Wednesday, November 25, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၈)

အခြားငရဲခန်းတခုသို့

၁၉၆၇ ခုနှစ် အောက်တိုဘာလဆန်း ရက်မမှတ်မိတော့။ နံနက်စာထမင်းစားပြီး ကျနော့်ကို လာခေါ်ထုတ်သွား သည်။ ထုံးစံအတိုင်းပဲ တနေရာရောက်တော့ မျက်နှာအဝတ်ကိုဖြေသည်။ တန်းလျားအဆောက်အဦတခု အရှေ့ရောက်နေသည်။ စစ်သား ၁၀ ယောက်ကျော်ရှိသည်။ သေနတ်နှင့် မတ်တပ်ရပ်လျက် ကင်းစောင့် သမားတယောက်ရှိသည်။ ကျနော့်ကဲ့သို့ ခေါ်ထုတ်လာသူများမှာ ၂၀ နီးပါးလောက်ရှိမည်ဟု ထင်ရသည်။ မျက်နှာကို အဝတ်မစည်းတော့ပါ။ လက်ထိပ်ကတော့ မပါမပြီးပါ။ ကားကြီးတစီးပေါ်တက်ခိုင်းသည်။ ကားနောက်တွင် ကျနော်တို့နှင့်အတူ စစ်သား သုံးလေးယောက်ကထိုင်၍ လိုက်လာသည်။ ကျနော်တို့ကို ကားကြမ်းပြင်တွင် ထိုင်ခိုင်းပြီး ကားသည် မောင်းထွက်လာပါသည်။

ဂိတ်ဝထွက်အလာတွင် ကျနော်နေခဲ့ရသည့် ကြောက်လန့်ခြောက်ခြားဖွယ်ရာ အတိပြီးသော ဤရေကြည်အိုင် လျှို့ဝှက်အချုပ်ထောင်ကြီးကို သိလို မြင်လိုလှပါသည်။ ဂိတ်ဝကိုလွန်တော့ ကျနော်လှမ်းကြည့်သည်။ ဂိတ်ဝတွင် တယောက်နေ ကင်းတဲတလုံး၊ အဖြူအနီသုတ်ထားသည့် မောင်းတံတလက်၊ အချက်ပြမီးနီ မီးစိမ်းတိုင်တခု ခြံစည်းရိုးမှာ ကြခတ်ရုံကြီးများကို မညှပ်မပြု သဘာဝအတိုင်း ပေတရာလမ်းမကြီးနှင့် မျက်နှာချင်းဆိုင်တွင် သာဓုကန် ဘုန်းတော်ကြီးကျောင်း အုတ်နံရံ အဖြူအဖွေးနှင့်။

ကျနော့်ရင်ထဲ အသိတခုဝင်လာသည်။ လမ်းမကြီးတဖက်မှာတော့ သူတော်ကောင်း၊ သူမြတ်လောင်းတို့၏ ကိန်းအောင်းမွေ့လျော်ရာ ကျောင်းဂေဟာ။

အခြားတဖက်မှာတော့ သူတော် မဟုတ်၊ လူယုတ်မာတို့၏ ဆိုးသွမ်းမင်းမူ သောင်းကျန်းရာ နေရာဌာနနှစ်ခုက နီးပင်နီးငြားသော်လည်း ကွာခြင်းလွန်းလှသည်။ ပတ်ဝန်းကျင်တခုသည်ကား လူသားတို့၏ လောဘ၊ ဒေါသ၊ မောဟ၊ သောက၊ ပရိဝေဒတို့အား ပြေပျောက်စေလျက် နှလုံးစိတ်ဝမ်း အေးချမ်းစေကာ ကုသိုလ်တရားတို့ဖြင့် ထုံမွှမ်းပြည်ဝစေသည့် သုခရိပ်သာ။

အခြား၏ ဟိုတဖက်မှာတော့ လောဘ၊ ဒေါသ၊ မောဟ၊ သောက၊ ပရိဒေဝမီးတို့ တရှိန်ရှိန်တညီးညီး တောက်လောင်ကာ အကုသိုလ်တရားတို့ပွားစီးသည့် ငရဲဌာနေရာ။

ကျနော်တို့ကိုတင်လာသည့်ကားသည် ရန်ကုန်ဘက်သို့ဦးတည်မောင်းနေပါသည်။ ရေကြည်အိုင် ငရဲခန်းအကြောင်းကို စဉ်းစားလာသည်။ သာမန်လူတယောက် ရေကြည်အိုင်ရှေ့မှဖြတ်သွားပါက အထဲတွင် ဘာတွေရှိမှန်း၊ ဘာတွေလုပ်နေမှန်း ဘယ်လိုမှမသိနိုင်ပါ။ ဤမျှအထိ အပြင်ပန်းတွင် ရိုးရိုးရှင်းရှင်းလေး မြင်ကွင်း ဖြစ်အောင် ဖန်တီးထားပါသည်။

စစ်အာဏာရှင်တို့သည်ကား ရက်စက်ယုတ်မာရိုင်းစိုင်းရာတွင် အစ္ဇျတ္တရော ဗဟိန္ဓပါ ပုံဖမ်းရုပ်ဖျက် သရုပ်ဆောင်ကောင်းလျက် ရှိကြပါတကား။

ကျနော်တို့ကို တင်ဆောင်လာသည့် ကားသည် မင်္ဂလာဒုံမှ ဒညင်းကုန်း၊ အင်းစိန် ဘက်သို့ မောင်းလာပါသည်။ ကားပေါ်တွင် တဦးနှင့်တဦး စကားပေး မပြောပါ။ အင်းစိန်ထောင်းဗူးဝရှေ့တွင် ကားရပ်လိုက်သည်။ ကားပေါ်မှ ဆင်းခိုင်းပြီးနောက် လူတယောက်ချင်းစီးကို ထောင်ဗူးဝ သံတံခါးမကြီးဘေးရှိ မလွယ်ပေါက်မှ ဝင်ခိုင်းပါသည်။ ဗူးဝနှင့်ကပ်ရက် အခန်းတခုထဲတွင် စုထားပြီး နာမည်စစ်ပါသည်။

ပြီးမှ ကျနော်နှင့်အခြားတယောက်ကို နှစ်ယောက်တတွဲ ခေါင်းကိုစောင်အုပ်လျက် ဝါဒါတယောက်က စောင်စ ဆွဲ၍ ခေါ်လာပါသည်။ ခေါင်းသာအုပ်ထား၍ ခေါ်လာသည့်လမ်းတလျှောက် လမ်းဘေး တဖက်တချက်တွင် ပုဆိုးဖြူဖြူနှင့် ထောင်သားများ၏ ခါးအောက်ပိုင်းကို မြင်ရပါသည်။ ကျနော်တို့ကိုခေါ်လာစဉ် ဤပုဆိုးဖြူဝတ် များသည် ရှေ့ကို လက်ချင်းအုပ်လျက် ရပ်နေသည်ကို တွေ့ရပါသည်။

အတန်ကြာလျှောက်ပြီးနောက် ဘယ်ကွေ့ပါသည်။ ထုံးဖွေးဖွေး ကိုးနဝင်း စေတီလေးတဆူကို အောက်ခြေပစ္စယံကို ရိပ်ခနဲ လှမ်းဖူးလိုက်ရပါသည်။ ပြီးတော့မှ တနေရာ အရောက်တွင် ရပ်လိုက်ပါသည်။ ဝါဒါက အခန်းတခု၏သော့ကို ဖွင့်လိုက်သည်။ ဂလောက် ဂျောင်းဆိုပြီး သံတံခါးကို ဆွဲဖွင့်သည်။ ပြီးတော့မှ ကျနော်တို့ ၂ ယောက်ကိုအုပ်ထားသည့်စောင်ကို ဆွဲခွာလိုက်ပြီး အခန်းတွင်းသို့ ဝင်ခိုင်းပါသည်။

ကံဇာတာဂြိုဟ်စီး ဒုက္ခမီးနောက်ကလိုက် ထောက်လှမ်းရေးတွေလက်ထဲ ရောက်လိုက်တဲ့အချိန်ကစပြီး အတွေ့ကလည်း စိမ်း၊ အကြုံကလည်းစိမ်း၊ ခံစားချက်ကလည်းစိမ်းလှပါသည်။ ကျနော်တို့ ၂ ယောက် ယခုရောက်လာ လိုက်တဲ့နေရာကလည်း အဲဒီလို စိမ်းသက်သက်ချည်းပါ။

၈ ပေ ၁၂ ပေရှိမည့် တိုက်ခန်းအခန်းနံရံက ဝါကျင့်ကျင့် ထုံးရောင်၊ အမြင့်ကတော့ ၁၅ ပေလောက်ရှိမည် ထင်ပါသည်။ အခန်း၏နောက်ဘက် အုတ်နံရံက ၁၂ ပေလောက်အမြင့်တွင် တပေခွဲ နှစ်ပေအမြင့် လေဝင်ပေါက် သံတိုင်တံခါးတခု အခန်းပေါက်ဝရှေ့မှာတော့ ဟောင်းနွမ်း၍ သံချေးတက်နေသော ၃ ပေ၊ ၇ ပေရှိမည့် ဝက်ထွက်သံတံခါးတခု၊ အခန်းထဲတွင် သစ်သားကွပ်ပျစ် ၃ ပေ၊ ၆ ပေ သမံတလင်းနှင့်ကပ်ရက်၊ အုတ်နံရံနှင့်ကပ်ရက် တဖက်စီတွင် တခုစီခင်းထားသည်။

အခန်းထဲမှ အနံအသက်သည် အောက်သိုးသိုးနှင့် လေကောင်းလေသန့်မရှိပါ။ အခန်းရှေ့ ၁၂ ပေလောက် အကွာတွင် ၁၀ ပေခန့်မြင့်မည့် အုတ်နံရံသရိုးတွေက ကွာကျ၊ ရေညှိတွေကပ် အထပ်ထပ် မွဲခြောက်သည့် အရောင်က မလှမပ။ မြင်လိုက်ရသည့်တခဏ စိတ်တွေက နောက်ကျိရှုတ်ထွေးလှ။ မြို့ပျက်၊ တိုက်ပျက်ကြီး တခုအလယ် ရောက်နေသည်လားလို့ ထင်မှတ်ရ။

ကျနော်နှင့်တခန်းတည်းနေရသူမှာ ကိုထင်ရှိန်။ ကျနော့်ထက် ၁၀ နှစ်ကျော် ကြီးပါသည်။ သူပြောပြ၍ အသက် ၃၅ နှစ်ရှိပြီ ဟု သိရသည်။ ရန်ကုန် သတင်းစာတိုက်မှ သတင်းထောက် ရေကြည်အိုင်မှာတုန်းက ကိုရဲမြင့် ပြောပြထားလို့ နာမည်ကြားပြီး ရင်းနှီးနေသူပါ။ သူလည်း ကျနော့်နာမည်ကို ကြားထားပါသည်။

ကျနော်တို့ထောင်ထဲဘဝက ရင်းနှီးမိတ်ဆွေဖြစ်ကြပုံမှာ သုံးမျိုး သုံးစားရှိသည်။ ပထမမျိုးက လူချင်းတွေ့ပြီး ရင်းနှီးရသည့် မိတ်ဆွေ၊ ဒုတိယမျိုးက ပထမရင်းနှီးသည့် မိတ်ဆွေက သူ့ သူငယ်ချင်း သို့မဟုတ် သူ့အမှုတွဲက ဘယ်သူ၊ သူ့နာမည်က ဘယ်လို သူ့အလုပ်က ဘာအလုပ်ဆိုပြီးပြောထားလို့ တဆင့်စကားနဲ့ ရင်းနှီးခင်မင်ရသည့် မိတ်ဆွေ၊ တတိယမျိုးကတော့ အချုပ်ခန်းချင်းကပ်ရက် အသံပဲကြားရပြီး သိကျွမ်းခင်မင်ရ သည့် မိတ်ဆွေဆိုပြီး သုံးမျိုးသုံးစား ရှိပါသည်။

အကိုကြီး ကိုထင်ရှိန်မှာ အေးအေးဆေးဆေးနေတတ်ပြီး စကားနည်းသူ ဖြစ်ပါသည်။ ဗကသ ကျောင်းသား ခေါင်းဆောင်ဟောင်းတဦးဖြစ်ပြီး သူ့ဆီက နိုင်ငံရေးအတွေ့အကြုံ၊ ကျောင်းသားလှုပ်ရှားမှုအတွေ့အကြုံ မေးမြန်း သိခွင့်ရပြီး ကျနော့်အတွက် တန်ဖိုးရှိလှပါသည်။ ကျနော့်ကိုလည်း ညီငယ်တယောက်လို၊ ရဲဘော်ရဲဘက် တယောက်လို သွန်သင်ဆုံးမပါသည်။ ကျနော်ကတော့ လူငယ်ပီပီ တက်ကြွသည်။ စွန့်လွှတ်နိုင်ဖို့ကြိုးပမ်းသည်။ လူငယ်သဘာဝအတိုင်း အမြဲတမ်း တက်ကြွနေပါသည်။

အကိုကြီး ကိုထင်ရှိန်ပြောပြချက်အရ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကာလက ၅ ခရိုင် ငြိမ်းချမ်းရေး ဆန္ဒပြပွဲတွင် အဖမ်းခံခဲ့ရသေးကြောင်း၊ ၈ မိုင်ထောက်လှမ်းရေးစခန်းတနေရာတွင် ချုပ်ထားကြောင်း၊ ညမိုးချုပ်ရင် လူဝကြီးတယောက်က အခန်းသံတိုင်ဝတွင် ဖယောင်းတိုင်လာထွန်းပြီး ထိုင်စောင့်နေပါသည်။ ဘာစကားတခွန်းမှ မပြောပါ။ ဖယောင်းတိုင်ကုန်လျှင် လူဝကြီးပြန်သွားပါသည်။ ညမိုးချုပ်လျှင် အမြဲရောက်လာပါသည်။ မနက်တိုင်း ထမင်းလုံးတီး တပန်းကန်နှင့် ချဉ်ပေါင်ရည်ကျဲတခွက် လာကျွေးကြောင်း၊ စားချင်စိတ်မရှိသော်လည်း အာဟာရ မပြတ်ရေးအတွက် စားခဲ့ရကြောင်း ပြန်ပြောပြပါသည်။ ရက် ၄၀ ချုပ်ခံရပြီး ပြန်ထွက်လာပါသည်။ အပြင်ရောက်တော့ အတော်ဆေးကုယူရ ကြောင်း ပြောပြပါသည်။

မနက်ကျရင် နှစ်ကြီးရာဇဝတ် ထောင်ကျအကျဉ်းသားတွေကို ရွေးထုတ်ပြီး ခေါ်ပါသည်။ အင်္ကျီအဖြူလက်တို၊ ပုဆိုးအပြာ ဝါဒါက တံခါးဖွင့်ရင် အဆိုပါထောင်ကျက အခန်းထဲရှိ (ဂန်ဖလား) အင်တုံကို လာချပါသည်။ တချိန်တည်း ရေချိုးထုတ် စောင်အုပ်ပါသည်။

တိုက်တန်းလျားအခန်းသည် ၂၀ လောက်ရှိသည် ထင်သည်။ တိုက်ခန်းအလယ် လောက်တွင် သွပ်ပြား ကာထားသည့် ရေချိုးခန်းရှိပါသည်။ အခန်းထဲတွင် တယောက်တဖက်လှည့် ရေချိုးပါသည်။ ကိုထင်ရှိန်က ရေချိုးခံနှင့် လူကြီးချိုး ချိုးပါသည်။ ကျနော်က တဖက်လှည့်ပြီး ကလေးချိုး ချိုးပါသည်။ ရေချိုးရသည်မှာ အလုအယက်နှင့် ကသုတ်ကရက်နိုင်လှပါသည်။ ဝါဒါက တော်တော့ ဆိုလျှင် ရေချိုးရပ်ပြီး တော်လိုက်ရပါသည်။

ကျနော်တို့အခန်းရှေ့ ၁၀ ပေခန့်မြင်ကွင်းကို ကာကွယ်ထားသည့် အုတ်တံတိုင်း တခုခြားပြီးနောက် လမ်းကြားတခု ရှိပါသည်။ နောက်ထပ် ၁၀ ပေခန့်မြင့်မည့် မြင်ကွင်းကာ အုတ်တံတိုင်းတခု ခြားထားပြန်ပါသည်။

ကျနော်တို့နေသည့်တိုက်၊ အချုပ်ခန်း တန်းလျားထက်ရှည်မည့် မျက်နှာချင်းဆိုင် တိုက်တန်းလျားတခု၏ အုတ်ကြွပ်မိုး နီနီခေါင်မိုးကို လှမ်းမြင်ရပါသည်။ ကျနော်တို့နေသော အချုပ်တန်းလျားမှာ အတွေ့အကြုံအရ ၄ တိုက်လို့ သိလာရပါသည်။ ခေါင်မိုးနီနီလှမ်းမြင်ရသောတိုက်မှာ ၅ တိုက် ဖြစ်ပါသည်။ ကျနော်တို့နေသော ၄ တိုက်အချုပ်မှာ ဘချော အမြဲပြဿနာရှာသူ၊ ထောင့်ကလည်း မကျိုးပါ၊ ကျနော့်ကို ပြဿနာ တခါ နှစ်ခါ လာရှာပါသေးသည်။ အကိုကြီး ကိုထင်ရှိန်က ကြားဝင်၍ပြဿနာ မတက်ခဲ့ပါ။

၁၉၆၈ ခုနှစ် နိုဝင်ဘာလ အလယ်လောက်တွင် မနက်စာ စားပြီး အကိုကြီး ကိုထင်ရှိန်နှင့် ကျနော့်ကို တိုက်ခန်းတံခါးဖွင့်၊ ခေါင်းစောင်အုပ် ခေါ်ထုတ်သွားပါသည်။ တနေရာအရောက်တွင် တံခါးတခုကိုဖွင့်လိုက်ပြီး အုပ်ထားသည့်စောင်ကို ခွာလိုက်ပါသည်။ ပေ ၄၀၀ ကျော်ရှည်လျားသည့် ဝါကျင့်ကျင့် နှစ်ထပ် တိုက်တန်းလျားကြီး တခုထဲကို ခေါ်သွားပါသည်။ တိုက်တန်းလျားကြီး၏ စင်္ကြံလမ်းအတိုင်း လျှောက်လာပြီးနောက် အခန်းတခုရှေ့အရောက်တွင် သစ်သားတံခါးကြီးကို သော့ဖွင့်လိုက်ပြီး အထဲကို သွင်းပါသည်။

ဆက်လက်ဖော်ပြပါမယ်။

No comments: