမှာတူကြပေ မယ့် ဆရာမအလုပ်ကိစ္စမှာ ကွဲပြားကြတယ် လေ။ ငါက ဆရာမအလုပ်ဆိုရင် တူးတူးခါးခါး၊ နင်က မက်မက်မောမော။ ခုရော ကိုယ်ဝါသနာပါတာ လုပ်လို့ရလို့ ပျော်နေပြီမဟုတ်လား”

“မပျော်နိုင်ပါဘူးဟာ၊ ကလေးတွေအစား ငါ သိပ်ရင်မောတာပဲ”

“ဘာဖြစ်လို့လဲ ဆရာမကြီးရဲ့”

“နင်က ကံကောင်းပါတယ်၊ မြို့ပေါ်မှာ သင်ရတဲ့ဆရာမဆိုတော့ ဒီလို ဘယ် ရင်မောရပါ့မလဲ၊ ငါ တာဝန်ကျတဲ့ ရွာမှာ ကလေးတွေက သိပ်သနားဖို့ ကောင်းတယ်ဟာ။ ငါက သူငယ်တန်းကို ကိုင်ရတယ်။ ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာရေးကို စိတ်မဝင်စားနိုင်ဘူး သိလား။ သူတို့ခေါင်းထဲမှာရှိတာ ထမင်းနပ်မှန်အောင် စားနိုင်ဖို့ပဲ။ ဒီအရွယ်လေးတွေနဲ့ မိဘနဲ့အတူရုန်းကန်ပြီး ထမင်းမှန်မှန်စားနိုင်ဖို့ မိဘကို အလုပ်ကူလုပ်ကြရ တယ်”

“ကွာလိုက်တာကွာ၊ ငါသင်ရတာက သူငယ်တန်း မဟုတ်ဘူး။ ငါက အမေရဲ့ကိုယ်ပိုင် ကျောင်းမို့လို့ မြို့ပေါ်မှာ သင်ရတာပါ။ နို့မို့ဆို ငါလည်း ဘယ်မြို့ပေါ်မှာ ရလိမ့်မလဲ။ မူကြိုသင်တာ။ ဒါပေမယ့်ဟေ့ အသက်က ကျောင်းမဝင်ခင် စပ်ကြား ၃ နှစ်က ၅ နှစ်ဆိုပေမယ့် စာလိုချင်တာ လက်ဖျားတင် မကဘူး။ ခြေဖျားပါ ခါသွားရမယ်။ ကျောင်းမဝင်ခင် သူငယ်တန်း စာအုပ်ကို ဖွတ်ဖွတ်ကြေနေအောင်တတ်သွားမှ၊ ဒါမှကျောင်းဝင်တော့ ပထမရကြမှာလေ”

“ငါ့ကလေးတွေလည်း ဒီလိုပြည့်စုံရင် ဒီလိုပဲ စာလိုချင်ကြမှာပေါ့လေ။ ခုတော့ ငါက နေ့တိုင်း မှန်မှန် ကျောင်းတက်ဖို့ ကျောင်းအဆင်းတွေမှာ မိဘတွေကို လိုက်စည်းရုံးရတယ်။ ကိုယ့်ကလေး ပညာတတ်ဖို့ပဲဟာ။ ဘယ်သူ မလွှတ်ချင်ပဲနေမှာလဲ။ ဒါပေမယ့် ကျောင်းလွှတ်လိုက်ရင် ဟင်းရွက်ခူးဖို့ လူမရှိဘူး။ ငါးပုစွန်နှိုက်ဖို့ ခိုင်းစရာမရှိဘူး။ ကလေး ကူထိန်းပေးမယ့်သူ မရှိတော့ဘူး။ ကဲ … ဘယ်လိုလုပ်မလဲ”

“ဒါဆို ငါ့ကျောင်းက ကလေးတွေက သိပ်ကံကောင်းတာပေါ့နော်။ သူတို့မှာ ဘာမှပူပန်စရာမရှိကြဘူး။ သူတို့မှာ ထမင်းချိုင့်ဆွဲပေးမယ့် အိမ်ဖော်က အဆင်သင့်။ လက်ထဲမှာ ဂျယ်လီတွေ၊ ချောကလက်တွေနဲ့။ ကျောင်းသွား ကျောင်းပြန် ကားတွေနဲ့ …”

“နင့်ကလေးတွေဘဝမျိုးကို ငါ့ကလေးတွေ အိပ်မက်တောင်မက်ဖူးပါ့မလား မသိဘူး။ စာမေးပွဲတွေမှာတော့ ငါက မှန်မှန်လာဖြေစေချင်တယ်လေ။ စာမေးပွဲဖြေဖို့ ကလေးတွေကို အိမ်ပေါက်စေ့ လိုက်ခေါ်ရင် ‘အမေ နေမကောင်းလို့ ဒီတခါ ကျနော် မဖြေတော့ဘူး’ လို့များ ပြန်ပြောရင် ငါဖြင့် ဝမ်းနည်းလို့မဆုံးဘူး၊ သူတို့လေးတွေရဲ့ဦးနှောက်ထဲမှာ သူတို့လေးတွေရဲ့စကားတွေမှာ ခေတ်ရဲ့အရိပ်တွေ လွှမ်းမိုးနေတယ်”

“ငါ့ကလေးတွေရဲ့စကားထဲမှာတော့ ညကကြည့်တဲ့ ဗွီဒီယိုအခွေက ကာတွန်းကား အကြောင်းပါမယ်။ ပန်းခြံထဲမှာ ရထားစီးတာတွေ၊ လေထီးစီးတာတွေ ပါမယ်။ သူတို့ပါပါးက နိုင်ငံခြားကပို့လိုက်တဲ့ ဓာတ်ခဲနဲ့ သွားတဲ့ရထားလေးအကြောင်း ပါတယ်။ ဒါပဲ”

“ငါတော့ပြောရင်းနဲ့ ဘာကိုစိတ်နာရမှန်း မသိတော့ဘူး။ ငါ့ကလေးတွေမှာ ကလေးစိတ်လေးတွေ မရှိဘူးဆိုရင် နင်ယုံမလား။ ဒီ့ထက် ဝမ်းနည်းဖို့ကောင်းတာ ရှိသေးတယ်။ သူတို့မှာ ကြီးလာရင် ဆရာဝန် လုပ်မယ်။ အင်ဂျင်နီယာ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိကြဘူးဟာ။ ကိုယ့်ရွာကကျောင်းမှာ ဆရာမ ပြန်လုပ်မယ်။ ဆရာပြန်လုပ်မယ်ဆိုတဲ့အဆင့်တောင် မမျှော်မှန်းရဲကြဘူး။ ငါက ‘သားတို့သမီးတို့ကြီးရင် ဘာလုပ်မလဲ’ လို့မေးရင် စဉ်းစားမနေဘဲ ‘ဆရာမကလဲ လယ်စိုက်မှာပေါ့’ တဲ့။ ငါကတော့ အတင်းပြောင်းယူတာပဲ။ ဆရာမလို ဆရာမ မလုပ်ချင်ဘူးလားလို့။ စာကြိုးစားရင် ဆရာမလုပ်လို့ရတယ်။ ဆရာဝန်ဖြစ်တယ်လို့။ ဒါပေမယ့် စာကြိုးစားဖို့ ပညာတော်ဖို့ဆိုတာကလည်း ဖန်တီးပေးနိုင်တဲ့ အခြေအနေရှိဦးမှဆိုတာ ငါအခုမှ နည်းနည်း သဘောပေါက်လာတာ”

“ငါ စိတ်မကောင်းပါဘူးဟာ။ နင့်လို ဆရာမအလုပ် ဝါသနာပါလွန်းသူမို့ပဲ။ ဒီက ကလေးတွေကတော့ မူကြို ကတည်းက ဆရာဝန်က တပြားမှမလျှော့ဘူး။ သူတို့ပဲပြောကြတာလေ။ စာမတတ်ရင် စက္ကူကောက်ရမယ် တဲ့။ ငါတို့ဆီမှာ မူကြိုတက်လို့ စာတွေရသွားတာတောင် ကျောင်းဝင်ရင် အတန်းပိုင်ဆရာမဆီမှာ ကျူရှင် ယူကြသေးတာ။ ဒါမှ ပထမရမှာ တဲ့။ ပထမနေရာဆိုတာ အတော်ဆုံးအတန်းမှာ ၁ဝ ယောက် ၁၅ ယောက် ထပ်နေတယ်ဆိုရင်ကော နင် ယုံမလား။ သူငယ်တန်းကတည်းက တစ်မှတ် နှစ်မှတ် ကပ်ပြိုင်နေကြတာပဲ”

“အောင်မယ်လေး … ဒီအရွယ်လေးတွေက ကျူရှင်နဲ့လား”

“သွားပြီ။ နင် တော်တော် ခေတ်နောက်ကျသွားပြီ။ ငါ့ကျောင်းက ကလေးတွေက တရုတ်လေးတွေ များတယ်ဟ။ ကျူရှင်က တခုတည်းတောင်မကဘူးနော်။ တရုတ်စာ ကျူရှင် ရှိတယ်။ အင်္ဂလိပ်စကားပြော ကျူရှင် ရှိတယ်။ ကျောင်းစာသင်တဲ့ ကျူရှင် ရှိတယ်။ ကဲ … နင်ဘာပြောမလဲ”

“ဘာမှမပြောပါဘူးဟယ်။ ငါ ကြောင်တောင်လာပြီ”

“ဒါကြောင့်ပြောတာပေါ့။ စာလည်းမတော်ပဲနေပါ့မလား။ ဒီလောက်ပြည့်စုံ နေတဲ့ဟာကို”

“အဲဒါ ခေတ်တရားပဲလားဟေ”

“ဒါတော့ ငါမသိဘူး။ အဲဒီအတိုင်းဖြစ်နေတာပဲ”

“ဟဲ့ … ဟိုမှာထောင်ထားတာ နင့် တပည့်ပုံလား။ ပြစမ်းပါဦး ကြည့်ရအောင်။ ချစ်စရာလေးဟ။ အက်စ်အီးနဲ့ ရိုက်ထားတာပါလား။ အောင်မယ် ဒီအနောက်က စာကြောင်းကရော သူကိုယ်တိုင် ရေးတာလား။ တယ်ဟုတ် ပါလားဟေ့။ လက်ရေးလည်း မဆိုးဘူး။ ဝတ်ထားတာကလည်း တကယ့်ကို အပျံစားပဲ။ ငါ့ကျောင်းက ကလေးတွေနဲ့များ ကွာပါ့။ ငါ့ကလေးတွေက တပတ်မှာတခါမှ ရေချိုးကြရဲ့လား မသိဘူး။ ညစ်ပတ် နံစော် နေတာပဲ။ သူတို့ ရေချိုးရင်လည်း ချောင်းထဲဆင်းချိုးပြီး ဒီအင်္ကျီပဲ ပြန်ဝတ်တာကိုးဟ။ အင်္ကျီအပိုတွေလည်း မရှိရှာဘူး ထင်ပါတယ်ဟာ။ ဆံပင်တွေကလည်း နီကြောင်လို့။ ဘယ်တော့မှ ဆီမထိတဲ့ခေါင်း။ သူတို့မှာ လှလှပပ ဝတ်ချင်စိတ်မရှိရဘူးလို့ ဘုရားက အမိန့်ချထားသလိုပဲ”

“နင်ဒီလိုပြောလို့ ငါ့ကလေးတွေအကြောင်းပြောရရင် မတရားပဲနေတော့မယ်။ သူတို့မှာ နိုင်ငံခြားကလာတဲ့ ကျောပိုးအိတ်နဲ့။ စီးတဲ့ဖိနပ်လေးတွေကလည်း လှမှလှ။ နှိပ်လိုက်ရင် သံစုံမြည်တဲ့ ကွန်ပါဘူးနဲ့။ အင်္ကျီ၊ စကတ်၊ ဘောင်းဘီဆိုတာတော့ ပြောမနေနဲ့”

“အေးဟေ့ … နင်မပြောတာပဲ ကောင်းတယ်။ ကြာရင် စိတ်မကောင်းလွန်းလို့ ငါသေသွားနိုင်တယ်။ ငါမသေ ချင်သေးဘူး။ ငါ့ကျောင်းက ကလေးတွေကို သံယောဇဉ်မပြတ်နိုင်ဘူး။ ဘယ်တော့မှလည်း ပြတ်မှာမဟုတ်ဘူး။ သူတို့လေးတွေနဲ့အတူ ဘဝကို ငါ ခံစားကြည့်ချင်သေးတယ်”

“ဘယ်လိုလဲ … ကလေးသံယောဇဉ်တင်ပဲလား”

“ဟား … ဟား။ နင့်မေးခွန်းကလဲ မင်းသမီးတွေ အင်တာဗျူးသလိုပါပဲလား။ ငါကတော့ အတွေးခေါင်တယ်ပဲ ပြောပြော၊ ငါမွေးတဲ့ကလေးကျရင် ဘယ်လိုစခန်းသွားရမလဲ မတွေးဝံ့တာနဲ့ပဲ ရင်လေးလွန်းလို့ အပျိုကြီးဘဝ ကနေ ဗိမာန်ဖြစ်နေတယ်”

“နင့်ကလေးကျရင်လား။ ငါပြောပြမယ်လေ။ ဘယ်ကလေးမျိုးဖြစ်မလဲဆိုတာ…”

“ဟိုး … ဆရာ။ တော်ပြီ။ ငါပြန်တော့မယ်။အလုပ်က သိပ်အားတာ မှုတ်ဘူး ”

* * * * *

(၁၉၉၀၊ အောက်တိုဘာလ မဟေသီမဂ္ဂဇင်းတွင်ပါရှိသော ဝတ္ထုကို ‘မှန်တင်ခုံပေါ်က နှင်းဆီပွင့်’ စာအုပ်မှ ကူးယူဖော်ပြပါတယ်)

သရုပ်ဖော် - ဝသုန်

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၇)

ဤအိမ်ပုလေးတွင် ၃ ပတ်ခန့်နေလိုက်ရသည်ဟု ထင်ပါသည်။ တနေ့မနက်တွင် ကျနော့်ကို လာခေါ်ထုတ်သွားပါသည်။ လာခေါ်ထုတ်သွားသူမှာ ထုံးစံအတိုင်းပါ။ မျက်နှာ ပုဝါစည်း၊ လက်ထိပ်တော့ မခတ်ပါ။ ကျနော့်ကိုခေါ်သွားရင်း လမ်းတွင် တပ်ကြပ်ကြီးက အခြားခါတိုင်းခေါ်ထုတ်သကဲ့သို့မဟုတ်ပါ။ ကျနော့်ပုခုံးကိုဖက်ပြီး မိတ်ဆွေအပေါင်းအသင်းနှင့် သွားသလို ခေါ်လာသည်။ သူ့နွေးထွေးမှုကို ပြသနေပါသည်။ သူ့ပါးစပ်ကလည်း ပြောလိုက်ပါသေးသည်။

“မင်းအမှုက ဘာမှကြီးတဲ့ကိစ္စမဟုတ်ပါဘူးကွာ၊ မေးစမ်းရင် ကောင်းကောင်းဖြေလိုက် လွတ်သွားမှာပဲ”

ကျနော်စိတ်ထဲက ပြုံးလိုက်ပါသည်။ ဒီအပြောမျိုး ရိုးနေပါပြီကွာ။

ခေါ်သွားသည့်လမ်းတလျှောက် ဖော်ရွေနွေးထွေးမှုကို ပြသပေမယ့် ငုံ့၊ ကျော်၊ ရပ်၊ သွား၊ ဘယ်ကွေ့၊ ညာကွေ့ ပြုဖွယ်ကိစ္စ များကတော့ မလစ်လပ်စေရပါ။ နောက်ဆုံး ရပ်သွားတော့ မျက်နှာစည်းထားသောအဝတ်ကို ဖြေလိုက်သည်။ သပ်ရပ်သော အခန်းကျယ်ကြီးတခုထဲ ရောက်နေသည်။ ကျနော်အဖမ်းခံခဲ့ရစဉ်က ကျနော့်မျက်နှာကို စိမ်းစိမ်းကြည့်ပြီး မျက်နှာကို စီးကရက်နှင့်ထိုးသူ၊ ရင်ညွန့်ကို စစ်ဖိနပ်ဦးနှင့်ဆောင့်ကန်သူ၊ မူးမူးနှင့် ကျနော့်မျက်နှာကို လက်သီးနှင့်စွတ်ထိုးသူ၊ မျက်မှန်တဝင်းဝင်းနှင့် လန်ဘားကြီးပါလား။ သူဘေးတွင် တပွင့်နှင့် ဗိုလ်မှူးအဆင့်ရှိသူတဦး၊ သူနှင့်တွဲထိုင်နေသည့် လန်ဘားကြီးက တိတ်ဆိတ်နေသော အခန်းထဲတွင် စကားစပြောသည်။

“မင်းတို့မဟုတ်တာတွေလုပ်လို့ ဒီကိုရောက်လာတာ။ အခုမင်းတို့ကို ကောင်းကောင်းမေးမယ်၊ မင်းတို့ဖြေမယ့်အဖြေပေါ်မှာ မင်းတို့ကို လွှတ်ရမလား၊ ဆက်ချုပ်ရမလား စဉ်းစားမယ်”

ပြီးတော့မှာ သူက သုံးရစ်နှင့် စစ်သားကိုခေါ်သွားလို့ ပြောလိုက်တယ်။ သုံးရစ်ကြီးက ကျနော်မျက်နှာကို အဝတ်နှင့်ပြန် စည်းပြီး ခေါ်ထုတ်သွားပါသည်။ တနေရာရောက်တော့ မျက်နှာအဝတ်ဖြေပေးလိုက်သည်။ အခန်းတခုထဲရောက်လာသည်။ အခန်းထဲက ပန်ကာတခုက တဝီဝီလည်နေသည်။ စာရေးစားပွဲတလုံး၊ ကုလားထိုင် ၂ လုံးကို စားပွဲတဖက်တချက်တွင် ချထားသည်။ ဗီရို ၂ ခုရှိသည်။ သော့ခတ်မထားပါ၊ ဖိုင်တွဲတွေရှိသည်၊ ဓာတ်ပုံတွေရှိသည်။ သုံးရစ်ကြီးက ကျနော့်ကိုပို့ထား ခဲ့ပြီး ပြန်ထွက်သွားသည်။ တံခါးကို အပြင်က သော့ခတ်မသွားပါ။ ဟစိလေးထားခဲ့သည်။

သူတို့ဘာလုပ်တာလဲ၊ ငါ့ကို အကဲစမ်းတာလား။

ကျနော်ထပြီး အခန်းထဲလျှောက်ကြည့်သည်။ ဗီရိုကို အသာလေးဆွဲဟကြည့်သည်။ ဆွဲဟလို့ရပါသည်။ ဘာမှအကျိုးထူး မည်မဟုတ်ပါ။ ကျနော်က အသာလေး ကုလားထိုင်တွင် ပြန်ထိုင်လိုက်သည်။ ဘဝတူလူတွေက ပြောတာကြားခဲ့ရသည်။ အဆောက်အဦတိုင်း၊ အခန်းတိုင်းမှာ မိုက်ကရိုဖုန်းတွေ မြှုပ်ထားသည်ဟု ပြောကြသည်။ ဟုတ်ရင်လည်း ဟုတ်နိုင်ပါသည်။ အဆောက်အဦတိုင်းမှာ မျက်နှာကျက်ရှိသည်။ ချောင်းကြည့်တာလည်းရှိသည်ဟု ကြားဖူးသည်။ တခန်းလုံးမှာ တိတ်ဆိတ်နေသည်။

ကျနော်တယောက်တည်း မျက်နှာကျက်က ပန်ကာလည်တာ တဝီဝီအသံသာ ကြားနေရသည်။ နာရီဝက်ကျော်လောက် ကြာမည်ထင်သည်။ ဒီတော့မှ လူတယောက်ဝင်လာသည်။ လူက ခပ်ဝဝ၊ လူကောင်ကြီးသည်၊ ဆံပင်တိုသည်၊ တိုက်ပုံ ပြာဖျော့ဖျော့ ဝတ်ထားသည်။ သူက မရယ်မပြုံး အတည်ပေါက်မျက်နှာမျိုး အေးစက်စက်နှင့် ရက်စက်မည့်အစားထဲက ဖြစ်သည်။

ကျနော်နှင့်မျက်နှာချင်းဆိုင်စားပွဲ၏ တဖက်ကုလားထိုင်တွင် ဝင်ထိုင်သည်။ နှုတ်ဆက်စကား ဘာညာ တခွန်းမှ မပြော။ သံပတ်ပေးထားသည့် ရုပ်မျိုး။ သူ့လွယ်အိတ်ထဲမှ ဖိုင်ကိုဆွဲထုတ်သည်။ ဖိုင်ကိုဖွင့် စာရွက်ထဲမှာ ကျနော့်ကို အရင့်အရင် သွားလေသူများအတိုင်း မေးပါသည်။ ကျနော်ကလည်း အရင့်အရင်ဖြေနေကျအတိုင်း ဖြေပါသည်။ လူဝကြီးက ကွက်လပ် များတွင်ဖြည့်သည်။ မေးသည်။ ရေးသည်။ အခြေအပေါ်စဉ်းစားပြီးတော့ ဆက်မေးသည်။ ခဏကြာတော့ သူက ဆေးလိပ် ထုတ်သောက်သည်။ ကျနော့်ကို ဆေးလိပ်သောက်တတ်သလား၊ ဆေးလိပ်သောက်မလား မမေး။ လောကဝတ်မရှိ။ ၃ နာရီနီးပါးစစ်ပြီး သူ့စာရွက်ဖိုင်တွေ ပြန်သိမ်းပြီး ထွက်သွားသည်။

“မင်း ဒီမှာထိုင်စောင့်နေ”

ဒါပဲပြောသွားသည်။ သူ ပြန်ထွက်သွားသည်။ တံခါးကို မပိတ်ပါ။ ဝင်လာတုန်းကအတိုင်းပဲဖြစ်သည်။ ခဏအကြာတွင် စစ်သားတယောက် ထမင်းလာကျွေးသည်။ ပန်းကန်ထဲတွင် ထမင်းဟင်းပုံလျက် ပဲဟင်းတခွက်နှင့်။ စားပြီးသောက်ပြီး နာရီ ဝက်လောက်အကြာတွင် မနက်က လူဝကြီးပြန်ဝင်လာသည်။ စာရွက်တရွက်နှင့် စာရွက်လွတ်တထပ်ပေးသွားသည်။ သူက …

“ဒီစာရွက်ထဲမှာ မေးခွန်းတွေပါတယ်၊ အဲဒါကိုကြည့်ပြီး မင်းကိုယ်တိုင်ရေးဖြေပါ”

ဒါပဲပြောပြီး သူပြန်ထွက်သွားသည်။ ကျနော်က သူပေးထားသော မေးခွန်းစာရွက်ကို ယူကြည့်သည်။ နံပါတ်တစ် မေးခွန်းက …

သင်လုပ်ဆောင်ခဲ့မှုအပေါ် သင့်တွင် အပြစ်ရှိ မရှိ
သင့်အား လွှတ်သင့် မလွှတ်သင့် ဓမ္မဓိဋ္ဌာန်ကျကျ ဖြေပါ။

နံပါတ်နှစ် မေးခွန်းက …

သင့်နှင့်တအိမ်တည်းနေခဲ့ကြသူများထဲတွင် မည်သူ့အား လွှတ်သင့် မသင့်၊ အဘယ်ကြောင့် လွှတ်သင့်သည်။ အဘယ့်ကြောင့် မလွှတ်သင့်သည်ကို ဓမ္မဓိဋ္ဌာန်ကျကျ ဖြေပါ။

“သြော် လက်စသတ်တော့ ဘဝတူတွေအချင်းချင်းကို သတင်းပေးလုပ်ခိုင်းပြီး သစ္စာဖောက်အလုပ် လုပ်ခိုင်နေပါရော့လား”

ကျနော့်အဖြေက တိုပါသည်၊ ရှင်းပါသည်။ ကျနော်သည် အပြစ်မရှိ။ လွှတ်သင့်သည်။ ကျနော်နှင့် အတူနေခဲ့ရသူ များမှာ ဘာမှအပြစ်မရှိပါ။ လွှတ်သင့်ပါသည်။

ညနေစောင်းတော့ လူဝကြီးပြန်လာသည်။ ကျနော်ရေးထားသောစာရွက်များ ပြန်သိမ်းသွားသည်။ ပြီးတော့ စစ်သား တယောက်လာခေါ်ထုတ်သွားသည်။ ထုံးစံအတိုင်း မျက်စေ့ပိတ်၊ ငုံ့၊ ကျော်၊ ရပ်၊ သွား ပြီးတော့ အိမ်တအိမ်ထဲရောက်သွား သည်။ မူလ ကိုကြီးအောင်၊ ဦးလေးထွန်းတို့ ထရန်ဗန်ဝမ်းတို့နှင့်နေခဲ့သည့် အိမ်လေးမဟုတ်တော့ပါ။ သူတို့နှင့်ပြန်မဆုံတော့ပါ။

ယခုရောက်လာသည့်အိမ်မှာ ကျနော်နှင့်ပါ သုံးယောက်စလုံးက အင်းတိုင်စစ်လက်နက်ပစ္စည်းတပ်မှ စစ်သားတွေ ဖြစ်သည်။ နာမည်မမှတ်မိတော့ပါ။ သူတို့ ကွန်မြူနစ်ပါတီနှင့်နွယ်သည့်ကိစ္စကြောင့် အဖမ်းခံရသည်ဟု ပြောသည်။ စစ်သားဆိုတော့ သတိထားဆက်ဆံရသည်။ လာမြှုပ်ပြီး လာနှိုက်ဖို့ လွှတ်တာလားမသိ။ ဒီစစ်သားတွေနှင့် တပတ်ကြာနေလိုက်ရသည်။ ယခု ကျနော်ရောက်နေသည့် အိမ်နှင့်ကပ်လျက်အိမ်က စာရေးဆရာ ဦးရဲလင်းအသံကြားရသည်။ ခိုးပြီး ခေါ်ပြော နှုတ်ဆက်သည်။

ဆက်လက်ဖော်ပြပါမယ်။


ကျောင်းသား ထောင် တော်လှန်ရေးသမား (၁၇)

ဒါ ကိုကိုးကျွန်းဖြစ်တယ်

အဲဒီကနေ တဆက်တည်း ဟိုး … နောက်မှာ အခန်းတခန်းရှိသေးတယ်။ အဲဒီအခန်းမှာ ဘယ်သူတွေပါသေးလဲဆိုတာ စုံစမ်းကြည့်ရတယ်။ အဲ စုံစမ်းကြည့်တော့ သူများပြောပြတာအရ သိရတာတော့ လေထီးဗိုလ်အုန်းမောင် ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီက ဗဟိုကော်မတီ ဆရာ ရာဂျန် ပါတယ်။ ဒါ … နာမည်ကြီးပုဂ္ဂိုလ်တွေ။ လေထီး ဗိုလ်အုန်းမောင်ဆိုရင် ဒါက ကိုကိုးကျွန်းကို ဒုတိယအကြိမ်။ သူက လိပ်ကျွန်းကိုလည်း ရောက်ဖူးတော့ တတိယကျွန်း လို့ ပြောလို့ရတယ်။ နောက်တခါ ကျောင်းသားခေါင်းဆောင်ထဲက ခရမ်း ကိုစိန်ဝင်း၊ တကသက ကိုလှကြည်၊ နောက် … ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ကိုဉာဏ်ဝင်းလည်း ပါလာတယ်လို့ ကြားရတယ်။

တခါ ကျနော်က ဟို … ကိုယ့် ‘လူထုသတင်းစာ’ အသိုင်းအဝိုင်းထဲက ဘယ်သူတွေများ ပါသေးလဲလို့ မေးကြည့်တော့ … ကျနော်နဲ့ ညီလို အကိုလို တလျှောက်လုံး နေလာခဲ့တဲ့ လူထုစိန်ဝင်းလည်း ပါတယ်။ နောက်တခါ လူထုမှာ ရန်ကုန်က သတင်းထောက်လုပ်တဲ့ ကိုတင်မောင်လေး၊ နောက် … ဦးဖေရှိန်။ ဦးဖေရှိန်က ရန်ကုန်သတင်းထောက်လည်း လုပ်တယ်။ လူထုသတင်းထောက်လည်း လုပ်တယ်။ သူတို့လည်း ပါတယ်လို့ ကြားရတယ်။

ဒါနဲ့ အခန်းချင်းခြားထားတဲ့ အဲဒီသင်္ဘောဝမ်းထဲကနေ နံရံကိုသွားကပ်၊ သူများတွေလုပ်သလိုပေါ့၊ မတ်စေ့ပေါက်ကလေး လောက်ရှိတဲ့ အပေါက်ကလေးကနေပြီးတော့ အခေါ်ခိုင်းရတယ်။ ဦးစိန်ဝင်း ခေါ်ပေးပါ… ဦးတင်မောင်လေး ခေါ်ပေးပါ… ဦးဖေရှိန် ခေါ်ပေးပါ … စသည်ဖြင့် ခေါ်ပြီးတော့ ကျနော်ပါလာပြီဆိုတဲ့အကြောင်းပြောတော့ သူတို့ကလည်း ဝမ်းသာလိုက် တာ။ ကျနော်က အရင်ထောင်ထဲရောက်သွားတာ။ သူတို့ကနောက်မှ ထောင်ထဲရောကြတာ။ သူတို့က ၆၇ တရုတ်-ဗမာ အရေးအခင်းပြီးတော့ အစိုးရက သိမ်းဖမ်းတဲ့အခါကျမှ ပါလာကြတာ။ အဲဒီတော့ သူတို့ကလည်း ကျနော်ပါလာပြီးတော့ ဝမ်းသာတာ၊ ဝမ်းသာ ဝမ်းနည်းပေါ့လေ။ ဝမ်းသာတယ်လို့တော့ ပြောရတာ ခက်တော့ခက်တယ်။

အဲဒီလိုနဲ့ မနက် မိုးမလင်းတလင်းလောက်မှာပဲ သင်္ဘော စထွက်လာတယ်။ ဒီသင်္ဘောတစီးလုံးဟာ ကျနော်တို့ ကိုကိုးကျွန်း လိုက်ပို့ဖို့ တမင်ဆွဲခေါ်လာတဲ့သင်္ဘော ဖြစ်တယ်။ ဒါကြောင်မို့ ဒီသင်္ဘောမှာ သင်္ဘောဝမ်းထဲမှာဆိုရင် ထောင်ကျတွေ ချည်းပဲ။ နိုင်ငံရေးအကျဉ်းသားတွေချည်းပဲ။ သင်္ဘောဝမ်းပေါ်မှာဆိုရင် စစ်သားတွေ ပါတယ်။ နောက်ပြီးတော့ ထောင်အမှု ထမ်းတွေ ပါတယ်။ အရာရှိတွေ ပါတယ်။ ထောင်အရာရှိတွေ ပါတယ်။ ကျနော်တို့ကို လိုက်ပို့ဖို့သက်သက် တခေါက်ဆွဲတဲ့ သင်္ဘောပဲ။ အဲဒီတော့ ကျနော်တို့ အညာဒေသကလာတဲ့ ဘဝတူတွေကို ဒီရောက်နှင့်ပြီးသား အောက်ပြည်အောက်ရွာက ရခိုင်ပြည်နယ် … အစရှိတဲ့ မြိတ်ဘက်က၊ တနင်္သာရီက ပုဂ္ဂိုလ်တွေက လှိုက်လှိုက်လှဲလှဲပဲ ကြိုကြတယ်။ ဒါပေမယ့် စကားတော့ များများမပြောနိုင်ကြပါဘူး။ အားလုံးက ရှေ့ဘာဖြစ်မလဲ။ ဘာလုပ်ကြမလဲ အဲဒါကိုပဲ စဉ်းစားနေကြတာ။ သင်္ဘောပေါ်မှာ အဲဒီလိုနဲ့ အခြေအနေက တင်းတင်းမာမာဆိုတာမျိုးကြီး။

ကြာလာတဲ့အခါကျတော့ ကျနော်တို့ မန္တလေးဘက်ကလာတဲ့ ရဲဘော်တွေ၊ ကျနော်တို့တတွေက အဲဒီမှာ သီချင်းတွေ ကောက်ဆိုကြတယ်။ ဆိုတဲ့သီချင်းတွေက တော်လှန်ရေးသီချင်းတွေ၊ ကျောင်းသားသီချင်းတွေ ကောက်ဆိုကြတယ်။ အဲဒီ လိုဆိုတော့ ကျနော်တို့လူလည်း မနည်းပါဘူး။ အဲဒီလိုဆိုလိုက်တဲ့အခါကျတော့ ကျန်တဲ့သူတွေလည်း အားတက်လာကြ တယ်။ အဲဒီနောက် မကြာခင်ပဲ ဟိုဘက်အခန်းကလည်း၊ နောက်ဘက်ခန်းကလည်း သီချင်းဆိုသံ (အင်တာနေရှင်နယ် သီချင်း ဆိုတဲ့အသံ) ပေါ်ထွက်လာတယ်။

ဆိပ်ကမ်းကခွာပြီးတော့ နာရီဝက်လောက်ရှိတော့မှ ထင်တယ် … သူတို့ သင်္ဘောဝမ်းပေါက်ဘေးက အပေါက်ကလေးတွေ၊ အပေါက်ဝိုင်းကလေးတွေ ဖွင့်ပေးတယ်။ အဲဒီအပေါက်ဝိုင်းကလေးတွေက ခေါင်းထုတ်ကြည့်လိုက်တော့ ကျနော်တို့ လေကောင်း လေသန့်ကလေးတွေ ရတာပေါဗျာ။ အဲဒီကျတော့ ဟိုး … ခပ်လှမ်းလှမ်းမှာ ရွှေတိဂုံဘုရားကြီး ဝေဝေဝါးဝါးနဲ့ တဖြည်းဖြည်း ကျန်ရစ်တာကို ကျနော်တို့တွေ့ကြရတယ်။ ကျနော်တို့ ရန်ကုန်မြို့ကနေ ခွာလာကြပြီ။

လမ်းမှာ ကျနော်တို့ တညအိပ်တယ်။ ထမင်ကျွေးတော့ သင်္ဘောကုန်းပတ်ပေါ် တက်စားရတယ်။ ထောင်ကျွေးသလိုပါပဲ၊ ပုံစံနဲ့ကျွေးတာပါ။ ကျနော်တို့ တန်းစီ၊ ကြမ်းပြင်ပေါ်မှာပဲ ပန်းကန်းပြားချစားကြရတာ။

အဲဒီလိုနဲ့ တညအိပ်ပြီး နောက်တနေ့ နေ့လည် ၁၁ နာရီလောက်မှာဖြစ်မယ်ထင်တယ်။ ကျနော်တို့ သင်္ဘောဝမ်းထဲမှာနေပေ မယ့် ကုန်းကို မြင်ရပြီ။ ကုန်းမြေမြင်ရတဲ့ အော်သံတွေ ကြားရတယ်။ ဒါနဲ့ ကျနော်တို့လည်း ခုနက သင်္ဘောဘေးက အပေါက်ဝိုင်းလေးဆီပြေးပြီး သွားကြည့်ကြတယ်။ စုဝေး။ အဲလိုကြည့်လိုက်တဲ့အခါမှာ ဟိုး … ခပ်လှမ်းလှမ်းမှာ ဖြူလွလွ သဲသောင်ပြင်၊ အုန်းပင်တန်းလေးတွေ၊ နောက် … သွပ်မိုးအိမ် မဲမဲလေးတွေ လှမ်းတွေ့ရတယ်။ သာတောင့်သာယာပါပဲ။ အဲလိုငေးပြီးလို့ ကျနော်တို့ ဘယ်သူမှ စကားလည်း မပြောကြဘူး။ ရှေ့မှာ ဘာဖြစ်မလဲ။ အဲဒါကိုပဲ ကျနော်တို့ စဉ်းစားနေ ကြတာ။

အဲလို ငေးကြည့်နေရင်းကနေပြီးတော့ သင်္ဘောကျောက်ချတဲ့အသံ ကြားလာတယ်။ အဲဒီတော့ ကျနော်တို့ သင်္ဘောကနေ လှမ်းကြည့်နေတုန်းမှာ သင်္ဘောကြီးက ရပ်လိုက်ရော။ အဲဒီတော့ ဟိုဘက်က ဆိပ်ကမ်းနဲ့ သင်္ဘောက မီတာ ၁၀၀ လောက် ဝေးသေးတယ်လို့ ထင်တယ်။ အဲလိုအချိန်မှာ ကမ်းတက်ယာဉ်တစင်းက ကျနော်တို့ကို ကမ်းဘက်အထိ လိုက်ပို့တယ်။ ကမ်းတက်ယာဉ်ဆိုပေမယ့် ကမ်းဘက်ပို့တယ်ဆိုပေမယ့် တကယ်တမ်းက (ရေမရှိတဲ့နေရာနဲ့က) မီတာ ၅၀ လောက် လိုသေးတယ် ထင်တယ်။ ၅၀-၆၀-၇၀ အဲလောက်များ လိုမယ်။ အတော်လိုသေးတယ်။ အဲလို လိုတဲ့နေရာမှာရပ်တော့ ကျနော်တို့ အဲဒီကနေ ဆင်းရတာ။

လှိုင်းတွေကလည်း လှိုင်းကြီးလာတာမဟုတ်ပေမယ့် ကမ်းပေါ်တက်တဲ့အခါကျတော့ လှိုင်းတွေက အလိပ်လိပ်ဖြစ်နေပြီ။ နောက်တခါက အောက်က ကျောက်တုံးတွေကလည်း အမျိုးမျိုး။ ကျနော်တို့မှာ ပစ္စည်းတွေကလည်း တိုးလို့တွဲလဲနဲ့။ အို … လဲတဲ့သူက လဲ၊ ပစ္စည်းတွေ လိုက်ဖမ်းရတဲ့လူက ဖမ်းရ၊ တချို့က ကိုယ့်ရာဘာဖိနပ်ကို လိုက်ပြန်ဖမ်းရ။ အဲဒီလိုပဲ အတော့်ကို ကသိကအောက်နိုင်တဲ့ကိစ္စ။

နောက် … ကျနော်တို့ အဲဒီသဲသောင်ပြင်ပေါ်ရောက်တော့ သဲသောင်ပြင်မှာ အားလုံးထိုင်ပြီး စောင့်နေရတယ်။ ခဏနေ တော့မှ အားလုံး တန်းစီခိုင်းတယ်။ တန်းစီခိုင်းပြီး နည်းနည်းလေး လမ်းလျှောက်ခိုင်းတယ်။ နည်းနည်းလေး လမ်းလျှောက် ခိုင်းပြီးတော့ သဲသောင်ပြင်တခုမှာပဲ ထပ်ပြီးတော့ ထိုင်ခိုင်းတယ်။ အဲဒီဘေးနားမှာ ကုန်းအမြင့်လေး ရှိတယ်။ နည်းနည်း လေး မြင့်တာပါ။ အဲဒီတော့ နေကလည်း ပူလိုက်တာ ခြစ်ခြစ်တောက်။ သဲကလည်း ပူလိုက်တာ။


အဲဒီမှာ ကျနော်တို့ထိုင်နေတုန်း ထောင်က အထူးအရာရှိ ဒု-ဗိုလ်မှူးကြီး ထွန်းရင်လော ( သူက နောင်ကျတော့ မဆလ ဗဟိုကော်မတီလည်း ဖြစ်သေးတယ် ထင်တယ်) ကျနော်တို့ကို မိန့်ခွန်းခြွေတာပဲ။ သူခြွေတဲ့မိန့်ခွန်းရဲ့ အဓိကအချက် ကတော့ … ကျွန်းပေါ်မှာ သူတို့တတွေ ‘ကိုယ်ထူကိုယ်ထ’ ဆိုတဲ့ ကိုယ်စားဖို့သောက်ဖို့၊ ကိုယ်နေထိုင်ဖို့ ကိုယ့်ဟာကိုယ် လုပ်ရမယ်ဆိုတဲ့ ပေါ်လစီကို ပြောတာပဲ။ သူတို့က လိုအပ်တဲ့ ပစ္စည်းကိရိယာ တန်ဆာပလာ ပေးမယ်။ ကျနော်တို့က ကိုယ့် ဟာကိုယ် ထမင်းဖြစ်အောင် လုပ်စားကြ၊ အဲဒီသဘောပဲ။ ဒါ ကိုကိုးကျွန်းဖြစ်တယ်။ ပေးတာယူ၊ ကျွေးတာစား၊ စကားမများ နဲ့။ ဒါ ကိုကိုးကျွန်းဖြစ်တယ်။ ထွက်ပြေးရင် ပြေးကြည့်။ ပတ်ပတ်လည်မှာ ငါးမန်းတွေချည်းပဲ။ ဒါ ကိုကိုးကျွန်းဖြစ်တယ်။ အကုန်လုံး ခြိမ်းခြောက်စကားပဲ။ သူက စကားပြောတာတော့ ဝဲတဲဝဲတဲနဲ့။ ဒါပေမယ့် ခြိမ်းခြောက်တဲ့နေရာမှာတော့ အင်မတန် ပီတယ်။

ဆက်လက်ဖော်ပြပါမယ်။

Sunday, November 22, 2009

ဝေဖန်ရေးသမားဆိုတာ (အုပ်စိုးနိုင်)

ဝေဖန်ရေးဟာ တိုးတက်ရေးအတွက် အထောက်အပံ့ တစုံတရာဖြစ်စေတာ အမှန်ပါပဲ။ လုပ်ရပ်တခုခု၊ ဖြစ်ရပ်တခုခု ဒါမှမဟုတ် အရှိတရားတခုခုအပေါ် သုံးသပ်တင်ပြတာဟာ ဝေဖန်ရေးပါပဲ။ ဝေဖန်ရေးဆိုတာ ရှိပြီး၊ ဖြစ်ပြီးတဲ့အပေါ်မှာသာ တာဝန်ခံရတာ ဖြစ်ပါတယ်။ မဖြစ်သေးတာကို ကြိုတင် ကောက်ချက်ဆွဲတာမျိုးကတော့ ဝေဖန်ရေး မဟုတ်ပါဘူး။ ခန့်မှန်း ဖော်ပြချက် ဒါမှမဟုတ် ဟောကိန်း စသဖြင့် တခုခုဖြစ်နိုင်ပါတယ်။

ဘယ်လူ့အဖွဲ့အစည်းမှ ဝေဖန်ရေးနဲ့ ကင်းကွာခဲ့မှာမဟုတ်တာ သေချာပါတယ်။ ခေတ်အဆက်ဆက် မှားတာကိုပဲဖြစ်ဖြစ်၊ မှန်တာကိုပဲဖြစ်ဖြစ် ထောက်ပြထုတ်ဖော်ခဲ့ကြမှာပါ။ အချို့အခြေအနေတွေမှာ ဝေဖန်ရေးဟာ ကျန်းမာသန်စွမ်းဖွံ့ဖြိုးပြီး အချို့အခြေအနေတွေမှာ ဝေဖန်ရေးဟာ သိုသိုသိပ်သိပ်နဲ့သာ ရှိနေနိုင်ပါတယ်။ ဒါဟာ လောကဓမ္မတာပါ။

ဝေဖန်ရေးဟာ စံနစ်တကျအသုံးပြုတတ်မယ်ဆိုရင် ဆေးဝါးသဖွယ် အကျိုးကိုဖြစ်စေနိုင်ပါတယ်။ ဝေဖန်ရေးကို ပရမ်းပတာ အသုံးပြုမယ်ဆိုရင်တော့ ဒါဟာ လက်နက်တစင်းလို ထိခိုက်ရှနာစေကြမှာပါ။ ဝေဖန်တာဟာ ကောင်းပါတယ်လို့ မူအရ ဆိုကြစေကာမူ ဝေဖန်ရေးဟာ နှစ်ဖက်ဓားသွားလို သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်နေဆဲပါပဲ။

ဝေဖန်ရေးဟာ လိုအပ်တယ်လို့ပဲ ဆိုကြပါစို့ရဲ့။ သူ့မှာ တာဝန်နှစ်ခုတော့ ရှိသင့်ပါတယ်။ တခုက မှားတယ်၊ ဒါမှမဟုတ် မှန်တယ်ဆိုတာကို ခိုင်ခိုင်လုံလုံ ထောက်ပြနိုင်ဖို့နဲ့ ဒုတိယအချက်အနေနဲ့ အပြုသဘောဆောင်စေဖို့ ဖြစ်ပါတယ်။ အဲဒီ တာဝန်နှစ်ခုကိုမှ အနည်းဆုံး မကျေပွန်နိုင်ခဲ့ဘူးဆိုရင် အဲဒီဝေဖန်ရေးဟာ အနည်းနဲ့အများတော့ အပြစ်အနာအဆာ ရှိနေ မှာ သေချာလှပါတယ်။ ထောက်ပြတဲ့လူကို အခြားလူတွေက ထပ်ပြီး ထောက်ပြစရာတွေရှိနေဦးမယ်ဆိုရင် ဒါဟာ စိတ်မသက်မသာဖြစ်စရာပါ။ ဒါပေမယ့် လူဟာအမှားတော့ ကင်းနိုင်မှာမဟုတ်ပါ။

ဝေဖန်ရေးစစ်စစ်ဆိုရင် ဝေဖန်သူဟာ ကိုယ်ပြောချင်တဲ့ ပြောနေတဲ့အကြောင်းအရာကို ကိုယ်ကိုယ်တိုင် သေသေချာချာ သိဖို့လိုပါတယ်။ လေကိုဖမ်းပြီး ဝါးရမ်းချည်တာမျိုး မဖြစ်စေရပါဘူး။ ပြောရရင်ပြီးရောဆိုတဲ့ မည်ကာမတ္တစိတ်မျိုး မမွေးကြရပါဘူး။ စေတနာမပါတဲ့ ဝေဖန်ရေးဟာ ဆားမပါတဲ့ဟင်းလိုပဲ အမြဲပေါ့ပျက်ပျက်ဖြစ်နေကြမှာပါ။

အချို့က ဝေဖန်ရေးသမားတယောက်မှာ မှားတာ မှန်တာကိုပဲပြောပြဖို့ တာဝန်ရှိတယ်။ ပြုပြင်တာ မပြုပြင်တာဟာ သူ့တို့ တာဝန်မဟုတ်ဘူးလို့ ယူဆကြသူတွေလည်း ရှိပါတယ်။ ဆိုလိုတာက ပြောချင်တာ ပြောပြီးပြီ၊ ဒါပဲ။ ပြောလိုက်လို့ သိသွား ကုန်ကြပြီ၊ ဒါဟာ လုံလောက်ပါတယ်လို့ ယူဆကြသူတွေဖြစ်ပါတယ်။

အချို့ကတော့ အမှားကိုပြုပြင်စေချင်တဲ့ အမှန်ကိုအသိအမှတ်ပြုစေချင်တဲ့ စေတနာမျိုးမှမရှိဘူးဆိုရင် ဝေဖန်ရေးဆိုတဲ့ စကားကို မသုံးသင့်ဘူး။ ဝေဖန်ရေးဟာ အနည်းဆုံး တစုံတယောက် ဒါမှမဟုတ် လူ့အဖွဲ့အစည်းကို အကျိုးဖြစ်စေတဲ့ အပြုသဘော ဖော်ပြချက်တခုခုသာ ဖြစ်သင့်တယ်လို့ ဆိုကြပါတယ်။

ဝေဖန်သူနဲ့ အဝေဖန်ခံရသူကြားမှာ အပြုသဘောချဉ်းကပ်မှု တစုံတရာမရှိခဲ့ဘူးဆိုရင် ဝေဖန်ရေးဟာ ဘယ်လောက်ပဲ မှန်မှန် တခါတရံမှာ အကျိုးမပြုဘဲ အချည်းအနှီးဖြစ် တတ်ပါတယ်။ အချို့သူတွေဟာ ဝေဖန်ရေးကို ပြုပြင်စေလိုတဲ့ ရည်ရွယ်ချက်ထက် …

၁။ ပုဂ္ဂိုလ်ရေး နစ်နာစေလိုခြင်း

၂။ အုပ်စု၊ ဂိုဏ်းဂဏကိုပါ သွယ်ဝိုက်ထိခိုက်စေလိုခြင်း

၃။ မိမိ အခန်းကဏ္ဍကို မသိမသာ သို့မဟုတ် သိသိသာသာ ထူထောင်လိုခြင်းစတဲ့ အချက်တွေကို ပေါ်လွင်လိုတဲ့အတွက် ဆောင်ရွက်နေကြတာတွေကိုလည်း တွေ့နေရပါတယ်။

စေတနာမှန်တဲ့ ဝေဖန်သူများဟာ လုပ်ရပ်တခုခု ဖြစ်ရပ်တခုခု ဒါမှမဟုတ် အရှိတရားတခုခုကို ထောက်ပြတဲ့နေရာမှာ ထောက်ပြတဲ့အချက် မှန်ကန်ကြောင်းကို ခိုင်လုံအောင် ကြိုးစားကြပါတယ်။ မှားယွင်းနေတာတွေကို မှန်ကန်အောင် ပြုပြင် စေလိုတဲ့စေတနာ ပေါ်လွင်အောင် ပြောပြ၊ ရေးပြကြပါတယ်။ အပြုသဘောဆောင်တဲ့ စကားလုံးတွေကို တတ်အားသမျှ ရွေးချယ်သုံးနှုန်းပြီး အဝေဖန်ခံရတဲ့သူ နားဝင်လာအောင် စည်းရုံးကြပါတယ်။ အဝေဖန်ခံရတဲ့သူကို ချောင်မှာပိတ်ပြီး ဖမ်းဖို့ထက် ထွက်ပေါက်ပိတ်နေရင်တောင် ကူညီဖွင့်ပေးနိုင်အောင်လမ်းပြဖို့ ကြိုးစားပေးကြပါတယ်။ ဒါဟာ လေးစား ကြည်နူးစရာကောင်းတဲ့ ဝေဖန်ရေးမျိုးပါ။

အတင်းအဖျင်းနဲ့ စကားတင်းဆိုခြင်းသက်သက်မှာ မွေ့လျော်နေကြသူများဟာ မိမိကိုယ်ကိုမိမိ ဝေဖန်ရေးကောင်းသူများလို့ မယူဆထိုက်ကြပါဘူး။ သိက္ခာရှိရှိ တည်တည်တံ့တံ့နဲ့ အပြုသဘော ရေးသားပြောဆိုမှုတွေကတော့ အများရဲ့လေးစားမှု အသိအမှတ်ပြုမှုတွေကို ရကြမှာမလွဲပါ။

ဝေဖန်မှုတိုင်းကို လူတိုင်းက သဘောတူချင်မှတူကြမှာပါ။ ဒါပေမယ့် ဝေဖန်သူဟာ ရိုးသားမှုရှိကြောင်း ဖော်ပြနိုင်တယ် ဆိုရင် အဝေဖန်ခံရသူနဲ့ သူ့ရဲ့ပရိသတ်ထံကပင် နားလည်လေးစားမှုကို ရရှိနိုင်ပါတယ်။

ငယ်ကျိုးငယ်နာဖော်ပြီး ပွဲဆူအောင်လုပ်ကြတဲ့ ဝေဖန်ရေးမျိုးကတော့ ရေပွက်ပမာ ခဏတာတော့ အုတ်အော်သောင်းနင်း ဖြစ်ကောင်းဖြစ်မှာပါ။ နားလည် ချင့်ချိန်တတ်ကြသူတွေရဲ့ရင်ထဲမှာတော့ သူတို့အတွက် နေရာမရှိတတ်ကြပါဘူး။ အချို့က ပွင့်ပွင့်လင်းလင်း ဝေဖန်ရတာကို ကြိုဆိုရမယ်လို့ ဆိုကြပါတယ်။

ပွင့်လင်းရမယ်ဆိုတာကို ခေတ်ပေါ်ယဉ်ကျေးမှုတခုလို လူတော်တော်များများက ယူဆနေကြပေမယ့် အရာခပ်သိမ်း ပွင့်လင်းရလောက်အောင် ခေတ်ကာလကြီးက တကယ်ကော အခြေအနေပေးနေရဲ့လားဆိုတာလည်း စဉ်းစားကြစရာပါ။ အငိုလွယ်ပြီး အရှိုက်ခက်လှတဲ့ ဒီလောကကြီးမှာ ဝေဖန်ချင်တိုင်း ဝေဖန်လို့မရလောက်အောင် သိမ်မွေ့တဲ့ကိစ္စတွေက မရေမတွက်နိုင်အောင် ရှိနေကြတာပါ။

သီးကြ၊ ပွင့်ကြတာဟာ မင်္ဂလာဖြစ်ပေမယ့် အချိန်မတိုင်မီ သီးကြ၊ ပွင့်ကြတိုင်း ရသမြောက် မမြောက်ကတော့ စောင့်ကြည့် နေကြရဆဲပါ။ ခေတ်မီဆက်သွယ်ရေးကရိယာတွေကို လူတိုင်းအသုံးပြုနိုင်ကြတဲ့ခေတ်ကြီးမှာ အခြားသော စစ်မျက်နှာ အသီးသီးနဲ့အတူ ဝေဖန်ရေးဖွံ့ဖြိုးလာမှုဟာ ကြိုဆိုချင်စရာကောင်းလှသလို ‘လွတ်လပ်စွာဖော်ပြခွင့်’ ကို ‘လွပ်လပ်စွာ စော်ကားခွင့်’ နဲ့ မှားယွင်းနားလည်သူတွေနဲ့ ကြုံရရင်လည်း သက်ပြင်းချနေကြရရုံပါပဲ။ အချို့ကလည်း ဒါကိုပင် ‘ဒီမိုကရေစီ’ ရယ်လို့ လွဲမှားစွာ ဘာသာပြန်နေကြပြန်ပါသေးတယ်။

ဗုဒ္ဓယဉ်ကျေးမှုနယ်ပယ်မှာတော့ ‘မှန်သော်လည်း အကျိုးမရှိလျှင် မပြောအပ်’ ဆိုတဲ့ ဗုဒ္ဓရဲ့အဆုံးအမအချို့ကို လိုက်နာနိုင် အောင် ကြိုးစားကြသူတွေလည်း ရှိပါတယ်။ အမှန်တရားမှာ မျက်နှာနှစ်ခုမရှိရဘူးဆိုပြီး ငါ့စကားနွားရ ရေရွတ်တတ်ကြသူ တွေကိုလည်း တွေ့ဖူးခဲ့ကြပါပြီ။

ဘာပဲဖြစ်ဖြစ် စစ်မှန်တဲ့ဝေဖန်ရေးနဲ့ အပြုသဘောဆောင်တဲ့ ဖြစ်ထွန်းမှုတွေပေါ်လာဖို့ကတော့ အားလုံး ဝိုင်းဝန်းကြိုးစား ကြရမှာပါ။ နောက်ပြီး အပြုသဘောဆောင်တဲ့ ဝေဖန်မှုဟာ တိုးတက်ရေးအတွက် အားဆေးတခွက်ဆိုတာကိုလည်း မမှိတ်မသုန် ယုံကြည်ကြရအောင်ပါ။

အုပ်စိုးနိုင်

Saturday, November 21, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၆)

ထမင်းမဝခြင်းအမှုကို ရေပိုဆောင်းသောက်ခြင်းပြု၍ ရသတဏှာကိစ္စ ဖြေရှင်းလိုက်ရပါသည်။ ပြုနေကြသည့် ပြုဖွယ်ကိစ္စ ပြီးပြတ်၍သွား ပါသည်။ ကိုယ်စီကိုယ်ငှ အနားယူဖို့ရာ ပြင်ဆင်ကြရင်း ကျနော်တို့ စံမပျော်သည့် အိမ်ဂေဟာလေးတည်နေပုံကို လှည့်ပတ် ကြည့်ရှုကြပါသည်။ ကိုကြီးအောင်က ခေါင်းရင်းဘက် ဝင်းထရံ ခြားထားသည့် အိမ်ချင်းကပ် ဘဝတူများဘက်ဆီသို့ အရပ် ၈ မျက်နှာကို လှည့်ပတ် အကဲခတ်ပြီးနောက် ထမင်းဝခြင်းရှိ မရှိ စူးစမ်းခြင်းအမှုကို ပြုပါလေတော့သည်။

ကိုကြီးအောင်၏ ကြောင်းကျိုးမျှော်သိ အားကိုးချစ်ခင်ဖွယ်ရာအတိပြီးသူ ဖြစ်ပါသည်။ ထမင်းမဝခြင်းအမှုကို ဆက်စပ်နေသော ဘဝတူများနှင့် တန်းညှိပြီး ထမင်းဝလင်စွာ စားရရေးအတွက် အခြေအနေ အကျိုးအကြောင်း ကို တို့ဆိတ် တီးခေါက်နေပါသည်။ ခေါင်းရင်းအိမ်၊ ခြေရင်းအိမ်များသာမက ၅ လုံးတွဲအိမ်တန်းရှိ လူများအားလုံးသည် မည်သည့်အိမ်မှ ထမင်းမဝကြပါ။

ကိုကြီးအောင်သည် လင်းလက်ရွှင်ပြုံးသည့် မျက်နှာပေးနှင့် တချက်ဝေ့ ပြုံးလိုက်ပါသည်။ ကိုကြီးအောင် အစီအစဉ်မှာ ထမင်းမဝသည့်ကိစ္စကို စစ်သားတွေလာသည့်အခါကျရင် ညီညာဖျဖျ ဝိုင်းပြီးပြောပြဖို့ အစီအစဉ် ပင်ဖြစ်ပါသည်။ ကိုကြီးအောင် အစီအစဉ် ကြောင့် အားလုံး စိတ်လက်ပေါ့ပါးကြပါသည်။

နေဝင်ချိန် တိမ်တောက်အလင်းရောင် မပျောက်သေးသည့်အချိန်မှာ အချုပ်ဝင်းကြီး၏ အနေအထားကို ကျနော်တို့အားလုံး လှမ်းမျှော် အကဲခတ်ကြည့်ကြသည်။ အချုပ်ဝင်းကြီး၏ အလယ်တည့်တည့်တွင် ဧရာမ ကင်းမျှော်စင်ကြီးတခု ရှိပါသည်။ ဤမျှော်စင်ကြီးပေါ်တွင် တလံနီးပါးမျှ မျက်နှာဝကျယ်ဝန်းသည့် ဆလိုက် မီးမောင်းကြီးတခု။ ဝင်းကြီး၏ဒေါင့် ၄ ခုတွင် အလားတူ ကင်းမျှော်စင်ကြီးတခုစီနှင့် ဧရာမဆလိုက်ကြီးတခုစီ ဤမျှော်စင်ကြီး ၅ ခုပေါ်တွင် ဂျီသရီး၊ ဂျီဖိုး သေနတ်ကိုင် စစ်သား လေးငါးဦးသည် သေနတ်ကို အသင့် အနေအထားလွယ်လျက် အရပ် ၈ မျက်နှာသို့ အမြဲမပြတ် ကြည့်ရှု စောင့်ကြပ်နေလျက်ရှိပါသည်။

အုတ်နံရံသည် ၁၅ ပေနီးပါးမြင့်သည်ဟု ထင်ရသည်။ ၎င်းအုတ်နံရံပေါ် တွင် သံပြားအခြားကို ဗွီရှိတ်ပုံခွဲလျက် သံဆူးကြိုး တဖက် ၃ တန်းစီ တင်ထားပါသည်။ ဗွီရှိတ်၏ ချိုင့်ခွက်ထဲတွင် သံဆူးကြိုးခွေ အလိပ်လိုက် ချထားသည်ကို တွေ့ရသည်။ အုတ်နံရံကြီး၏ ကိုက် ၅၀ အကွာခန့်အကွာအဝေးတိုင်းတွင် ကင်းမျှော်စင်လေးတခုစီ ရှိပါသည်။

ထိုကင်းမျှော်စင်လေးပေါ်တွင် စစ်သား ၃ ယောက်ခန့်သည် အလားတူ စွာပင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု အကဲခတ် နေပါသည်။ ကျနော်တို့သည် ပတ်ဝန်းကျင်တခုလုံးကို သိမ်းကြုံး လေ့လာအကဲခတ်ပြီးနောက် နေဝင် မှောင်စပျိုးလာပြီ ဖြစ်သည့်အတွက် အိမ်ထဲသို့ ဝင်လိုက်ကြပါသည်။ ကိုကြီးအောင်က ခေါင်းတညိတ်ညိတ်နှင့် ပြောပါသည်။ “ရန်ကုန် ထောင်ကြီးကို လူမြင်ကွင်း မြို့လည်ခေါင်ကနေ လူမမြင်ဆိတ်ကွယ်ရာ ဒီမှာ ပြောင်းလာလိုက်တာပဲ”

ဉာဥ့်သည် မှောင်လာပါပြီ။ ဧရာမ ဆလိုက်မီးမောင်းကြီး ၅ ခုသည် စတင်အလုပ်လုပ်ပါတော့သည်။ ဖြူဖွေးတောက်ပသော အလင်းတန်း ကြီးများဖြင့် အရပ်ရှစ်မျက်နှာကို ဝေ့ပတ်၍ထိုးနေပါသည်။ အိမ်တိုင်း အဆောက်အဦတိုင်း၏ အရပ်လေးမျက်နှာသည် မီးမောင်း ကြီးအလင်းရောင် မကျရောက်သည့်နေရာမရှိပါ။ ဤအဆောက်အဦ များအား စီစဉ်တည်ဆောက်သူများသည် အစီအစဉ် စနစ်တကျဖြင့် ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း ခန့်မှန်းရလေသည်။

အဆောက်အဦးအပြင်ဘက်သို့ ကျနော်စမ်းထွက်လိုက်သည်။ မီးမောင်းကြီးတခုက ကျနော့်အပေါ်ဝေ့ပြီး ကျရောက်လာကာ ကျနော့်အား မီးမောင်းကြီးက မခွာဘဲ ထိုးထားပါသည်။ ကျနော်လည်း အိမ်ထဲသို့ ပြန်ဝင်လိုက် ပါသည်။ ဦးလေးထွန်းက စိုးရိမ်စွာဖြင့် …

“ဘာဖြစ်လို့ အိမ်အပြင်ထွက်တာလဲ”

“အခြေအနေ သိချင်လို့ပေါ့ဗျာ”

“မတော် သေနတ်နဲ့လှမ်းပစ်ရင် ဘယ်နှယ့်လုပ်မလဲ”

ကျနော် ဘာမှပြန်မပြောတော့ပါ။ ဦးဘိုနီနှင့် ကိုကြီးအောင်တို့က ညမိုးချုပ်ရင် အိမ်တံစက်မြိတ်အပြင် မထွက်ဖို့ ပြောပါသည်။ နောက်ရက်များတွင် လူကြီးများပြောထားသည့်အတိုင်း ညမိုးချုပ်တွင် ကျနော်တို့လူငယ်များ တံစက်မြိတ်အပြင် မထွက်တော့ပါ။

ဤညအဖို့ ကျဉ်းကြပ်မွန်းသိပ်လှောင်ပိတ်နေသော လူ့တိရစ္ဆာန်ရုံ အခန်းကျဉ်းလေးထဲမှ လူ့လောက လူ့ပတ်ဝန်းကျင် လူ့အသိုက်အဝန်းနှင့် ပေါင်းဖော်ထိတွေ့ခြင်း အနည်းငယ် ပြန်လည်ရရှိလိုက်သည့်အတွက် အနည်းငယ် စိတ်သက်သာ ပြေပျောက်စေပါသည်။

ကျနော် ရေကြည်အိုင် ဗဟိုထောက်လှမ်းရေးအချုပ်တွင် နေခဲ့ရစဉ်ကာလ ဤဝင်းအတွင်း တထောင့်တနေရာ တွင် အတူရှိနေသူများမှာ တရုတ်-ဗမာ အဓိကရုဏ်းကိစ္စနှင့် အချုပ်ခံရသူ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ နှင့် ဦးမြတ်လေး၊ ဗမာပြည် ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်ဇင်၏ဇနီး ဒေါ်ကြည်ကြည်၊ တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၏ ဇနီး၊ ပထမဝန်ကြီး ဦးဝင်း (ယခု CRPP ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၏ ဖခင်) သမတ မန်းဝင်းမောင်၊ ဝန်ကြီးဦးရာရှစ် အစရှိသည့် ဝန်ကြီးများ၊ နိုင်ငံရေးသမားများ အတူရှိနေကြပါသည်။

ဇွန်လ ဆန်ပြတ်လပ်မှုအရေးအခင်း၊ တရုတ်-ဗမာ အရေးအခင်း၊ ဤအရေးအခင်းနှစ်ခုကာလအတွင်း အဖမ်းခံခဲ့ရသူများကို ဆက်စပ်လိုက်ရာ ၂၀၀ ကျော်မျှ ရှိလေသည်။

နောက်နေ့မနက် ထမင်းချိုင့်လာသိမ်းသောအခါ ကိုကြီးအောင်၏ ထမင်း ဝလင်စွာ စားရရေးအစီအစဉ်ကို စတင် အကောင်အထည်ဖော်ပါ တော့သည်။ ငါးလုံးတွဲ အိမ်တိုင်းစေ့ မည်သည့်အိမ်မှ ထမင်းမဝ ကြောင်း ကောင်းမွန် အေးဆေးစွာ တသံတည်း ပြောလိုက်သည်။ စစ်သားများ ဘာမှပြန်မပြောဘဲ ထမင်းချိုင့်သိမ်း၍ ပြန်သွားပါသည်။

ယခုမနက်လာပို့မည့် ထမင်းမှာ အားလုံးကဝိုင်း၍ မျှော်နေကြပါသည်။ မနက် ၁၀ နာရီလောက်တွင် စစ်သားများ သည် ထမင်းချိုင့်၊ ထမင်းပုံးတွေ နှင့် ဆွဲသူက ဆွဲလာ၊ ထမ်းသူက ထမ်းလာ အိမ်ပေါက်စေ့လိုက်ပို့ပါသည်။ အချိုး ပြောင်းလာပါသည်။ ကိုကြီးအောင် အစီအစဉ် တကယ်ပဲ အောင်မြင်ပါသည်။ ထမင်းမှာ ချိုင့်နှင့်မဟုတ်တော့ဘဲ ဆွဲပုံးကြီးနှင့်တပုံး အပြည့်အမောက်အသိပ်နှင့် ဖြစ်လာပါသည်။

စစ်သားများတံခါးပိတ်ပြီးပြန်သွားသောအခါ ကိုကြီးအောင်ကို ဝိုင်းပြီး ဂုဏ်ပြုကြပါသည်။

“ဒါမှ တို့ ကိုကြီးအောင်ကွ၊ တကယ့်ကို အားကိုးရတယ်”

ကိုကြီးအောင် ပြုံးတုံးတုံးနှင့် ဂုဏ်ယူမဆုံးသည့်မျက်နှာနှင့် ဖြစ်နေပါ သည်။

ထမင်းဝိုင်းကို ပြင်ဆင်ခူးခပ် ဝိုင်းလိုက်ကြပြီးနောက် ဟင်းချိုင့်ကို ဖွင့်လိုက်ပါသည်။ ဘဲဥခြမ်းနှင့် ရောထားသော အာလူဟင်း ဖြစ်ပါသည်။ ယခုမနက်ထမင်းဝိုင်းမှာ ပျော်ရွှင်ဝမ်းသာဖွယ်ရာအပြည့်နှင့် စားကြ၊ သောက်ကြ၊ ကိုကြီးအောင်၏ အစီအစဉ်ကို ဝိုင်းဝန်းချီးကျူးကြပါသည်။ စားရင်းသောက်ရင်း ထမင်းဝိုင်းမှာ ထမင်းလည်း ပြောင်၊ ဟင်းလည်း ပြောင် ဘုန်းမောင်များမှာ ထမင်းမဝရှာ ဖြစ်နေပါတော့သည်။ ကိုကြီးအောင်လည်း ထပ်မံ ကြိုးစားပြန်သည်။ စစ်သားတွေကလည်း ထမင်းကို ဆွဲပုံးကြီးနှင့်တပုံးအပြင် လေးဆင့်ချိုင့်အပိုပါ ဆောင်းလာပါ သည်။ ဒါလည်း မပြေလည်ပါ။ ဆန်ကလည်းရှားပါးနေ၊ ကျနော်တို့ ကလည်း ကျွေးသမျှမဝ ဘယ်လိုများ ဖြစ်နေပါလိမ့်။

စစ်သားတွေက ကျနော်တို့ကို မယုံသည့် သံသယမျက်လုံးနှင့် စူးစမ်း သည်။ အိမ်ထဲသို့ ဝင်ရှာပါတော့သည်။ ကြွက်တွင်း ကြွက်ပေါက် တွေကို လိုက်ကြည့်၊ တုတ်နှင့်လျှောက်ထိုး လုပ်လာသည်။

“ခင်ဗျားတို့ ထမင်းတွေကို သွန်ပစ်သလား၊ ကြွက်တွင်းတွေထဲ ထည့်ပစ် သလား”

ကိုကြီးအောင်နှင့် ဦးဘိုနီက “ကျနော်တို့ ထမင်းတွေမသွန်ပစ်ပါဘူး၊ ကြွက်တွင်းတွေထဲမထည့်ပါဘူး။ တကယ် စားမဝလို့ပါ”

စားမဝရင်တော့ ကြိုးစားစီစဉ်ပေးမယ်၊ စားမကုန်ဘဲ လျှောက်သွန်ပစ် ရင်တော့ မင်းတို့မစားသာဘူး မှတ်”

စစ်သားတွေက ကျနော်တို့ကို မယုံပါ။ အပြင်မှာ ဆန်ရှားနေသည်။ ကျနော်တို့က အနုနည်းနှင့် ပြဿနာလုပ်ပြီး လျှောက်သွန်ပစ်၊ ဖျက်ဆီးပစ်နေသည်ဟု ယူဆသည်။

အမှန်က မဟုတ်ပါ။ ကျနော်တို့မှာ မသထာရေစာတွေကို မြိုဆို့နေရလို့လား မသိပါ။ ကျွေးသမျှကို မဝနိုင်ဖြစ်နေပါသည်။

ဆက်လက်ဖော်ပြပါမယ်။

Friday, November 20, 2009

ကျောင်းသား ထောင် တော်လှန်ရေးသမား (၁၆)

အာဇာနည် သူရဲကောင်းတွေ

ကျနော်တို့တတွေ ကိုကိုးကျွန်းကို သွားရမယ်ဆိုတာလည်း ရှင်းသွားပြီ။ ဘဝမှာ အကွေ့အပြောင်းကြီးတခုကို ရောက်တော့မယ်ဆိုတာလည်း သေချာသွားပြီ။ ဒီနေရာမှာ ကျနော် ဖြတ်ပြောချင်တာတခုက ထောင်ထဲရောက် တဲ့လူတွေ (ရာဇဝတ်မှုနဲ့ပဲ ရောက်ရောက်၊ နိုင်ငံရေးအမှုနဲ့ပဲ ရောက်ရောက်) ထောင်ထဲရောက်ဖူးတဲ့လူတွေဟာ သူတို့အတွက်မှာ ထောင်ဆိုတာဟာ ဘဝရဲ့အဆစ်အချိုးလေးတခု ဖြစ်လေ့ရှိတယ်ဗျ။ အကောင်းဘက် ပြောင်းသွားတာလည်း ဖြစ်ရင်ဖြစ်လိမ့်မယ်၊ အဆိုးဘက် ပြောင်းသွားတာလည်း ဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် အဆစ်အချိုးကြီး၊ အကွေ့အပြောင်းကြီးတခု ဖြစ်သွားလေ့ရှိတာက အမှန်။ ကျနော့်တဦးချင်းအဖို့ဆိုလို့ရှိရင် အဲဒီအတိုင်းပဲ။

ကျနော်ဟာ ထောင်ထဲ မရောက်ခင်တုန်းက ကျောင်းသားနိုင်ငံရေးလောက်ပဲ သိတယ်။ ဟိုငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ ကျောင်းသားတွေအတွက် ဒီမိုကရေစီအခွင့်အရေးကိုလိုချင်တဲ့ သာမန်လူငယ်တယောက်ရဲ့ အသိတခုနဲ့ပဲ ကျနော် ထောင်ထဲဝင်လာခဲ့တာ။ စာဖတ်တာတွေတော့ ရှိတာပေါ့။ ဒါပေမယ့် စာအုပ်အသိ လောက်ပဲ ရှိတယ်။ အဲ … ထောင်ထဲ ရောက်ပြီးတဲ့အခါကျတော့ ကျနော်ဟာ ဒီ စစ်အစိုးရအပေါ်မှာ နာကျည်းမှုက အသည်းထဲ စွဲသွားခဲ့တယ်။ အစိုးရနဲ့ ပတ်သက်ပြီးတော့၊ နောက်ပြီး ကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့၊ ကိုယ် ဘာလုပ်မယ်ဆိုတာ ပတ်သက်ပြီးတော့ စိတ်ဒုန်းဒုန်း ကျသွားစေတာ ထောင်ပဲဗျ။

အဲ … ထောင်ထဲမှာမှ တခါ ကိုကိုးကျွန်းဆိုတဲ့အဆင့်ကျတော့ ပိုပြီးတော့တောင်မှ ကျနော့်ရဲ့ ဒီဆုံးဖြတ်ချက်ကို၊ ပိုင်းဖြတ်ချက်ကို မြဲမြံသွားစေခဲ့တယ်လို့ ပြောနိုင်တယ်။ ကိုကိုးကျွန်းက ပေးလိုက်တဲ့ အသိ၊ ကိုကိုးကျွန်းက ပေးလိုက်တဲ့ ခံစားချက်၊ ကိုကိုးကျွန်းက ပေးလိုက်တဲ့ အတွေးအခေါ်ဟာ ကျနော့်အဖို့ လက်စားချေစိတ် နီးပါးကို ဖြစ်လာတယ်။ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားတယောက်အနေနဲ့ လက်စားချေဆိုတဲ့စကားမျိုးက ပြောလို့ မကောင်းပါဘူး။ ပြောလို့လည်း မသင့်ဘူး။

ဒါပေမယ့် တကယ်ပဲ ကျနော်ဟာ ဘာလုပ်လုပ်၊ ဘာပဲစဉ်းစားစဉ်းစား ကျွန်းမှာ ကိုယ့်မျက်စိအောက်တင် ကျဆုံးသွားတဲ့ ရဲဘော်တွေကို မစဉ်းစားဘဲကို မနေနိုင်အောင် သူတို့အတွက် သူတို့အတွက်ဆိုတာမျိုးတွေ အမြဲတမ်းလိုလို ပေါ်တယ်။ ဒါကြောင့်မို့လို့ ကျနော်က လက်စားချေစိတ် နီးပါး ဖြစ်ရတယ်လို့ ကျနော်ပြောတာ။

အဲဒီ ကျွန်းကပြန်လာတဲ့နောက်မှာ ကျနော်ဟာ တယောက်ယောက်က တာဝန်ပေးလိုက်သလိုပဲ၊ အဲဒီမှာ ကျသွားတဲ့ လူတွေက တာဝန်ပေးလိုက်သလိုပဲ။ နောက် ကျနော်ကလည်း သူတို့ကိုအာမခံပြီး အဲဒီတာဝန်ကို ယူလာသလိုလိုပဲ။ အဲ … တလျှောက်လုံး၊ တဘဝလုံး အဲဒါ ပါတော့တာပဲ။

ဒီနေရာမှာ တခါတည်း ဆက်ပြောချင်တာက အာဇာနည်သူရဲကောင်းတွေရဲ့အခန်း။ တော်လှန်ရေးသမား တယောက် ဒါမှမဟုတ်ရင် ပြည်သူ့ဘက်တော်သားတယောက်။ မိမိယုံကြည်ချက်အပေါ်မှာ ရေရှည် သံန္နိဋ္ဌာန် မြဲစေတဲ့အကြောင်းတွေထဲမှာ ကျနော်ထင်တာ အဓိကကျတဲ့အချက်က ၂ ချက်ရှိတယ်လို့ ထင်တယ်။

ပထမ အချက်က သူယုံကြည်တဲ့ အမှန်တရား၊ နံပါတ် ၂ အချက်က အာဇာနည်သူရဲကောင်းတွေ။ သူတို့ဟာ တော်လှန်ရေးကို ခုနကပြောတဲ့ သူယုံကြည်တဲ့ အမှန်တရားနဲ့ သူ ပိုင်းဖြတ်လုပ်ခဲ့တယ်။ အဲဒီ ပိုင်းဖြတ်လုပ်တဲ့ ဟာကို အာဇာနည် သူရဲကောင်းတွေက (အထူးသဖြင့် ကိုယ်နဲ့အတူ တိုက်ဖော်တိုက်ဖက် သူရဲကောင်းတွေက) ဒီဆုံးဖြတ်ချက်ကို ပိုမြဲမြံစေတယ်။ သံန္နိဋ္ဌာန်ပိုပြီးတော့ ခိုင်မာစေတယ်လို့ ကျနော် အဲလိုမြင်တယ်။

ဒါကြောင့်မို့လို့ ဘယ်နိုင်ငံရေး အဖွဲ့အစည်းမဆို၊ ဘယ်လူ့အဖွဲ့အစည်းမဆို တော်လှန်ရေးအာဇာနည်တွေကို ဖော်ထုတ်ကြရစမြဲ၊ သူတို့ရဲ့အတ္ထုပ္ပတ္တိတွေကို သင်ပြီးတော့ အတုယူစရာအဖြစ် လူငယ်တွေကို အမြဲပညာပေး ရစမြဲ ဖြစ်တယ်ဗျ။ အဲဒီတော့ နိုင်ငံပဲဖြစ်ဖြစ်၊ တိုင်းပြည်တခုပဲဖြစ်ဖြစ်၊ နိုင်ငံရေးလုပ်တဲ့ ပါတီအဖွဲ့အစည်းတခုပဲ ဖြစ်ဖြစ်၊ နောက်ဆုံး ဘာသာရေးပဲ ဖြစ်ဖြစ် အာဇာနည်ပုဂ္ဂိုလ်တွေကို စံတင်ကြရတာပဲ။ အဲဒီလိုစံမရှိဘဲနဲ့ လူတွေဟာ သဘောတရားတခုတည်းနဲ့ လမ်းကြောင်းတခု လျှောက်လို့မရသေးဘူးလို့ ကျနော် ထင်တယ်။

အဲဒီတော့ တခြားမကြည့်နဲ့ဗျာ။ ကျနော်တို့ဒီဗမာပြည်က လက်ရှိရှိနေတဲ့ စစ်အစိုးရပဲကြည့် (နအဖ) သူတို့လည်း သိတယ်။ အာဇာနည်သူရဲကောင်းတွေကို စံတင်ဖို့လိုတယ်ဆိုတဲ့အချက် သူတို့လည်း သိတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ သူတို့မှာ တိုင်းပြည်က အသိအမှတ်ပြုတဲ့ တိုင်းပြည်ကလေးစားလောက်တဲ့ သူရဲကောင်း မရှိဘူး။ သူတို့က ဗိုလ်ချုပ်အောင်ဆန်းကိုလည်း သူရဲကောင်း မတင်နိုင်ဘူး။ မတင်ချင်ဘူး။ ဟိုအရင် ဖဆပလ အစိုးရ လက်ထက်တုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို မဲပုံးကပ်ပြီး မဲတောင်းတဲ့အထိတောင် လုပ်ခဲ့တာဗျ။ အသုံးချတာတော့။

အခု စစ်အစိုးရကျတော့ အဲဒီလိုလည်း သူ မလုပ်နိုင်ဘူး။ သူတို့ထဲမှာလည်း တကောင်တမြီးမှ လူလေးစား လောက်တာ မရှိဘူး။ နံပတ် ၁ ဗိုလ်နေဝင်းက အစ၊ အဆက်ဆက် အကုန်လုံး။ အဲဒီတော့ သူတို့ခမျာမှာ ရှားရှား ပါးပါး သမိုင်းစာရွက်တွေ လျှောက်လှန်ပြီးတော့ ဟိုးအဝေးကြီးက ဟာတွေကို လှမ်းပြီးတော့ သူရဲကောင်းလုပ် နေရတာ။ ပဒေသရာဇ်ဘုရင်တွေရဲ့ လုပ်ကိုင်မှုတွေကိုပဲ (နယ်ချဲ့မှုတွေ ဘာတွေ အပါအဝင်ပေါ့ဗျာ) အဲဒါတွေ ကိုပဲ စံတခုလုပ်ပြီးတော့ သူရဲကောင်းတင်နေရတာ။

တကယ်ကျတော့ ကျနော်တို့တိုင်းပြည် ကျနော်တို့နိုင်ငံဟာ ဒီ အနီးခေတ်သမိုင်းမှာ ဂုဏ်ယူစရာ သူရဲကောင်း မရှိတဲ့နိုင်ငံ မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံဟာ ကမ္ဘာမှာရှိတဲ့ ဘယ်နိုင်ငံနဲ့ပဲယှဉ်ယှဉ် နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း၊ ဒီဘက်သမိုင်း၊ နောက်ပြီး ဒီမိုကရေစီ တိုက်ပွဲသမိုင်း … သမိုင်းအဆက်ဆက်မှာ အင်မတန် ဂုဏ်ပြောင်တဲ့ သူရဲကောင်းတွေအပြည့်နဲ့ တိုင်းပြည်ပါ။

ကျနော်တို့ ဗမာနိုင်ငံသားတွေဟာ ကိုယ့်တိုင်းပြည်က ဆင်းဆင်းရဲရဲ၊ အစိုးရက ဗလချာရမ်းနေတဲ့ အစိုးရ၊ အဲဒီလို အခြေအနေထဲမှာ နိုင်ငံခြားရောက်လို့ရှိရင် အင်မတန် မျက်နှာငယ်တယ်။ အဲ … ဒါပေမယ့် ကိုယ့်တိုင်းပြည်ရဲ့ သမိုင်းနဲ့ပတ်သက်လို့ရှိရင် အင်မတန် ဂုဏ်ယူနိုင်တယ်။ “ငါဟာ ဗမာပြည်သားကွ” လို့ လက်မထောင် ပြောလို့ ရတယ်။ ဒီအာဇာနည်တွေကြောင့်၊ ဒီသူရဲကောင်းတွေကြောင့် …။

အဲဒီတော့ ကျနော် ပြန်ပြောပါ့မယ်။ ကျနော်အထက်ကပြောခဲ့သလိုပဲ ကျနော် သင်္ဘောဝမ်းထဲကိုရောက်ရော။ သင်္ဘောအောက်က ဝမ်းဗိုက်ထဲမှာ ရှေ့ခန်း နောက်ခန်း ရှိတယ်။ ကျနော်တို့က ရှေ့ခန်းကိုရောက်တယ်။ ရောက်တဲ့အထဲမှာ ကျနော်တို့ နောက်ဆုံးရောက်တာနဲ့ တူတယ်။ ကျနော်တို့ ကားပေါ့ဗျာ။ ကျနော်တို့ကား ဆိုတာက အင်းစိန်ထောင်က မဟုတ်တဲ့လူတွေ ချုပ်ထားတဲ့ အဆောင်ကနေထွက်လာတဲ့ တွဲဘက်အမှတ် ၂ အဆောင်ကနေ ထွက်လာတဲ့သူတွေ အညာကလူတွေ အများကြီးပါတဲ့ဟာပေါ့။

အဲ … ကျနော်တို့အဖွဲ့ဝင်လာတဲ့အခါကျတော့ ကျနော်တို့က ပစ္စည်းတွေ တို့လို့တွဲလွဲနဲ့ သင်္ဘောဝမ်းထဲကို ဆင်းလာ ကြတော့ အရင်ရောက်နှင့်နေတဲ့သူတွေက ငေးကြည့်နေကြတာ။ အင်းစိန်ထောင်က ထွက်လာတဲ့သူတွေက ကိုယ်ပိုင်ပစ္စည်းဆိုလို့ နည်းနည်းပဲ ပါကြတာ။ ဘာကြောင့်လည်းဆိုတော့ သူတို့ဆီမှာက ၁၉၆၇ ခုနှစ် ဗမာ တပြည်လုံ မှာ အစိုးရက ဖိနှိပ်မှုတွေ စပြီးဆုံးဖြတ်ပြီး စလုပ်တဲ့အချိန်ကစပြီးတော့ အင်းစိန်ထောင်ထဲကိုလည်း အတင်းဝင်ပြီးတော့ နှိပ်စက်တာ။ အကုန်လုံး ခေါ်ပြီးတော့ ရိုက်တာ။ ရေသွင်းထားတဲ့ အခန်းတွေထဲထားတယ်။ အမျိုးမျိုး နှိပ်စက်တယ်။ အဲဒီလို လုပ်လာခဲ့တာ။

အဲဒီတော့ သူတို့ထဲမှာ အင်းစိန်ထောင်ကလာတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ရောဂါလည်းမျိုးစုံ။ နှိပ်စက်တဲ့ဒဏ်ကလည်း အမျိုးမျိုးခံလာခဲ့ရတာ။ ဥပမာ … လေထီးဗိုလ်အုန်းမောင်ဆိုရင် အဲဒီမှာ နံရိုးကျိုးအောင်အထိ အရိုက်ခံခဲ့ရတာ။ နောက် … ပြည်သူ့ တိုးတက်ရေးပါတီက ကိုတင်မောင်ညွန့် ဆိုရင်လည်း ရိုက်တာ သရက်ရွက်တဖက်ကို ကြေထွက်သွားတာ။ အဲဒီလိုပဲ။ တခြားလည်း အများကြီးပဲ။ အမျိုးမျိုးနှိပ်စက်ခံပြီးမှရောက်လာတဲ့ ရဲဘော်တွေ။

သူတို့က ကျနော်တို့ကို ငေးကြည့်နေကြတယ်။ တယောက်နဲ့တယောက် ချက်ခြင်း နှုတ်ဆက်လို့ရအောင် ကြည့်တဲ့သူကလည်း မမြင်သေးလို့။ ဒီအတိုင်းပဲ ကြည့်နေကြတာ။ နောက် … အထဲကျနော်တို့ ရောက်ပြီး ပစ္စည်းတွေဘာတွေ ချ။ ထိုင်စရာလေး ဘာလေး ရှာ။ (ထိုင်စရာဆိုလို့လည်း သင်္ဘောဝမ်းထဲဆိုတော့တွေ့ကရာ ထိုင်ကြတာပါပဲ။)

အဲဒီလိုထိုင်ပြီးတဲ့နောက်ကျမှ ဘေးမှာရှိတဲ့သူနဲ့ မိတ်ကလေး ဘာလေး ဆက်။ အကုန်လုံးက ဘဝတူတွေဆိုတော့ ဟိုမိတ်ဆက်လို့တော့ ကောင်းတာပေါ့ဗျာ။ ဘယ်သူတွေပါသလဲဗျာ။ ဘာညာ မေးကြည့်ရတာပေါ့။ မေးကြည့် တော့မှ ကျနော်တို့အခန်းထဲမှာ ဗန်းမော်တင်အောင်၊ (ဦးလေး ဦးတင်အောင်)၊ နောက်ပြီးကျတော့ မြသန်းတင့် (ဦးလေး ဦးမြသန်း) နောက်ပြီးကျတော့ ကေတီ ဦးကျော်တင့် ဆိုတဲ့ စာရေးဆရာ။ နောက်ပြီးကျတော့ ဟို ABKO က (ကိုကိုးကျွန်းကနေ လှေနဲ့ထွက်ပြေးတဲ့) မန်းအောင်ကြည် (ကရင်ခေါင်းဆောင်) သူတို့ပါတာကို သိရတယ်။

အဲဒီတော့ ဦးတင်အောင်နဲ့ ဦးမြသန်းကိုကျတော့ ကျနော်က ကျနော် ဘယ်သူပါလို့ မိတ်ဆက်ပြီးတော့ သွားပြီးတော့ နှုတ်ဆက်ပါတယ်။ ဦးတင်အောင်နဲ့ ကျနော်နဲ့က တွေ့ဖူးတော့ တွေ့ဖူးတာပေါ့။ ဒါပေမယ့် သိပ်ကြာနေပြီ။ နောက် ကျနော်လည်း ငယ်လည်းငယ်တော့ သူက ဘယ်မှတ်မိပါ့မလဲ။ ကျနော်က “ကျနော် ဘယ်သူပါ လို့” သွားပြီး ဂါရဝပြုရတာပေါ့။

ဆက်လက်ဖော်ပြပါမယ်။