Tuesday, November 24, 2009

က, ကလေးငယ် ချစ်စဖွယ် (မိုးချိုသင်း)

“ဟယ် … စိုးစိုး၊ နင် ဘယ်တုန်းကရောက်လဲ”

“မနေ့ကပဲဟ၊ ငါ နင်နဲ့တွေ့ချင်လွန်းလို့သာ လာရတာ၊ လမ်းက သိပ်မမှတ်မိဘူး။ မေးလာရတယ်”

“နင်က ငါ့ကိုမေ့နေတာကိုး၊ ကျောင်းတက်တုန်းက အမြဲလာလည်တဲ့အိမ်တောင် နင်က မမှတ်မိဘူးဆိုတော့…”

“ဟိတ် အပိုတွေပြောမနေနဲ့။ သတိမရရင် ဒီလို တကူးတက လာပါ့မလားဟ”

“ဟုတ်ပါပြီရှင်၊ ကျေးဇူးတင်ပါတယ်”

“အင်းလေ … ခုဆို ၇ နှစ်လောက်ရှိရော့မယ်”

“နင် အခု ဘာလုပ်နေလဲ”

“ဟယ် … ငါထည့်လိုက်တဲ့စာ နင်မရဘူးလား။ ငါ ကျောင်းဆရာမလုပ်နေတယ်လို့ စာရေးလိုက်တယ်လေ”

“မြတ်စွာဘုရား၊ နင် ဆရာမလုပ်နေတယ် ဟုတ်လား။ ဆရာမအလုပ်ကို ဝါသနာ မပါဘူး၊ စိတ်မရှည်ပါဘူး ဆို၊ ခုရော ဘယ်နှယ့်လဲ”

“ခုတော့ မဆိုးပါဘူးလို့ပြောရမှာပဲ။ နင်မှတ်မိသေးလား။ ကျောင်းတုန်းက နင်နဲ့တခြားနေရာတွေမှာတူကြပေ မယ့် ဆရာမအလုပ်ကိစ္စမှာ ကွဲပြားကြတယ် လေ။ ငါက ဆရာမအလုပ်ဆိုရင် တူးတူးခါးခါး၊ နင်က မက်မက်မောမော။ ခုရော ကိုယ်ဝါသနာပါတာ လုပ်လို့ရလို့ ပျော်နေပြီမဟုတ်လား”

“မပျော်နိုင်ပါဘူးဟာ၊ ကလေးတွေအစား ငါ သိပ်ရင်မောတာပဲ”

“ဘာဖြစ်လို့လဲ ဆရာမကြီးရဲ့”

“နင်က ကံကောင်းပါတယ်၊ မြို့ပေါ်မှာ သင်ရတဲ့ဆရာမဆိုတော့ ဒီလို ဘယ် ရင်မောရပါ့မလဲ၊ ငါ တာဝန်ကျတဲ့ ရွာမှာ ကလေးတွေက သိပ်သနားဖို့ ကောင်းတယ်ဟာ။ ငါက သူငယ်တန်းကို ကိုင်ရတယ်။ ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာရေးကို စိတ်မဝင်စားနိုင်ဘူး သိလား။ သူတို့ခေါင်းထဲမှာရှိတာ ထမင်းနပ်မှန်အောင် စားနိုင်ဖို့ပဲ။ ဒီအရွယ်လေးတွေနဲ့ မိဘနဲ့အတူရုန်းကန်ပြီး ထမင်းမှန်မှန်စားနိုင်ဖို့ မိဘကို အလုပ်ကူလုပ်ကြရ တယ်”

“ကွာလိုက်တာကွာ၊ ငါသင်ရတာက သူငယ်တန်း မဟုတ်ဘူး။ ငါက အမေရဲ့ကိုယ်ပိုင် ကျောင်းမို့လို့ မြို့ပေါ်မှာ သင်ရတာပါ။ နို့မို့ဆို ငါလည်း ဘယ်မြို့ပေါ်မှာ ရလိမ့်မလဲ။ မူကြိုသင်တာ။ ဒါပေမယ့်ဟေ့ အသက်က ကျောင်းမဝင်ခင် စပ်ကြား ၃ နှစ်က ၅ နှစ်ဆိုပေမယ့် စာလိုချင်တာ လက်ဖျားတင် မကဘူး။ ခြေဖျားပါ ခါသွားရမယ်။ ကျောင်းမဝင်ခင် သူငယ်တန်း စာအုပ်ကို ဖွတ်ဖွတ်ကြေနေအောင်တတ်သွားမှ၊ ဒါမှကျောင်းဝင်တော့ ပထမရကြမှာလေ”

“ငါ့ကလေးတွေလည်း ဒီလိုပြည့်စုံရင် ဒီလိုပဲ စာလိုချင်ကြမှာပေါ့လေ။ ခုတော့ ငါက နေ့တိုင်း မှန်မှန် ကျောင်းတက်ဖို့ ကျောင်းအဆင်းတွေမှာ မိဘတွေကို လိုက်စည်းရုံးရတယ်။ ကိုယ့်ကလေး ပညာတတ်ဖို့ပဲဟာ။ ဘယ်သူ မလွှတ်ချင်ပဲနေမှာလဲ။ ဒါပေမယ့် ကျောင်းလွှတ်လိုက်ရင် ဟင်းရွက်ခူးဖို့ လူမရှိဘူး။ ငါးပုစွန်နှိုက်ဖို့ ခိုင်းစရာမရှိဘူး။ ကလေး ကူထိန်းပေးမယ့်သူ မရှိတော့ဘူး။ ကဲ … ဘယ်လိုလုပ်မလဲ”

“ဒါဆို ငါ့ကျောင်းက ကလေးတွေက သိပ်ကံကောင်းတာပေါ့နော်။ သူတို့မှာ ဘာမှပူပန်စရာမရှိကြဘူး။ သူတို့မှာ ထမင်းချိုင့်ဆွဲပေးမယ့် အိမ်ဖော်က အဆင်သင့်။ လက်ထဲမှာ ဂျယ်လီတွေ၊ ချောကလက်တွေနဲ့။ ကျောင်းသွား ကျောင်းပြန် ကားတွေနဲ့ …”

“နင့်ကလေးတွေဘဝမျိုးကို ငါ့ကလေးတွေ အိပ်မက်တောင်မက်ဖူးပါ့မလား မသိဘူး။ စာမေးပွဲတွေမှာတော့ ငါက မှန်မှန်လာဖြေစေချင်တယ်လေ။ စာမေးပွဲဖြေဖို့ ကလေးတွေကို အိမ်ပေါက်စေ့ လိုက်ခေါ်ရင် ‘အမေ နေမကောင်းလို့ ဒီတခါ ကျနော် မဖြေတော့ဘူး’ လို့များ ပြန်ပြောရင် ငါဖြင့် ဝမ်းနည်းလို့မဆုံးဘူး၊ သူတို့လေးတွေရဲ့ဦးနှောက်ထဲမှာ သူတို့လေးတွေရဲ့စကားတွေမှာ ခေတ်ရဲ့အရိပ်တွေ လွှမ်းမိုးနေတယ်”

“ငါ့ကလေးတွေရဲ့စကားထဲမှာတော့ ညကကြည့်တဲ့ ဗွီဒီယိုအခွေက ကာတွန်းကား အကြောင်းပါမယ်။ ပန်းခြံထဲမှာ ရထားစီးတာတွေ၊ လေထီးစီးတာတွေ ပါမယ်။ သူတို့ပါပါးက နိုင်ငံခြားကပို့လိုက်တဲ့ ဓာတ်ခဲနဲ့ သွားတဲ့ရထားလေးအကြောင်း ပါတယ်။ ဒါပဲ”

“ငါတော့ပြောရင်းနဲ့ ဘာကိုစိတ်နာရမှန်း မသိတော့ဘူး။ ငါ့ကလေးတွေမှာ ကလေးစိတ်လေးတွေ မရှိဘူးဆိုရင် နင်ယုံမလား။ ဒီ့ထက် ဝမ်းနည်းဖို့ကောင်းတာ ရှိသေးတယ်။ သူတို့မှာ ကြီးလာရင် ဆရာဝန် လုပ်မယ်။ အင်ဂျင်နီယာ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိကြဘူးဟာ။ ကိုယ့်ရွာကကျောင်းမှာ ဆရာမ ပြန်လုပ်မယ်။ ဆရာပြန်လုပ်မယ်ဆိုတဲ့အဆင့်တောင် မမျှော်မှန်းရဲကြဘူး။ ငါက ‘သားတို့သမီးတို့ကြီးရင် ဘာလုပ်မလဲ’ လို့မေးရင် စဉ်းစားမနေဘဲ ‘ဆရာမကလဲ လယ်စိုက်မှာပေါ့’ တဲ့။ ငါကတော့ အတင်းပြောင်းယူတာပဲ။ ဆရာမလို ဆရာမ မလုပ်ချင်ဘူးလားလို့။ စာကြိုးစားရင် ဆရာမလုပ်လို့ရတယ်။ ဆရာဝန်ဖြစ်တယ်လို့။ ဒါပေမယ့် စာကြိုးစားဖို့ ပညာတော်ဖို့ဆိုတာကလည်း ဖန်တီးပေးနိုင်တဲ့ အခြေအနေရှိဦးမှဆိုတာ ငါအခုမှ နည်းနည်း သဘောပေါက်လာတာ”

“ငါ စိတ်မကောင်းပါဘူးဟာ။ နင့်လို ဆရာမအလုပ် ဝါသနာပါလွန်းသူမို့ပဲ။ ဒီက ကလေးတွေကတော့ မူကြို ကတည်းက ဆရာဝန်က တပြားမှမလျှော့ဘူး။ သူတို့ပဲပြောကြတာလေ။ စာမတတ်ရင် စက္ကူကောက်ရမယ် တဲ့။ ငါတို့ဆီမှာ မူကြိုတက်လို့ စာတွေရသွားတာတောင် ကျောင်းဝင်ရင် အတန်းပိုင်ဆရာမဆီမှာ ကျူရှင် ယူကြသေးတာ။ ဒါမှ ပထမရမှာ တဲ့။ ပထမနေရာဆိုတာ အတော်ဆုံးအတန်းမှာ ၁ဝ ယောက် ၁၅ ယောက် ထပ်နေတယ်ဆိုရင်ကော နင် ယုံမလား။ သူငယ်တန်းကတည်းက တစ်မှတ် နှစ်မှတ် ကပ်ပြိုင်နေကြတာပဲ”

“အောင်မယ်လေး … ဒီအရွယ်လေးတွေက ကျူရှင်နဲ့လား”

“သွားပြီ။ နင် တော်တော် ခေတ်နောက်ကျသွားပြီ။ ငါ့ကျောင်းက ကလေးတွေက တရုတ်လေးတွေ များတယ်ဟ။ ကျူရှင်က တခုတည်းတောင်မကဘူးနော်။ တရုတ်စာ ကျူရှင် ရှိတယ်။ အင်္ဂလိပ်စကားပြော ကျူရှင် ရှိတယ်။ ကျောင်းစာသင်တဲ့ ကျူရှင် ရှိတယ်။ ကဲ … နင်ဘာပြောမလဲ”

“ဘာမှမပြောပါဘူးဟယ်။ ငါ ကြောင်တောင်လာပြီ”

“ဒါကြောင့်ပြောတာပေါ့။ စာလည်းမတော်ပဲနေပါ့မလား။ ဒီလောက်ပြည့်စုံ နေတဲ့ဟာကို”

“အဲဒါ ခေတ်တရားပဲလားဟေ”

“ဒါတော့ ငါမသိဘူး။ အဲဒီအတိုင်းဖြစ်နေတာပဲ”

“ဟဲ့ … ဟိုမှာထောင်ထားတာ နင့် တပည့်ပုံလား။ ပြစမ်းပါဦး ကြည့်ရအောင်။ ချစ်စရာလေးဟ။ အက်စ်အီးနဲ့ ရိုက်ထားတာပါလား။ အောင်မယ် ဒီအနောက်က စာကြောင်းကရော သူကိုယ်တိုင် ရေးတာလား။ တယ်ဟုတ် ပါလားဟေ့။ လက်ရေးလည်း မဆိုးဘူး။ ဝတ်ထားတာကလည်း တကယ့်ကို အပျံစားပဲ။ ငါ့ကျောင်းက ကလေးတွေနဲ့များ ကွာပါ့။ ငါ့ကလေးတွေက တပတ်မှာတခါမှ ရေချိုးကြရဲ့လား မသိဘူး။ ညစ်ပတ် နံစော် နေတာပဲ။ သူတို့ ရေချိုးရင်လည်း ချောင်းထဲဆင်းချိုးပြီး ဒီအင်္ကျီပဲ ပြန်ဝတ်တာကိုးဟ။ အင်္ကျီအပိုတွေလည်း မရှိရှာဘူး ထင်ပါတယ်ဟာ။ ဆံပင်တွေကလည်း နီကြောင်လို့။ ဘယ်တော့မှ ဆီမထိတဲ့ခေါင်း။ သူတို့မှာ လှလှပပ ဝတ်ချင်စိတ်မရှိရဘူးလို့ ဘုရားက အမိန့်ချထားသလိုပဲ”

“နင်ဒီလိုပြောလို့ ငါ့ကလေးတွေအကြောင်းပြောရရင် မတရားပဲနေတော့မယ်။ သူတို့မှာ နိုင်ငံခြားကလာတဲ့ ကျောပိုးအိတ်နဲ့။ စီးတဲ့ဖိနပ်လေးတွေကလည်း လှမှလှ။ နှိပ်လိုက်ရင် သံစုံမြည်တဲ့ ကွန်ပါဘူးနဲ့။ အင်္ကျီ၊ စကတ်၊ ဘောင်းဘီဆိုတာတော့ ပြောမနေနဲ့”

“အေးဟေ့ … နင်မပြောတာပဲ ကောင်းတယ်။ ကြာရင် စိတ်မကောင်းလွန်းလို့ ငါသေသွားနိုင်တယ်။ ငါမသေ ချင်သေးဘူး။ ငါ့ကျောင်းက ကလေးတွေကို သံယောဇဉ်မပြတ်နိုင်ဘူး။ ဘယ်တော့မှလည်း ပြတ်မှာမဟုတ်ဘူး။ သူတို့လေးတွေနဲ့အတူ ဘဝကို ငါ ခံစားကြည့်ချင်သေးတယ်”

“ဘယ်လိုလဲ … ကလေးသံယောဇဉ်တင်ပဲလား”

“ဟား … ဟား။ နင့်မေးခွန်းကလဲ မင်းသမီးတွေ အင်တာဗျူးသလိုပါပဲလား။ ငါကတော့ အတွေးခေါင်တယ်ပဲ ပြောပြော၊ ငါမွေးတဲ့ကလေးကျရင် ဘယ်လိုစခန်းသွားရမလဲ မတွေးဝံ့တာနဲ့ပဲ ရင်လေးလွန်းလို့ အပျိုကြီးဘဝ ကနေ ဗိမာန်ဖြစ်နေတယ်”

“နင့်ကလေးကျရင်လား။ ငါပြောပြမယ်လေ။ ဘယ်ကလေးမျိုးဖြစ်မလဲဆိုတာ…”

“ဟိုး … ဆရာ။ တော်ပြီ။ ငါပြန်တော့မယ်။အလုပ်က သိပ်အားတာ မှုတ်ဘူး ”

* * * * *

(၁၉၉၀၊ အောက်တိုဘာလ မဟေသီမဂ္ဂဇင်းတွင်ပါရှိသော ဝတ္ထုကို ‘မှန်တင်ခုံပေါ်က နှင်းဆီပွင့်’ စာအုပ်မှ ကူးယူဖော်ပြပါတယ်)

သရုပ်ဖော် - ဝသုန်

1 comment:

ကိုချစ်ဖေ said...

လွန်ခဲ့သော နှစ်နှစ်ဆယ် ခန့်က ဒေါ်မိုးချိုသင်းရဲ့ က ကလေးငယ်ချစ်စဖွယ်ကို လာဖတ်သွားပါတယ် ခင်ဗျား
ခုထိလည်း ကလေးတွေ ဒီလိုပါပဲ တချို့ပိုတောင်ဆိုးသွားပြီ..အဲ့လို ၀ထ္ထုလေးမျိုးရေးချင်ပါ့ရဲ့.